Friday, July 29, 2016

အစက ပြန်ဖတ်

ချောစုသည် ရေပုံးလက်ကိုင်ကိုင်းကို လက်တစ်ဖက်မှကိုင် ကိုင်းမှာ ချည်ထားသော ကြိုးကို နောက်လက်တစ်ဖက် လက်ဖျားလေးနှင့် ရွရွလေး ဆုပ်ပြီး ရေတွင်းထဲသို့ ဖြည်းဖြည်းညင်သာ ချသည်။ ကြိုးလက်ကိုင်ထုံးလေးများကို မထိသယောင် ထိသယောင် ဖွဖွလေး အုပ်ကာ တစ်ဆစ်ချင်း လျှောချသည်။ ကြိုးထက်ဝက်ပင် ရေတွင်းထဲ မကျချင်သေးခင် ချောစု၏ ကြိုးသည် ကျော်စိုး၏ ကြိုးနှင့် ငြိလေ၏။ ကျော်စိုးသည် ရေတွင်းအောက်ခြေမှာ ကပ်ကပ်သာရှိသော ရေကို ပုံးထဲဝင်အောင် ကြိုးအား တုပ်ကာ တုပ်ကာ ဆွဲလှုပ် ထည့်နေရာမှ ရပ်လိုက်ရပြီး ချောစုအား မော့ကြည့်လိုက်သည်။ ချောစုသည် ကြိုးငြိနေသည်ကိုလည်း မရှင်း၊ ရေပုံးကိုလည်း ဆွဲမတင်။ ကျော်စိုးကိုသာ ငေးကြည့်နေလေသည်။ “မင်းသမီးရယ် ရုပ်ရှင်ရိုက်ရင် တခြားမှာသွားရိုက်ပါဟေ့၊ နောက်မှာ လူတွေ တန်းစီနေတယ်” ချောစု၏ နောက်မှ အလှည့်စောင့်နေသော အပျိုကြီး ညိုညိုက အော်လိုက်သည်။ ကျန်လူများက ဝိုင်းရယ်ကြသည်။
ချောစုသည် အလွန်ရှက်သွားသည်။ မျက်နှာထားကို ခပ်တင်းတင်းပြင်ပြီး မိမိအား စနောက်သူများကို စိတ်ဆိုးသည့်အခါများမှာ အော်နေကျအတိုင်း အသံကုန်ညှစ်အော်လိုက်မှ ရယ်သံများ ရပ်သွားသည်။ ချောစုအား သည်ထက်ပို၍မစနောက်ရ ဆိုသည်ကို ကျော်စိုးမှလွဲ၍ ကျန်ရှိသော ရေခပ်နေသူများက နားလည်ကြသည်။ ကျော်စိုးတစ်ယောက်သာ မကြုံဖူးသဖြင့် ချောစုအား အံ့သြတကြီးပြူးကြည့် နေမိလေသည်။ ချောစုသည် မိမိအားထိုသို့မျက်စိမလွှဲတမ်း ပြူးကြည့်နေသော ကျော်စိုးကို သတိထားမိလေသော် မဆွက အော်ထားသည်မှာ သူမဟုတ်သကဲ့သို့ ပွင့်အာခါစ နှင်းဆီပွင့်နှယ် တင့်တယ်ပြေပြစ်လှသော မိမိနှုတ်ခမ်းဖူးဖူးလေးကို ဖွင့်သယောင် မဖွင့်သယောင်ပြုပြီး ပြုံးပြလိုက်၏။ ကျော်စိုးသည် ပြန်ပြုံးပြရနိုး မပြရနိုး ဝေခွဲမတတ်ဖြစ်ကာ ခေါင်းတဆတ်ဆတ်သာညှိတ်မိ၏။ ချောစု၏ အခြေအနေအား စောင့်ကြည့်နေသော အပျိုကြီး ညိုညိုသည် ချောစုလုပ်သည့်အတိုင်း သူ့နှုတ်ခမ်းကို ယောင်ရမ်းပြီး လိုက်ဖွင့်မိသွားလေရာ သူ့နှုတ်ခမ်းလန်လန်က ချောစုတုန်းကလို ဖူးရွလှပမနေဘဲ ခပ်ပြဲပြဲသာဖြစ်သွားလေသည်။
ကျော်စိုးသည် သူ့ကြိုးကိုရော ချောစု၏ကြိုးကိုပါ ဆွဲတင်ပြီး ပုံးနှစ်ပုံးကို မြေပြင်ပေါ်ချကာ လိမ်နေသော ကြိုးနှစ်ပင်ကို ရှင်းသည်။  ချောစုသည် ကျော်စိုးနားထိုင်ကာ ကြိုးများကို ကူကိုင်ပေးသည်။ ထိုအခါ ကြိုးနှစ်ပင်သည် ပို၍သာ ရှုပ်လိမ်လေ၏။ အပျိုကြီး ညိုညိုသည် မိမိ ရေပုံးကို ရေငင်လိုက်၊ ပါလာသော ရေနည်းနည်းကို ကျောက်ပြားပေါ်ချထားသော ဒန်ရေအိုးခွက်နှစ်အိုးထဲ ဖြည့်လိုက်၊ ချောစုကို မျက်စောင်း တချက်ထိုးလိုက် ရေပြန်ငင်လိုက် လုပ်နေသည်။ ချောစုသည် အပေါ်ပိုင်း ဗလာကျင်းထားသော ကျော်စိုး၏ ညိုညိုမောင်းမောင်း ရင်ဘတ်ပေါ်မှ ရေနှင့်ချွေးရောစိုနေသော ကြွက်သားအဖုအထစ်များကို တလှည့်၊ မျက်ခုံးကောင်းကောင်းနှာတံစင်းစင်း မျက်နှာကျကို တလှည့် ခိုးခိုးကြည့်နေ၏။
အပျိုကြီးညိုညိုပင် ရေပြည့်၍ မျက်စောင်းတထိုးထိုး၊ ပါးစပ်မှလည်း မကြားတကြား ရေရွတ်ကာ ထွက်သွားပြီ၊ နောက်မှ အလှည့်ကျသူ အဒေါ်ကြီးတစ်ယောက်ပင် ရေငင်နေပြီ။ ချောစုနှင့် ကျော်စိုးကား ကြိုးဖြေ၍ မပြီးနိုင်သေး။ ကျော်စိုးသည် ရေတွင်းနှင့် မျက်စောင်းထိုးရှိ အမြဲတစေ ပိတ်ထားလေ့ရှိသော တိုက်အိမ်ကြီးမှာ မကြာသေးခင်ကမှ လာရောက်နေထိုင်သူဖြစ်သည်။ ရွာကလူများသည် ကျော်စိုးကို နေရင်းထိုင်ရင်း ကြည်ညိုကြသည်။ အရောဝင်လိုကြသည်။ ကျော်စိုးသည် ရုပ်ရည်သန့်ပြန့်သော မြို့သားဖြစ်ခြင်းတစ်ခုတည်းနှင့်ပင် ကြည်ညိုဖို့လုံလောက်နေပြီ။ အမှန်တော့ ကျော်စိုး၏ ဝတ်ပုံစားပုံကို ကြည့်ပြီးသာ မြို့သားဟုအလိုလို သတ်မှတ်လိုက်ကြခြင်းသာဖြစ်သည်။ ကျော်စိုးဟာဘာလဲ၊ ဘယ်ကလဲ၊ ခုလို မြို့နှင့် အလှမ်းဝေးလှသော ရွာလေးမှာ ဘာလို့လာနေလဲ၊ ရွာမှ ပြောင်းသွားသော တိုက်အိမ်ပိုင်ရှင်များနှင့် မည်သို့တော်စပ်သလဲ စသည်တို့ကိုလည်း မည်သူမှမသိကြ။ အဓိက ကျော်စိုးသည် ရွာမှာတစ်စီးတည်းရှိသော ဥက္ကဌ၏ဟိုင်းလပ်ကားထက် သားနားသော မှန်လုံမော်တော်ကားကိုစီးနိုင်သည်၊ သပ်သပ်ရပ်ရပ်ဝတ်စားသည်၊ တိုက်အိမ်ကြီးမှာနေသည်၊ သည်မျှသာဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် ခုလိုဝေးလံခေါင်သီသောရွာမှာ လာနေမှန်းတော့သိကြသည်။ ဘာအကြောင်းမှန်းတော့ မသိကြ။ မည်သို့ပင်ဆိုစေ ကျော်စိုးသည် သူဌေးဖြစ်ရမည်၊ ပညာတတ်ဖြစ်ရမည်၊ ဆွေကြီးမျိုးကြီးဖြစ်ရမည်။ သည်နေ့ ရေတွင်းမှာရေလာခပ်သည်ကိုပင် အထူးအဆန်းဖြစ်ကြရသည်။ ဥက္ကဌသည်ပင် ကျော်စိုးကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ တလေးတစားရှိသည် မဟုတ်လား။
ကျော်စိုး မော်တော်ကားမောင်းပြီး အိမ်ရှေ့မှဖြတ်ဖြတ်သွားတတ်သည်ကို ချောစုမြင်ဖူးနေသည်မှာ နွေမတက်ခင်ကတည်းကဖြစ်သည်။ ကျော်စိုးသည် တခါတခါ ရွာနှင့် မလှမ်းမကမ်းရှိ တောင်ခြေသို့ကားမောင်းသွားတတ်သည်။ တခါတခါ အတန်ငယ်လှမ်းသော မြို့ဘက်သို့တက်သွားတတ်သည်။ တခါတလေကျပြန်တော့လည်း ဝင်းထဲသို့ပင် မထွက်လာဘဲ တိုက်တွင်းမှာ အောင်းနေတတ်သည်။ တချို့ရွာသားများသည်  နွားကျောင်းရင်း ထင်းခွေရင်း ကျော်စိုးကို ဟိုဟိုသည်သည် နေရာများမှာ ကားရပ်ပြီး ငေးမောနေသည်ကို တွေ့ဖူးကြသည်။ ချောစုသည် ကျော်စိုးအိမ်ရှေ့မှ ဖြတ်သွားတိုင်းမှာ သီချင်းကို အသံမြှင့်ဆိုရသည်၊ အကြောင်းကိစ္စရှိသယောင်နှင့်  ခြံဝနားထွက် အရိပ်အရောင်ပြရသည်။ ကျော်စိုးကမူ အမြဲတမ်း ရှေ့တူရူသို့သာ ငေးငေးမောမောနှင့် ဘေးဘီကို မျက်လုံးပင်ဝေ့မကြည့်ဘဲ မညီမညာမြေလမ်းပေါ် ကားကိုတလိမ့်လိမ့်မောင်းပြီး ဖြတ်သွားတတ်မြဲ။ သင်္ကြန်တုန်းကလည်း ကျော်စိုးက ထွက်ပြီး ရေပက်နိုးနှင့် ကျော်စိုးအိမ်ရှေ့မှ အကြိမ်ကြိမ်ဖြတ်လျှောက်ဖူးသည်။ တခြားသော ကာလသားများနှင့် ကလေးများကသာ ချောစုကို အလွတ်မပေးဘဲ ရေပက်ကြသည် ကျော်စိုးအရိပ်အယောင်ပင် မမြင်လိုက်ရ။ ယခုမှသာ ကျော်စိုး၏ သတိထားမှုကို ရရလေ၏။
“ရပြီ” ကျော်စိုးက တစ်လိမ်တည်းသာကျန်တော့သော ကြိုးစွန်နှစ်ဖက်ကို မြေမှာထိုင်ချ ဖြေလိုက်ပြီး မော့မကြည့်ဘဲ ပြောကာ ချောစု၏ကြိုးကို လှမ်းပေးသည်။ ချောစုက ကျော်စိုးနှင့် မျက်နှာချင်းဆိုင်မှာ ဆောင့်ကြောင့် ထိုင်လိုက်ပြီး “ကျေးဇူးတင်တယ်နော်” ဟု ခပ်ပြုံးပြုံး ပြောကာ ကျော်စိုးလက်ထဲမှ ကြိုးကို ယူလိုက်သည်။ ကျော်စိုးသည် ချောစုမျက်နှာကို ခပ်မြန်မြန်တချက် ဖျတ်ခနဲ့ကြည့်ပြီး ခေါင်းညှိတ်ကာ ရေမပြည့်တပြည့်ဖြစ်နေသော သူ့ဂါလံပုံးတစ်ပုံးကို ပုခုံးပေါ်သို့မြှောက်ကာတင် လက်တစ်ဖက်နှင့် ထိန်းကိုင်ပြီး ကျန်တစ်ပုံးကို နောက်လက်တစ်ဖက်မှ ဆွဲကာ သုတ်သုတ်ထွက်သွားလေသည်။ ချောစုသည် ကျော်စိုးထွက်သွားရာ မျက်စိတဆုံးလိုက်ကြည့်ပြီးနောက် တိုက်အိမ်ထဲ ဝင်သွားသည်ကို မြင်မှ မိမိရေပုံးကို ရေတွင်းထဲသို့ ကျွမ်းကျွမ်းကျင်ကျင်ပင် ပစ်ချလိုက်သည်။ ရေပုံးသည် လျှောလျှောရှူရှူပင် အောက်ကျသွားလေသည်။
"ချောစု ညည်း တိုက်အိမ်ကကောင်လေးကို ကြိုက်နေပြီမလား" ဟု ဒေါ်ကြီးခင်သန်းက မေးရာ ချောစုသည် ရယ်ကျဲကျဲနှင့် "မကြိုက်ပါဘူး ဒေါ်ကြီးကလည်း" ဟုဆို၏။ ထို့နောက် စနောက်နေကြသည်များကို မကြားလေဟန် တစ်ယောက်တည်း ပြုံးစိ ပြုံးစိနှင့် ရေခပ်နေလေသည်။
ချောစုသည် ရေအိုးခွက်နှစ်အိုးထဲမှာ ရေငင်ထည့်၍ ပြည့်သွားသောအခါ တစ်ပုံးထပ်ငင်လိုက်ပြီး၊ ပါလာသော ရေထဲမှာ ကြိုးကို ခွေခေါက်ထည့်၊ ပုခုံးပေါ်မှာ တင်ထားသော အဖေ့ ပုဆိုးအဟောင်းကို ခွေပြီးခေါင်းပေါ်တင် ထိုအပေါ်ကမှ ရေအိုးကိုဆင့်၊ နောက်အိုးတစ်လုံးကို ခါးမှာတစ် လက်တစ်ဖက်နှင့် ထိန်းဖက်ပြီး ကျန်လက်တစ်ဖက်မှ ရေနှင့်ကြိုးရောပြည့်နေသော ပုံးကို ဆွဲကာ၊ လှုပ်လီလှုပ်လဲ့ ထွက်လာခဲ့သည်။ လက်နှစ်ဘက်လုံးက အလေးကို ဆွဲထား၊ ထိန်းထားရသောကြောင့် မကြီးလွန်းမသေးလွန်း တည်သီးအရွယ် တင့်တယ်လှသော ရင်သားများက ရေအနည်းငယ်စိုနေသော အင်္ကျီပါးပါးအောက်မှာ ထင်းထင်းကြွကြွ။ လုံချည်တိုတိုအောက်မှ ရေစိုစို ခြေသလုံးတုတ်တုတ်များက မရမ်းသီးအမှည့်သဖွယ် ဝင်းဝင်းပပ။ လည်ပင်းမှာနိုင်လွန်ကြိုးရှည်ရှည်နှင့် ချိတ်ဆွဲထားသော ကြေးသော့တစ်ချောင်းက ခြေလှမ်းလိုက်တိုင်း ရင်သားမို့မို့ပေါ် ဘယ်မှညာ ညာမှဘယ်သို့ ယိမ်းလှုပ်လျက်ရှိလေသည်။
ချောစုသည် ကျော်စိုးတို့ အိမ်ရှေ့အရောက်မှာ ခဏရပ် ခေါင်းပေါ်မှ ရေအိုးမခါယမ်းရအောင် ခေါင်းနှင့်ခါးကို မတ်မတ်ထားလျက်က ရေပုံးကိုလမ်းပေါ်ချပြီး မျက်လုံးကို ကျော်စိုးနေသောတိုက်အိမ်ဘက် ဝင့်ကြည့်ကာ နဖူးမှ စီးကျနေသော ချွေးကိုလက်နှင့် သုတ်သည်။ ထို့နောက် ပါးပြင်နှစ်ဖက်ကို အုပ်ကျနေသော ဆံပင်တိုတို မည်းမည်းနက်ကို သပ်လိုက်သည်။ ချောစု၏ ရှင်းသန့်လင်းလက်နေသော မျက်နှာအလှသည် ဆံပင်ကို တချက်အသပ်မှာ တိမ်ဖုံးရာမှ ဘွားခနဲ့ထွက်ပေါ်လာသော လမင်းသော်တာနှယ် ရှုမဝစဖွယ်ရှိလှသည်။ ဖြတ်သွားသော စက်ဘီးတစ်စီးနောက်မှာ ထိုင်ပါလာသော မိန်းမကြီးတစ်ယောက်က မိမိကို လည်ပြန်လှည့်ပြီး ငေးသွားသည်ကို ချောစုမြင်လိုက်ရသည်။ ချောစုသည် ထိုသို့အကြည့်ခံရသည်ကို ကျေနပ်သွားရာ အပြုံးပန်းကို မဖွင့်သယောင် ဖွင့်သယောင်နှင့် ကျော်စိုးတို့အိမ်ဘက်ကို နောက်တစ်ကြိမ်မျက်လုံးဝင့်ကြည့်ပြီး ရေပုံးကိုပြန်ကောက်ကာ လှုပ်လီလှုပ်လဲ့ ဆက်လျှောက်လေ၏။ ကျော်စိုး၏ အရိပ်အရောင်ကိုမမြင်ခဲ့ရသော်လည်း အိမ်ကိုမြင်ရလျှင်ပင် စိတ်ကျေနပ်နေပြီဖြစ်သည်။
ကျော်စိုးသည် ဂါလံပုံးအဝါကြီးကိုင်ပြီး အိမ်ထဲမှထွက်လာသည်။ ခြံဝရောက်သောအခါ မိမိအိမ်ရှေ့တွင် ရေပုံးအောက်ချပြီး ချွေးသုတ်နေသော ချောစုကိုမြင်၍ ခြေလှမ်းတန့်ကာ အိမ်ထဲပြန်ဝင်လိုက်သည်။ ချောစုထွက်သွားသည့်အခါမှ နောက်ကျောကို တချက်ကြည့်ပြီး ရေတွင်းဘက်သို့ ခပ်သွက်သွက်လှမ်းသွား၏။ သည်တစ်ကြိမ်မှာ အပျိုကြီးညိုညို၏ နောက်မှာ နေရာရသည်။ ညိုညိုက သူ့နောက်မှာ ကျော်စိုးတန်းစီလိုက်တော့ လှည့်ကြည့်ပြီး ပြုံးပြသည်။ ကျော်စိုးက ခေါင်းညှိတ်ပြန်ပြုံးပြသော် ညိုညိုက ကျော်စိုးလက်ကို တို့ကာ “ကောင်မလေးက ဝက်ရူးလေ” ဟု ပြောလိုက်လေသည်။ ကျော်စိုးသည် ရုတ်တရက် ညိုညိုပြောသည်ကို နားမလည်။ "ခင်ဗျာ" ဟု ပြန်မေး၏။ "ဝက်ရူးပြန်ရောဂါကို ပြောတာလေ အဲဒါ ကောင်မလေးမှာရှိတယ် ရေခပ်ရင်တောင် အနီးနားရှိတဲ့လူက သတိထားနေရတယ်၊ သူ့ဟာက ဘယ်ချိန်ဝက်ရူးပြန်မလဲ မသိနိုင်ဘူးလေ မတော် တွင်းထဲ ပြုတ်ကျရင် ဒုက္ခများမယ်မဟုတ်လား၊ ခုတော့ ရောဂါမထတာ ကြာပါပြီ၊ ဒီတိုင်းကြည့်ရင်တော့လည်း အကောင်းပေါ့၊ သန်သန်မာမာပဲလေ၊ ရုပ်ကလေးကလည်း ကြည့်ပျော်တော့ လူတွေက မသိကြဘူး" ညိုညိုသည် တတွတ်တွတ်နှင့် ပြောနေ၏။ ကျော်စိုးမှာ ခေါင်းတညှိတ်ညှိတ်နှင့်နားထောင်နေရင်းက ချောစု၏ လှပတင့်တယ်သော ရုပ်သွင်ကို မြင်ယောင်လျက် နှမြောတသဖြစ်ရသည်။ သနားစိတ်လည်း ဝင်ရသည်။
ချောစုသည် ရေအိုးထဲမှရေကို အိမ်နောက်ဖေး မိန်းမ ရေချိုးအင်တုံမှာထည့်လိုက်သောအခါ အင်တုံသည် ပြည့်လုပြည့်ခင်ဖြစ်သွားလေသည်။ ဘဲကန်ထဲမှာရော၊ နောက်ဖေး မီးဖိုချောင် ရေအင်တုံမှာရော ပြည့်ပြီးသွားပြီ၊ အိမ်ရှေ့မှ အဖေရေရေချိုးသော စဥ့်အိုးကြီးထဲမှာတော့ ရေထက်ဝက်သာရှိသည်။ နောက်ထပ် လေးငါးခေါက်လောက် သွားခပ်ရဦးမည်ထင်သည်။ ထိုစဉ် အမေ့ခေါ်သံကိုကြား၏။ “ချောစုရေ ရေမပြည့်သေးရင်လည်း မနက်မှထခပ်တော့ ထမင်းအိုးတည်ထားတာ တချက်ကြည့်ဦး” ဟု အမေကပြောလေသည်။ ချောစုသည် ရေအိုးနှင့် ပုံးကို ပြန်ချကာ နှုတ်ခမ်းကို အလှမပျက်ရုံလေး တချက်မဲ့ပြီး မီးဖိုထဲ ဝင်သွားသည်။ မိမိသဘောအရဆိုလျှင်တော့ ရေထပ်ခပ်ဦးမည်၊ ကျော်စိုးကို ထပ်မြင်ရဦးမည်။
မီးဖိုထဲမှာ အနည်းငယ်မှောင်စပြုနေပြီ။ အမေက ထမင်းစားပွဲဝိုင်းမှာထိုင်ပြီး ကင်ပွန်းရွက်သင်နေသည်။ ပိုးဖလံများသည် စားပွဲပေါ်ထွန်းညှိထားသော ဖယောင်းတိုင်မီးနားမှာ တဝဲဝဲ တအုံအုံ။ ပိုးဖလံတစ်ကောင်သည် ထိပ်မီးစာနားမှ အရည်ပျော်နေသော ဖယောင်းပူပူထဲကပ်ငြိနေရာ မသေမရှင်နှင့် တလှုပ်လှုပ် ရုန်းကန်နေသည်။ ချောစုသည် ထမင်းအိုးအဖုံးကို ဖွင့်ပြီး ယောက်မနှင့် တချက်မွှေကြည့်သည်။ ဆန်များသည် နဂိုရည်မပျက်တပျက်သာရှိသေးသည်။ ချောစုက ကြေးပြောင်းနှင့် မှုတ်လိုက်ရာ ထင်းမီးများ တဖျစ်ဖျစ်နှင့် တဝင်းဝင်းတောက်လာ၏။ "ပြီးရင် ရေသွားခပ်ရဦးမလား၊ ရေက မပြည့်သေးဘူး" ချောစုက မျှော်လင့်တကြီးမေးလိုက်သည်။ "တော်တော့ ဒီလောက်ဆိုရပြီ မတတ်သာလို့သာခိုင်းရတယ် ညည်းရောဂါနဲ့ မဖြစ်ဘူး" ဟု အမေကပြောလေရာ ချောစုသည် စိတ်မကျေမနပ်နှင့် ရှိလေ၏။

ချောစုသည် ကိုင်လက်စ လက်နှီးကို စားပွဲပေါ်တင်လိုက်ပြီး ပြတင်းပေါက်မှ အပြင်ကိုတချက်မျှော်ကြည့်သည်။ လိမ္မော်ရောင်တောက်နေသော တိမ်တို့ကို မြင်လေသော် ချောစုမျက်နှာ ဝင်းပသွား၏။ သည်လို တိမ်တောက်သော အချိန်မျိုးမှာ အကျည်းတန်သူပင် လှတတ်သည်။ ချောစုလို နဂိုလှသူကတော့ ဆိုဖွယ်ရာမရှိတော့။ တိမ်တောက်ချိန်မှာ ကိုယ့်လက်ကိုယ်ပြန်ကြည့်ရတာသည်ပင် ရွှေအဆင်းလို ဝင်းဝါနေတတ်သည်မဟုတ်လား။ သည်လိုအချိန်မှာ ဝတ်ကောင်းစားလှဝတ်ပြီး ရွာထဲ တစ်ပတ်လမ်းလျှောက်လိုက်ရလျှင် မြင်မြင်သမျှလူတိုင်းက ချောစုအလှကို ငေးကြည့်ရပေတော့မည်။ ကျော်စိုးရော ခုချိန်ဘာလုပ်နေပါလိမ့်။ ကျော်စိုးနှင့်အိမ်ထောင်ကျပြီးပါက ခုလိုအချိန်ဆို လင်မယားနှစ်ယောက် သူငယ်ချင်းမိတ်ဆွေတွေအိမ်ကို အလည်သွားရမည်။ ကျော်စိုးက ရုပ်ရှင်တွေထဲကလို ချောစု၏လက်ကိုဆွဲထားမည်လား၊ ပုခုံးကို ဖက်ထားမည်လား။ လင်မယား ပလူးပလဲ နေလို့ဆို သူများတွေက အတင်းပြောကြမည်လား။

“ညည်းမနက်က ထိုးတဲ့နှီးတွေ ရေသေချာစိမ်ထားရဲ့လား” အမေက မေးလိုက်သည်။ ချောစုသည် စိတ်ကူးဖြင့် သာယာနေတုန်းမှာ အမေက မအပ်မရာလာမေးရလေမလားဟု စိတ်ကွက်ပြန်သည်။ "စိမ်ပါတယ်" ဟု ခပ်ဆတ်ဆတ်ဖြေ၏။ အမေဟာ နေရောင်ခြည်ဝါဝင်းနေတာကိုလည်း မသိ၊ အလှတရားကိုလည်း နားမလည်၊ ဘယ်ကဘယ်လို ငွေရမလဲသာ ချောင်းနေတာပဲ၊ အလုပ်ဘယ်ကအပ်မလဲသာ မျှော်နေတာပဲ၊ တနေ့တနေ့ ဟင်းစားဘယ်က ခူးရမလဲသာ တွေးနေတာပဲ၊ လူ့ဘဝဆိုတာ ငွေရှာဖို့တစ်ခုတည်းမဟုတ်ဘူး၊ ထမင်းစားဖို့ လူဖြစ်နေတာမဟုတ်ဘူး၊ သဘာဝတရားကိုလည်း ခံစားတတ်မှ၊ စိတ်အစဉ်ကိုလည်း လွင့်ချင်တိုင်းလွင့်ခွင့်ပေးဦးမှ၊ တခါတလေ တယောက်တည်း ဘာမှမလုပ်ဘဲတွေးနေငေးနေဖို့အချိန်ရှိမှ ဘဝက နေရကျိုးနပ်တာ ဟု ရံဖန်ရံခါ ကြည့်ဖူးသော ရုပ်ရှင်ကားထဲမှ မင်းသားမင်းသမီးတို့ ပြောတတ်ကြသလို လိုက်တုတွေးနေမိသည်။ "မနက်ကျရင် အင်ဖက်တွေ ပြီးအောင်ထိုးထားဦး" ဟု အမေက ဆက်ပြောနေပြန်ရာ ချောစုသည် အမေ့နားနေချင်စိတ်ကုန်လှလေ၏။

ချောစုသည် အိမ်ရှေ့ရေကပြင်နားရှိ စံပယ်ရုံမှ ဖြူလွှလွှဖောင်းအာနေသော စံပယ်ငုံများကို ခူးကာ လက်ထဲကိုင်ထားသော ရေခွက်ထဲထည့်သည်။ ထို့နောက် အမေ ကင်ပွန်းရွက်သင်နေသောထမင်းစားပွဲနားမှာ ခွေးခြေနှင့် ထိုင်ကာ စံပယ်ဖူးများကို အပ်ခြည်ဖြူနှင့် သီနေသည်။ အမေကတော့ ကင်းပွန်းရွက်သင်နေရင်းမှ "အငယ်မက ကြာလိုက်တာ၊ ပြန်လာရင် ရေချိုးဖို့ ကျန်အောင်ထားဦး"၊ "မနေ့က မမြခင်တို့ဘက်မှာ ရေလာလှူတယ်တဲ့ ငတို့ဘက်လည်း လာမလားမသိဘူး"  စသည်ဖြင့် ရောက်တတ်ရာရာ ပြောနေသည်။ ချောစုကမူ အမေပြောသည်တို့ကို စိတ်မဝင်စား။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ကျော်စိုးနှင့် ဘုရားသွားပြီး စပယ်ပန်းလှူနေ၏။  "ဟေ့ ဟိုမယ်အိုးဝေကျပြီ " အမေက ကျောကို ရိုက်ပြီး ပြောမှ ထိုင်ရာမှထပြီး ဝေနေသော ထမင်းအိုးအဖုံးကို ယောင်ရမ်းလှမ်းဆွဲလိုက်ရာ လက်အပူလောင်ပြီး အဖုံးပြုတ်ကျကာ မြေပြင်မှာ ထမင်းလုံးတချို့ ပြန့်ကြဲသွားလေသည်။ ထိုအခါ အမေက စဉ်သွားသော ထမင်းလုံးများကို လိုက်ကောက်ရင်း "ဒီသမီးတကောင်နဲ့ ငါလည်း ဝဋ္ဋ်ပဲ၊ အသေလည်း ဖြောင့်မှာမဟုတ်ဘူး" စသည်ဖြင့် တတွတ်တွတ် ရေရွတ်နေလေသည်။ ချောစုသည် အမေထိုသို့ပြောတိုင်း စိတ်လည်းဆိုး စိတ်လည်းအားငယ်တတ်၏။ သို့သော် ကြာရှည်တော့လည်း အမှတ်သည်းခြေရှိသည်မဟုတ်။

ချောစုသည် သီထားသော စပယ်ပန်းနှစ်ကုံးကိုယူပြီး အိမ်ပေါ်ထပ်အိပ်ခန်းသို့တက်လာသည်။ ပန်းကုံးများကို မှန်တင်ခုံမှာ တင်ပြီး ခါးမှထဘီကို ရင်လျှားပြင်ဝတ်သည်။ အတွင်းခံများနှင့် အင်္ကျီကို ချွတ်လိုက်သည်။ ကိုယ်လုံးထက်ဝက်မြင်ရသော မှန်ထဲမှာ မိမိကိုယ်ခန္ဓာကို လှည့်ပတ်ကြည့်သည်။ လက်ယာဘက် လက်မောင်းအတွင်းသားနှင့် ဂျိုင်းတဝိုက်မှာ ရေအိုးရွက်ရသောအရှိန်ကြောင့် နီရဲနေလေသည်။ ထဘီကို အနည်းငယ်ဖြေလျှော့၍ ရင်သားများကို ကြည့်မိသော် ခါတိုင်းလိုဝင်းဝါမနေဘဲ နီစွေးနေလေရာ သွယ်ပျောင်းသော်လည်း အတန်ငယ်ကြမ်းရှနေသော လက်ချောင်းလေးများနှင့် ဖွဖွထိကာ စုတ်တသပ်သပ်လုပ်သည်။ ထို့နောက် မျက်နှာသုတ်ပုဝါကို ကိုယ်မှာလွှမ်း ရေချိုးပြီး ဝတ်မည့်ထဘီ၊ ချွတ်လိုက်သော အင်္ကျီနှင့် အတွင်းခံ ဘော်လီနှင့် အတွင်းခံ စကတ်များကို လက်မှကိုင်ပြီး အိမ်အောက်ဆင်းလာသည်။ နောက်ဖေးအင်တုံမှာ အဝတ်များကို အရင်လျှော်၊ အနားက ကြိုးတန်းမှာ အင်္ကျီနှင့် ဘော်လီကိုလှမ်း၊ ထရံနားက ဝါးလုံးတန်းမှာ အတွင်းခံစကတ်ကိုလှမ်းပြီး ရေချိုးသည်။ ဝတ်ထားသော ထဘီကိုတော့ ရေချိုးရင်းပင် ဆပ်ပြာအနည်းငယ်ပွတ်ပြီး လျှော်လိုက်သည်။ အမေသည် ကင်းပွန်းရွက်သင်ပြီး၍ ချဉ်ရည်တစ်အိုးချက်နေလေပြီ။ ပါးစပ်မှလည်း ပွစိပွစိက ရေရွတ်နေတုန်း။ ချောစုရေချိုးနေသည်ကိုလည်း သုံးလေးခေါက်ထွက်ကြည့်ပြီး မပြီးသေးဘူးလား မြန်မြန်လုပ် စသည်ဖြင့် ပြောနေ၏။ ချောစုသည် ရေချိုးပြီးသောအခါ အိမ်ပေါ်ပြန်တက် သနပ်ခါးသွေးလိမ်းပြီး အဝါရောင်ဖျော့ဖျော့ အင်္ကျီပါးပါးလေးနှင့် လုံချည်အညိုရောင်ကိုဝတ်ကာ စပယ်ကုံးတစ်ကုံးကို လည်ပင်းမှာ ဆွဲလိုက်သည်။ ထို့နောက် အိမ်ရှေ့မြောင်းကျော်ခုံတန်းလေးမှာ ထိုင်ကာ အငယ်မပြန်အလာကို မျှော်၏။

အငယ်မသည် အဖေနှင့် ဆိတ်ကျောင်းနွားကျောင်းလိုက်ရသည်။ ချောစုငယ်စဉ်ကတော့ နှစ်ကြိမ်လိုက်သွားဖူးသည်။ ပထမ အကြိမ်က ချောချောရှူရှူရှိသော်လည်း ဒုတိယအကြိမ် အခုလို နွေရာသီ ရေရှားပါးချိန်မှာ ရာသီဥတုကပူ၊ ဖုံကတထောင်းထောင်းထ၊ နွားများ ဆိတ်များကလည်း ရေငတ်၍ မောလျနေရသည့်အထဲ ချောစုရောဂါသည်း၍ အဖေချီပိုးကာ အိမ်ပြန်လာရသည်။ ထိုစဉ်ကတည်းက ချောစုကို နွားကျောင်းဖို့ မခေါ်တော့ချေ။ မနက်ပိုင်းတွင် နွားစာခွက်ဆိတ်စာခွက်ရေဖြည့်ရသည်၊ ဘဲများကြက်များကို ခြံထဲမှထုတ်ပေးရသည်၊ ကြက်ခြံထဲမှကြက်ဥသိမ်းရသည်၊ တခြံလုံးလည်ပြီး ဥချင်သလိုဥထားသော ဘဲဥလိုက်ကောက်ရသည်။ နေ့လယ်နေ့ခင်းဆိုလျှင် အိမ်အောက်မှာထိုင်ပြီး အင်ဖက်ထိုးရသည်၊ နှီးဖြာရသည်၊ အမေနှင့် ထမင်းဟင်းကူချက်ရသည်၊ တွင်းမှ ရေငင်ပြီး စဥ့်အိုး အင်တုံတို့မှာ အပြည့်ထည့်ရသည်။ ယခုလို အိမ်ရှိရေတွင်းမှာ ရေခမ်းလျှင်တော့ ကျော်စိုးတို့အိမ် မျက်စောင်းထိုးရှိ အရပ်သုံး ရေတွင်းမှာ ရေသွားခပ်ရသည်။ အရင်တုန်းကတော့ နွေရောက်တိုင်း၊ သင်္ကြန်ပြီးသည်နှင့် အဝေးမှာ ရေသွားခပ်ရတာကို မုန်းလှသည်။ ဒီနေ့တော့ဖြင့် ချောစု စိတ်ပြောင်းခဲ့ပြီ။ ရေတွင်းသို့သာ သွားချင်နေ၏။ တဖန် မိန်းကလေးဆိုတာ အိနြေ္ဒနဲ့ နေရတယ်ဟု အမေ မကြာခဏပြောသည်ကို သတိရပြန်ကာ စိတ်ကိုချုပ်တီးထားပြန်သည်။ "နောက်တော့လည်း နေ့တိုင်းတွေ့ရမပေါ့… တချိန်ချိန်ကျ သူနဲ့ကိုယ်နဲ့ ယူတော့လည်း ယောင်နောက်ဆံထုံးပါရတဲ့အခါ သူတို့တိုက်အိမ်မှာပဲ နှစ်ယောက်အတူ ရေဖြည့်မပေါ့…" စသည်ဖြင့် လင်ခန်းမယားခန်း စိတ်ကူးယဉ်နေလေသည်။

ခြံစည်းရိုးမှာ ဖွေးဖွေးလှုပ်ပွင့်နေသော ဇီဇဝါရနံ့သည် တချက်တချက် သင်းပျံ့လာသည်။ တိမ်တို့သည် လိမ္မော်သွေးမှ အနီရင့်ဘက်ကိုပင် လုနေပြီဖြစ်သည်။ နေ့ခင်းပိုင်းက ကျဲကျဲတောက်နေသော နေသည် အပူအားလျော့ကာ အနောက်ဂေါယာသို့ ငုပ်လျှိုးလေပြီ။ လေကလည်း အေးအေးမြမြရှိသည်။ ကောင်းကင်မှာ အိပ်တန်းပြန်သော ဗျိုင်းတို့က မြောက်ဘက်သို့ အုပ်လိုက် ပျံနေကြသည်။ ထိုစဉ် ခပ်လှမ်းလှမ်းမှ ဖုံအဆုပ်လိုက်နှင့် နွားတစ်အုပ်လာနေသည်ကို လှမ်းတွေ့လိုက်သည်။ အငယ်မသည် နှင်တံကို ဟိုသည်ယိမ်းပြီး နွားများဘေးမှပါလာသည်။ အငယ်မနောက်မှာ ဆိတ်များလိုက်လာကြသည်။ အဖေ့ကိုမူ မတွေ့ရသေး။ အဖေသည် ထုံးစံအတိုင်း ရွာထိပ်အရက်ဆိုင်မှာ တစ်ခွက်တစ်ဖလား ဝင်သောက်ပြီးမှ အေးအေးလူလူ လျှောက်လာလိမ့်မည်။ အရက်ဆိုင်သည် ကျေးရွာဥက္ကဌ၏ သမက်ဖွင့်ထားသော အရက်ဆိုင်ဖြစ်သည်။ ညနေဆိုလျှင် လူစုံတတ်သည်။ ဥက္ကဌ အပါအဝင် တစ်ရွာလုံးရှိ ယောက်ျားများသည် အရက်သောက်သောက် မသောက်သောက်  အရက်ဆိုင်မှာ စုဝေးပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဘောလုံးပွဲ စသည်တို့ကို ပြောဆိုတတ်ကြသည်။ အမေကတော့ အရက်ဆိုင်ကို လုံးဝ သဘောမကျ။ ငွေကုန်တယ် ဆိုင်ရှင်ပဲဌေးပြီးရင်းဌေးနေတာ၊ အရက်တွေဟာလည်း ဘယ်လို အရက်တွေမှန်းတော့မသိ၊ စွဲသောက်ပြီး ခဏနေ သေကြတာပဲ တို့အဘများ တသက်လုံး အရက်ချက်သောက်သွားတာ အသက် ကိုးဆယ်ကျော်ထိ ဒေါင်ဒေါင်မြည်ပဲ၊ ဆိုင်က အရက်တွေကတော့ အလွယ်သာရတာ ငယ်ငယ်ရွယ်ရွယ် သေကြတယ် ရှင်သေသွားရင် ကလေးနှစ်ယောက်နဲ့ ကျုပ်ပဲ ဒုက္ခရောက်ကျန်ရစ်မယ် စသည်ဖြင့် ပြောတတ်၏။ အဖေသည် များများစားစားသောက်သည်တော့လည်း မဟုတ်။ သို့သော်လည်း မကြာမကြာ ငှက်ဖျားထတတ်ရာ အမေသာမဟုတ် ချောစုတို့ကိုယ်တိုင် အဖေသေသွားမှာကိုတော့ ကြောက်ကြသည်။

ချောစုက ထိုင်ရာမှထပြီး အငယ်မဆီ လျှောက်သွားမည်ဟု ကြံလိုက်စဉ်မှာပင် ကျော်စိုး၏ ကားကိုမြင်၏။ ကျော်စိုးသည် နဂိုကမှ မြေမညီလွန်းသောလမ်းမှာ ကားကို မသက်မသာ မောင်းရသည့်အထဲ ချောစုတို့၏ နွားအုပ်က လမ်းမှာ ပိတ်နေရာ ကားကို ရပ်ပြီး စောင့်နေရလေသည်။ ချောစုသည် အငယ်မလာရာဘက် မသွားတော့ဘဲ ကျော်စိုး၏ ကားရှိရာသို့ လျှောက်သွားလိုက်၏။ ကျော်စိုးသည် ချောစုကို မြင်လျှင် မှတ်မိအသိအမှတ်ပြုသည့် အနေဖြင့် ကားမှန်တံခါးကို ဖွင့်ပြီး ပြုံးပြလေသည်။ ချောစုသည် ကျော်စိုးရေတွင်းမှာတုန်းကလို ရှက်ရွံ့မနေတော့သည်မို့ အနည်းငယ် ရဲတင်းလာကာ "ဘယ်သွားမလို့လဲ" ဟု မေးလိုက်လေ၏။ "မြို့ငယ်ဘက်သွားပြီး ဆီထည့်မလို့" ဟု ကျော်စိုးက ပြုံးရယ်လျက်ပင် ပြန်ဖြေ၏။ ရွာနှင့် အနီးဆုံးရှိ မြို့ကို ရွာမှလူများ ခေါ်နေကျအတိုင်း မြို့ငယ်ဟု ခေါ်မှန်း ကျော်စိုးသိထားပြီးဖြစ်သည်။ "ခဏနော် နွားတွေက များတော့ လမ်းပိတ်နေပြီ" ဟု ချောစုက ပြောလိုက်သည်။ ထိုအခါ "နွားနို့ ရောင်းလား" ဟု ကျော်စိုးက မေး၏။ "နွားနို့တော့ မရောင်းဘူး နွားလေးတွေ စို့တယ်လေ သောက်ချင်ရင် လာပို့ပေးမယ်" ဟု ချောစုက ဝမ်းသာအားရ ဖြေလေသည်။ "မနက်ကျ လာပို့ပေးလေ ပိုက်ဆံပေးပါ့မယ်" ဟု ကျော်စိုးက ပြောသည်။ ထိုစဉ် အငယ်မသည် ကျော်စိုးကားနားမှာ ရပ်စကားပြောနေသော ချောစုကို တကြည့်ကြည့်နှင့် နွားများကို ဝင်းထဲသို့မောင်းသွင်းသွားလေ၏။ လမ်းပေါ်မှာ နွားများကုန်တော့ ကျော်စိုးလည်း ချောစုကို လက်ပြပြီး ကားမောင်းထွက်သွားလေသည်။ အငယ်မသည် ချောစုကို ကျော်စိုးအကြောင်း စပ်စုလိုနေ၏။ ချောစုကလည်း ရေတွင်းမှာ ကြိုးငြိကြောင်း၊ ခုပြန်တွေ့တော့ ကျော်စိုးက နှုတ်ဆက်ကြောင်း စသည်တို့ကို အငယ်မအား ပြောပြချင်နေသည်။ ညီအစ်မ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အဓိပ္ပာယ်ပါပါကြည့်ရင်း အမေ မလစ်သေး၍ စောင့်နေကြရလေသည်။

အဖေ ပြန်လာပြီး၊ ရေမိုးချိုးပြီးတော့ ချောစုနှင့် အငယ်မက ထမင်းစားဖို့ ခူးခပ်ကြရသည်။ "ပူလိုက်တာနော် မိုးကလည်း မရွာနိုင်တော့ဘူး" ဟု အငယ်မက ပြောလေသည်။ "အေးလေ ခါတိုင်းဆို သင်္ကြန်မတိုင်ခင်လည်းရွာတယ် သင်္ကြန်ပြီးလည်း ခဏတဖြုတ်ရွာသေးတယ်" ဟု အမေက ပြော၏။ "လွန်ဆွဲဖို့ဆိုလား နောက်ပတ် ကိုအောင်ကိုတို့ အလှူပြီးမှဘုန်းကြီးကျောင်းမှာ စည်းဝေးကြဦးမယ်" ဟု အဖေက မီးဖိုထဲဝင်လာရင်း ပြောလိုက်သည်။ အဖေသည် ထမင်းဝိုင်းတွင် အရက်ဆိုင်မှကြားလာသည်များကို ဖောက်သည်ချတတ်သည်။ "ဟုတ်လား ကောင်းတယ် လွန်ဆွဲစရာမလိုတာတောင်ကြာပြီ၊ ဒီနှစ် ဘလိုဖြစ်တယ်မသိ ပူလွန်းတယ်၊ ဆွဲမှပါပဲ မိုးက ဒီတိုင်းဆို ရွာဦးမယ်မဟုတ်" ဟု အမေက ပြောသည်။  "မနေ့ကလေ မမြခင်တို့ရွာဘက်ကို ရေလာလှူသတဲ့ ဒီဘက်ရော လှူမယ်ပြောသံကြားမိသေးလား" ဟု ဆက်မေးသည်။ အဖေက ထမင်းလုတ်ကို ပါးစပ်ထဲထည့်လက်စမှ ခေါင်းယမ်းပြသည်။ အဖေ့ မျက်နှာတစ်ပြင်လုံး ချွေးသီးနေသည်၊ ထမင်းလုတ်ကို သုံးလေးခေါက်ဝါးပြီး မျိုချလိုက်သည်၊ ကင်ပွန်းချဉ်ဟင်းရည်ကို သုံးဇွန်းဆက်တိုက်ခပ်သောက်သည်၊ ပြီးမှ "ပြောသံတော့ မကြားမိဘူး လာလှူလည်း ရမှာပေါ့" ဟု ပြောလိုက်သည်။ "ဒီနားတွင်းက ခမ်းနေပြီ ဘုန်းကြီးကျောင်းတွင်းမှာတော့ ရှိသေးတယ် ဒါပေမဲ့ အဲဒီတွင်းက သောက်မကောင်းဘူး၊ နောက်ပတ်လောက်မှ မရွာရင်လည်း ရှိသမျှ အိုးခွက်တွေ အပြည့်ဖြည့်ပြီး သောက်ရေချန်မှရမယ် ကျွန်မက သောက်ရေပြတ်မှာပဲစိုးတာ သုံးတာချိုးတာက ဘုန်းကြီးကျောင်းမှာ သွားချိုးလို့ရတယ်" ဟု အမေကပြောလိုက်သည်။

ထမင်းစားပြီးကြလျှင် အဖေက ရေဒီယိုတစ်လုံးနှင့် အိမ်ပေါ်ထပ်ဝရံတာမှာထိုင်တတ်သည်။ အငယ်မနှင့် ချောစုက အိုးခွက်ပန်းကန်များကိုဆေးကြမည်။ အမေကတော့ မီးဖိုချောင်မှာ ဆန်အိုး၊ ဆီအိုးများကို ကြွက်မဝင်ရအောင် ဖုံးပြီး ကျောက်တုံးနှင့်ဖိ၊ စားစရာအကျန်များကို ကြောင်အိမ်ထဲထည့်သိမ်းတန်သိမ်း၊ ပစ်တန်ပစ် ရှင်းလင်းပြီးနောက် အဖေ့နားမှာ တင်ပျဉ်ခွေထိုင်၊ ကွမ်းအစ်ကြီးကို ပေါင်ကြားတင်ပြီး ကွမ်းသီးညှပ်လိုက် ကွမ်းယာစားလိုက်နှင့် အဖေ့ကို ဟိုမေး သည်မေး ငွေရစရာများကိုပြောကြဆိုကြ၊ တခါတလေ ငြင်းကြခုန်ကြ စကားများကြနှင့် ခဏနေလျှင် နှစ်ယောက်လုံး ငိုက်မြည်းပြီး အိပ်ရာဝင်ကြလိမ့်မည်။ ထိုအချိန်သည် ချောစုတို့ ညီအစ်မနှစ်ယောက် တီးတိုးတွတ်ထိုးဖို့ အချိန်ကောင်းဖြစ်၏။

အငယ်မသည် ခြံစည်းရိုးကိုမှီ၊ ကိုယ်ကိုလမ်းဘက်လှည့်ပြီး ခုံတန်းပေါ်မှာ ခြေထောက်နှစ်ဖက်လုံးတင်ကာ တင်ပျဉ်ခွေထိုင်နေသည်။ ချောစုသည် အငယ်မခြေထောက်နား ကပ်နိုင်သမျှကပ်ထိုင်ရင်း ရေတွင်းမှာ ကြိုးငြိသည့်အကြောင်း၊ မနက်ကျနွားနို့ ကျော်စိုးထံ ပို့လိုသည့်အကြောင်းများကို ပြောပြနေသည်။ အငယ်မသည် ချောစုပြောနေသည်များကို စိတ်လည်းဝင်စား၊ စိတ်လည်း ပူလျက် နားထောင်နေ၏။ ကျော်စိုးဟာ လူချောလူခန့်ဆိုတာလည်း ဟုတ်ရဲ့၊ ငွေကြေးပြည့်စုံပုံလည်းပေါ်ရဲ့၊ ပညာတတ်မြို့သားလည်း ဖြစ်ဟန်တူရဲ့၊ ချောစုကြိုက်နေသည်ကို ကန့်ကွက်စရာတော့လည်း မဟုတ်၊ သို့သော် ချောစုကို ကျော်စိုးက ပြန်ကြိုက်မည်လော၊ ချောစုရောဂါအကြောင်း သိသွားပါက မည်သို့ရှိမည်နည်း၊ အတည်မကြံဘဲမဖွယ်မရာလုပ်လျှင် ဒုက္ခ စသည်ဖြင့် တွေးတောနေ၏။ ချောစုကတော့ မိမိရောဂါအကြောင်း မည်သို့မှ ခေါင်းထဲထည့်ပုံမပေါ်။ ကျော်စိုးကိုကြိုက်သည်၊ ကျော်စိုးကိုယူမည်၊ ကျော်စိုးနောက်လိုက်သွားမည် ဆိုတာထက် ပိုမစဉ်းစား။ စဉ်းစားရကောင်းမှန်းလည်းမသိ။

"မြို့သားတွေက လူလည်တွေနော် နင့်ကို ဗိုက်တလုံးနဲ့ ထားခဲ့ ဘယ့်နှယ့်လုပ်ကြမလဲ" ဟု အငယ်မက ပြောလိုက်သည်။ ချောစုသည် ခေတ္တမျှ တွေဝေသွား၏။ ဗိုက်ကြီးသည့်ကိစ္စကို ချောစု တစ်ခါမှ မစဉ်းစားဖူး။ လင်မယားဆိုလျှင်ဗိုက်ကြီးသည် ဆိုတာလောက်သာ သိသည်။ တကယ်တော့ အငယ်မကိုယ်တိုင်လည်း ကြားဖူးနားဝ သူများပြောသလိုသာ ပြောလိုက်သည် အဆိုပါ ဗိုက်တစ်လုံးဖြစ်လာဖို့ မည်သို့မည်ပုံပြုလုပ်ရသနည်း ဘယ်လိုအဆင့်တွေလိုသနည်း စသည်တို့ကို သိသည်မဟုတ်။ ချောစုသည် ဗိုက်ကြီးခြင်းကိစ္စကို စိတ်ဝင်စားလာ၏။ ထုံးစံအတိုင်း အေးအေးဦး အေးအေးဦးကို မေးဖို့စိတ်ကူး၏ ချောစုတို့အိမ်မှာ ကိုယ်ခန္ဓာဖွံ့ဖြိုးလာ၊ အပျိုဖြစ်လာသည်ကိုပင် စကားနှင့်ထည့်ပြောလေ့ရှိသည်မဟုတ်။ ရင်သားအနည်းငယ်ထွက်လာတော့ အမေက ရော့ ဒါကို အောက်ကခံဟုပြောပြီး အတွင်းခံအင်္ကျီဝတ်ခိုင်းသည်၊ ချောစုက မည်သို့မှ မမေးမြန်းဘဲ ယူဝတ်လိုက်သည်၊ ထိုသို့ဝတ်ထားသည်ကို နှစ်ဝိုင်းကျော်မှ အေးအေးဦး မြင်မှ အပျိုဖြစ်ခြင်းအကြောင်း၊ မိန်းကလေးများ အရွယ်ရောက်က ဓမ္မတာအရ ရာသီသွေးပေါ်သည့် အကြောင်းများကို အေးအေးဦးထံမှ ကြားရသည်။ ထိုသို့ကြားရပြီး မကြာမီမှာ အေးအေးဦး အပျိုဖြစ်သည်။ အေးအေးဦး အပျိုဖြစ်သည်ကို တစ်ရွာလုံးသိ၏။ သိဆို အေးအေးဦး အပျိုဖြစ်ပြီး နောက်နှစ်ရက်မှာ ဥက္ကဌအိမ်မှာ အန္တရာယ်ကင်း ပရိတ်နာသည်၊ နာရခြင်းအကြောင်းက အေးအေးဦးသည် အပျိုဖြစ်နေစဉ် ဥက္ကဌ၏အိမ်ဝင်းထဲသို့ ဝင်မိ၍ဖြစ်လေသည်။

"ရှက်ဖို့ကောင်းလိုက်တာ ချောစု နင်လည်း သတိထားနော် ကျော်မကောင်းကြားမကောင်း ပရိတ်နာနေရမယ်" ဟု အမေက ပြောသည်။ ထိုနောက်ပိုင်းမှာ ချောစုကို ပြောမရဆိုမရပါကလည်း "နင်ကောင်းကောင်းနေနော် အပျိုဖြစ်ရင် သူများတွေကို လည်ပြောပစ်မယ်"၊ "သူများအိမ်တွေလျှောက်လည်မနေနဲ့ တော်ကြာသူများအိမ်မှာ ဖြစ်သွားလို့ လျော်နေရမယ်" စသည်ဖြင့် ခြိမ်းခြောက်တတ်လာ၏။ ချောစုသည် အပျိုဖြစ်တုန်း သူများအိမ်ဝင်က ဝင်မိသောအိမ်ကို ခိုက်တတ်သည် လျော်ရသည် ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ပေးရသည် ထို့ကြောင့် မိမိကလှည့်ကျ သတိထားရမည်ဟု စွဲမှတ်ခဲ့ရ၏။ အပျိုဖြစ်က မည်သို့မည်ပုံ ဖြစ်တတ်သည်၊ မည်သို့ပြုလုပ်ရမည်တို့ကို အေးအေးဦးအား မေးမြန်းရသည်။ ညမှာဖြစ်တတ်သည် အိပ်ရာခင်းတွေပေတတ်သည် စသည်ဖြင့် အေးအေးဦးပြောထားသောကြောင့် အပျိုမဖြစ်မီ တစ်ပတ်ခန့်ကတည်းက မိန်းမကိုယ်မှာ အနည်းငယ် ထူးခြားစပြုသည့်ချိန်မှစ၍ ညအိပ်ခါနီးမှာ အေးအေးဦးသင်ပြထားသည့်အတိုင်း ထဘီအစုတ်ကိုအရွယ်တော်ဖြဲပြီးခေါက် သားရေပင်၊ တွယ်ချိတ်တို့နှင့် တွယ်ပြီး အောက်မှာခံအိပ်ရသည်။ ထို့ကြောင့်လည်း တကယ်တမ်း ဖြစ်လာတော့ အမေမသိ။  အမေက သူများကို လည်ပြောမည်စိုးသောကြောင့် အသိလည်း မပေးရဲ။ အရာရာကို အေးအေးဦးနှင့်သာ တိုင်ပင်ရသည်။ နှစ်လခန့်အကြာမှသာ ရာသီလာနေတုန်း ချောစု ရောဂါပေါ်လာ၍ သတိမေ့သွားမှ ချီဟယ်ပိုးဟယ်နှင့် အမေသိသွားခြင်းဖြစ်သည်။

"ဗိုက်ဘလိုကြီးလဲ နင်သိလား" ချောစုက အငယ်မကို မေးလိုက်သည်။ "ငါက ဘလိုလုပ်သိမတုန်း ငါ့မှာလင်ရှိတာမှမဟုတ်တာ" ဟု အငယ်မကဆို၏။ "အေးအေးဦး သိမလားပဲ မေးကြည့်ရအောင်" ဟု ချောစုက ပြောလိုက်သည်။ အငယ်မက သဘောတူရာ ညီအစ်မနှစ်ယောက် အေးအေးဦးတို့ ဝင်းဘက်သို့သွားကြ၏။ အေးအေးဦးတို့အိမ်မှာ မောင်အငယ်ဆုံး ထွန်းထွန်းဦး၏ စာအံသံကို ခပ်တိုးတိုး ကြားရသည်။ ထွန်းထွန်းဦးသည် ဖယောင်းတိုင်ကို ပြတင်းပေါက်ဘောင်မှာ နှစ်ချောင်းပြိုင်ထွန်းပြီး စာအံနေသည်။ ထွန်းထွန်းဦးသည် ကျောင်းပြန်ဖွင့်လျှင် ခုနစ်တန်းတက်မည်ဖြစ်၏။ အခုကတည်းက ခုနစ်တန်းစာကို ကြိုကျက်နေခြင်းဖြစ်သည်။

ချောစုတို့တုန်းကတော့ ရွာမှာ ကျောင်းကမူလတန်းထိသာရှိသည်။ လေးတန်းအောင်ပါက မြို့ငယ်ရှိ အထက်တန်းကျောင်းသို့ သွားတက်ရသည်။ ချောစုနှင့် အငယ်မ အပါအဝင် တော်တော်များများက လေးတန်းရောက်သည်နှင့် အောင်အောင် မအောင်အောင် ကျောင်းနှုတ်ကြသည်သာ။ မိုးတွင်းကျောင်းဖွင့်ချိန်မှာ မြို့ငယ်သို့သွားဖို့ကလည်း အခက်အခဲရှိသောကြောင့် တော်ရုံတန်ရုံမည်သူမှ မတတ်နိုင်ကြ။ ယခုတောင် ရွာမှာ တတ်နိုင်သူများက ဆိုက်ကယ်လေး ဘာလေးဝယ်စီးနိုင်သော်လည်း ဆောင်းတက်ပြီး နွေကုန်သည်ထိသာ မြို့ငယ်သို့ အလွယ်တကူ သွားလာနိုင်ခြင်းဖြစ်သည်။ ချောစုတို့ ငယ်ငယ်ကတော့ နွေမိုးဆောင်းသုံးရာသီလုံး ခက်ခက်ခဲခဲသွားမှသာ မြို့ငယ်သို့ရောက်ရ၏။ မိုးတွင်းဆိုလျှင် လမ်းမှာရေမြုပ်သောကြောင့် လှေတစ်တန် လှည်းတစ်တန်စီး၊ လမ်းမရောက်မှ ဖြတ်သွားဖြတ်လာ ခရီးသည်တင် ဘတ်စကားများကို တားစီးပြီးလိုက်သွားမှ မြို့ငယ်သို့ရောက်၏။ တခါတရံ မိုးအလွန်သည်းပြီး ရေစီးပြင်းပါက လမ်းခုလပ်ရွာတစ်ရွာရွာမှာ ခရီးတထောက်ဝင်နားကြရသည်။ ထိုစဉ်တုန်းကတော့ ရွာက ယခုထက်အများကြီး ပိုခေါင်သည်။ လမ်းတလျှောက်ရှိ ရွာအသီးသီးမှ ဆရာတော်များဦးဆောင်၍ ကိုယ်ထူကိုယ်ထ လမ်းခင်းလိုက်ပြီးမှသာ မြို့ငယ်ကို ယခုလို နာရီဝက်ကားစီးရုံနှင့် ရောက်နိုင်ခြင်းဖြစ်သည်။ ထိုအခါမှ ဥက္ကဌသမီးလည်း မြို့ငယ်သားနှင့်အိမ်ထောင်ကျသွားကာ ရွာမှာ ကုန်စုံဆိုင် အရက်ဆိုင်များလာဖွင့်မှသာ ဆိုင်လေး ကွန်လေး ပေါ်ပေါက်လာခြင်းဖြစ်သည်။

တမြန်နှစ်က ထွန်းထွန်းဦး လေးတန်းအောင်၍ ငါးတန်းတက်ချိန်မှာတော့ ရွာမှာ အလယ်တန်းကျောင်းရှိလာပြီ၊ ရှစ်တန်းအောင်မှသာ မြို့ငယ်ရှိအထက်တန်းကျောင်းကို သွားဖို့လိုကြတော့သည်။ အခုထိတော့ ရွာမှာ အထက်တန်းအောင်သူ တစ်ယောက်မှမရှိသေး။ အေးအေးဦးအထက်က အောင်အောင်ဦးကတော့ မြို့ငယ်ရှိ အမျိုးအိမ်မှာနေပြီး အလယ်တန်း၊ အထက်တန်း သွားတက်သေးသည်၊ အထက်တန်း မအောင်ရာမှ ပြန်မလာတော့ဘဲ မြို့မှာ ပန်းထိမ်သင်ပြီး ပန်းထိမ်လုပ်နေသည်မှာ ငါးနှစ်ခန့်ရှိပြီ၊ ထိုစဉ်ကတည်းက ရွာကို တစ်ခေါက်မှ ပြန်မလာသေး။ ထွန်းထွန်းဦးကတော့ စာတော်သည်ဆိုကြ၏။ စာလည်း အလွန်ကြိုးစား၏။ ဆိုတော့ အထက်တန်းအောင်ကောင်းအောင်မည်ဟု အားလုံးက မျှော်လင့်ထားကြသည်။ ထွန်းထွန်းဦး အထက်တန်းအောင်ပါက တက္ကသိုလ်ဆက်တက်ဖို့ ရွာမှ စရိတ်ခံပေးမည်ဟု ဆရာတော်နှင့် ဥက္ကဌတို့ကတိပြုထား၏။

"အေးအေးဦးရေ အေးအေးဦး" ချောစုက လူကြီးများနိုးသွားမည်စိုးသောကြောင့် အသံအုပ်အုပ်နှင့်ခေါ်သည်။ ထွန်းထွန်းဦးသည် ချောစုအသံကြားပြီး ဖယောင်းတိုင်တစ်ချောင်းကို မြှောက်ကာလှမ်းကြည့်ပြီး "ချောစုမလား" ဟုမေး၏။ "အေး အေးအေးဦးအိပ်ပြီလား" ဟု ချောစုက ပြန်မေးသည်။ "မအိပ်သေးဘူး လက်ချုပ်လိုက်နေတယ် မကြီးရေ ချောစုမခေါ်နေတယ်" ထွန်းထွန်းဦးက ချောစုကို ဖြေရင်း တဆက်တည်း အေးအေးဦးကို ခေါ်လိုက်၏။ အေးအေးဦးသည် လက်ချုပ်ထည်များကို သိမ်းပြီး အောက်သို့ဆင်းလာသည်။ အငယ်မက မိမိခြံစည်းရိုးမှ ခူးလာသော ဇီဇဝါပန်းနှစ်ပွင့်ကို အေးအေးဦးအားလှမ်းပေးလိုက်သည်။ အေးအေးဦးသည် ဇီဇဝါများကို ခေါင်းမှာထိုးပြီး "ညနက်သန်းခေါင် ဘာအရေးကြီးနေကြတုန်း" ဟု မေးလိုက်သည်။ ချောစုသည် အေးအေးဦးအား မိမိတို့ခုံတန်းသို့ခေါ်သွားပြီး သိလိုသည်များကို မေးမြန်း၏။ အေးအေးဦးက " ငါငယ်ငယ်တုန်းက အိပ်ရာထဲမှာ အဖေနဲ့ အမေလုပ်တာ မြင်ဖူးတယ် စောင်ခြုံထားရတယ်" ဟု အစချီကာ သိထားသမျှကို ပြောပြလေသည်။ အေးအေးဦး အဖေသည် စောင်ခြုံထဲမှာ အမေအပေါ်မှ တက်ဖိထားသည်ဆို၏။ "ဟင် အဲလိုလုပ်တာနဲ့ ဗိုက်ကြီးရောလား" ဟု ချောစုက တအံ့တသြမေးလိုက်သည်။ သူသည် ထိုထက်မက အထူးအဆန်းကို မျှော်လင့်ထားသည်မဟုတ်လား။ "အေး ကြီးတာပဲဟ လင်မယားမို့နေမယ် မကြာဘူး ထွန်းထွန်းဦးဗိုက်ထဲရောက်လာတာပဲ" ဟု အေးအေးဦးကပြောသည်။ ထိုညက ချောစုနှင့် အငယ်မသည် တော်တော်နှင့် အိပ်မပျော်ကြ။ အေးအေးဦး ပြောထားသမျှကို ပြန်စမြုံ့ပြန်ပြောချင်နေကြသည်။ တဖက်ခန်းမှ အမေတို့နိုးသွားမည်စိုးသောကြောင့် လေသံမျှသာ ပြောနေရသည်ကိုပင် အားမရ။ ချောစုစိတ်ကူးထဲမှာ စောင်ပုံကြီးထဲ ကျော်စိုးက မိမိအပေါ်မှ တက်ဖိနေသည်ကို ပုံဖော်ကြည့်မိ၏။ ပူရအိုက်ရတဲ့ထဲ ဘယ်နှယ့်လုပ် စောင်ခြုံထားမှာပါလိမ့်ဟု တွေးတောကာ စိတ်ညစ်လျက်ရှိလေသည်။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

နံနက်စောစောဝေလီဝေလင်း အချိန်ဖြစ်သည်။ ကျော်စိုးသည် တံခါးခေါက်သံလိုလိုကြားသောကြောင့် အိပ်ပျော်နေရာမှနိုးလာသည်။ အမှန်က ကျော်စိုးအိပ်ပျော်သွားသည်မှာ မကြာသေး။ စိတ်ထင်လို့ ဖြစ်မှာပါဟုတွေးကာ ပြန်မှိန်းနေလိုက်သည်။ ကျော်စိုးသည် ညကို စောစောအိပ်တတ်သူမဟုတ်။ ကွန်ပျူတာ တစ်လုံးနှင့် စာရေးလိုက် ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက် လုပ်နေတတ်သည်။ နေမြင့်မှသာ အိပ်ရာထသည်။ အိပ်ရာမှနိုးလျင်လည်း ရေမိုးချိုးပြီး မြို့ငယ်မှဝယ်လာသော ပေါင်မုန့် ကိတ်မုန့် မုန့်ခြောက်တို့ကိုစားမည် ပြီးလျှင် အိပ်ရာပေါ်ပြန်လှဲ ကွန်ပျူတာကို ပေါင်ပေါ်တင်ကာ စာရေးလိုက် ဂိမ်းဆော့လိုက် ရုပ်ရှင်ကြည့်လိုက် ပြန်လုပ်မည်။ ညနေစောင်းလျှင် ရေတခါထပ်ချိုးပြီး ဟိုနားသည်နား ကားမောင်းသွားမည်။ ကားထဲဆီကုန်ခါနီးလျှင် သို့မဟုတ် စားစရာ ပေါင်မုန့် ကိတ်မုန့် သို့မဟုတ် သောက်ရေ ကုန်လျှင် မြို့ငယ်သို့သွားမည်။ ရေသန့်ဘူးလဲမည်၊ ဝယ်စရာရှိသည်များဝယ်မည်။ ကားဆီဖြည့်မည်။ ထမင်းဆိုင်တဆိုင်ဆိုင်မှာ ထမင်းဝင်စားမည်။ တခါတလေလည်း ခေါက်ဆွဲကြော်၊ ကြာဆံကြော်စသည်ဖြင့်စားမည်။ အင်တာနက်ဆိုင်ကိုဝင်ပြီး ဟိုသည်ကြည့်မည်။ ဖေ့စဘုတ်လူမှုကွန်ယက်မှာ နာမည်ဝှက်နှင့် ဟိုသည်ရေးတင်မည်။ ငွေပြတ်လျှင် အိမ်ကို ဖုန်းဆက်မှာမည်။ အိမ်မှငွေပို့ထားလျှင် ဘဏ်ဝင်ပြီး ငွေထုတ်မည်။ မြို့ငယ်သို့မသွားဖြစ်သော နေ့များမှာတော့ ဝယ်ထားသော ပေါင်မုန့်ကိတ်မုန့်တို့ကိုသာ စားကာနေမည်။ ယခုတလောတော့ အိမ်ရှိ ရေတွင်းမှာ ရေခမ်း၍ မျက်စောင်းထိုးမှ ရေတွင်းမှာ ရေသွားခပ်ရသော အလုပ်တစ်ခုပိုလာသည်။ ရေသွားခပ်ခြင်းကို စဉ်းစားမိမှ ချောစုနှင့် ကြိုးငြိသည်ကိုသတိရ၏။ ထိုအခါမှ ချောစုက နွားနို့လာပို့မည် ပြောထားသည်ကို သတိရကာ အိပ်ရာမှ ထထိုင်လိုက်၏။ ထိုစဉ် တံခါးခေါက်သံထပ်ပေါ်လာသည်။

ချောစုသည် အဖုံးပါသော ဒန်ချိုင့်ကြီးလက်ဆွဲကာ တံခါးဝမှာ ရပ်နေသည်။ မျက်နှာမှာ သနပ်ခါးပြေပြေလိမ်းထားသည်။ ခေါင်းမှာလည်း စံပယ်ပန်းတစ်ကုံးကို မိချောင်းဆံညှပ်နှင့် တွဲချိတ်ပန်ထားသည်။ ဇာအင်္ကျီပန်းရောင်နုနှင့် အပြာရင့်ခံမှာ ဒူးဆစ်မှပန်းနုရောင်အစင်းများဖောက်ထားသော လုံချည်ကို ဝတ်ဆင်ထားသည်။ ကျော်စိုးသည် လှပလန်းဆန်းလှသော ချောစုအား ခေတ္တမျှ ငေးကြည့်နေမိသည်။ "နွားနို့လေ သောက်မယ်ဆို" ဟု ချောစုက မိမိကို မျက်တောင်မခတ်ကြည့်နေသော ကျော်စိုးအား ရှက်ပြုံးလေးနှင့် မေးလိုက်၏။ "သြော် ဟုတ်သား မေ့နေတာ ကျေးဇူးပဲ" ကျော်စိုးသည် ချောစုလက်ထဲမှ ချိုင့်ကို လှမ်းယူလိုက်သည်။ ချောစုသည် ဘာဆက်လုပ်ရမည်မသိ။ နှုတ်ဆက်ပြီး ပြန်ရမည်လား၊ ကျော်စိုးက အိမ်ထဲဝင်ထိုင်ဖို့ပင်မခေါ်ဘူးလား စသည်ဖြင့် အတွေးများနေ၏။ ကျော်စိုးကလည်း အိမ်ထဲကို ပြန်မဝင်သွားသေးဘဲ တံခါးဝမှာ နှစ်ယောက်သား မတ်တပ်ဖြစ်နေကြသည်။

"ဒါကို ဒီတိုင်းသောက်လို့ရလား" ဟု ကျော်စိုးက မေးလိုက်သည်။ "ဘယ်လိုလုပ်ရမလဲ ကြိုရမှာပေါ့" ဟု ချောစုက ပြန်ပြောသည်။
"အဲဒါမှ ဒုက္ခပဲ ကြိုစရာဘာမှမရှိဘူး" ဟု ကျော်စိုးက ပြောလေသည်။ ချောစုသည် ကျော်စိုးဆိုလိုရင်းကို နားမလည်။ "ကြိုတာများ ဘာလိုလို့လဲ" ဟုမေးလိုက်၏။ "ဘာမှမရှိဘူးလေ မီးလည်းမရှိ ဘာမှလည်းမရှိ" ဟု ကျော်စိုးက ပြော၏။
"မီးမရှိရင် မွှေးပြီးတည်လေ"
"မဟုတ်ဘူး မီးမွှေးစရာလည်း ဘာမှမရှိဘူး"
"ထမင်းချက်တော့ရော ဘာနဲ့ချက်လဲ ထမင်းမစားဘူးလား"
"မစားဘူး"
ချောစုက စစချင်း ကျော်စိုးနောက်ပြောင်ပြောသည်ဟုထင်၏။ သို့သော် ကျော်စိုးမျက်နှာက အတည်ဖြစ်နေရာ အံ့သြသင့်ရတော့သည်။
"ဒါဆို ဘာစားလဲ" ဟု မေးသည်။
"ပေါင်မုန့် ကိတ်မုန့် ကြုံရာစားတာပဲ"
ချောစုသည် အံ့သြပြီးရင်း အံ့သြနေတော့သည်။ ပေါင်မုန့်၊ ကိတ်မုန့်ဆိုသည်မှာ ချောစုတို့အတွက် ရံဖန်ရံခါမှ လက်ဖက်ရည်နှင့် စားရသော အထူးအစာဖြစ်သည်။ ထမင်းမစားဘဲ ကျော်စိုးဘယ်နှယ့်နေနိုင်ပါလိမ့်၊ မြို့ကလူတွေဟာ ထမင်းမစားဘူးရယ်လို့တော့ မကြားဖူးပါဘူးဟု တွေးနေသည်။
"မီးမွှေးပြီးပဲ ကြိုပေးခဲ့တော့မယ်"
"ရပါတယ် အားနာစရာကြီး"
"မလိုဘူး မီးမွှေးတာ ဘယ်လောက်မှမကြာဘူး မီးဖိုတော့ ရှိတယ်မဟုတ်လား"
ချောစုက ပြောပြောဆိုဆိုနှင့် အိမ်ထဲကို ပိုင်စိုးပိုင်နင်းပင် ဝင်လိုက်တော့သည်။ ကျော်စိုးသည် ဆတ်ဆတ်ဆတ်ဆတ်နှင့် ဝင်သွားသော ချောစုနောက်မှ လိုက်လာသည်။ ကျော်စိုးတို့အိမ်ရှိ မီးဖိုသည် ထမင်းစားခန်းနှင့် သတ်သတ်ဖြစ်သည်။ ထမင်းစားခန်းရှိ စားပွဲပေါ်မှာ ကိတ်မုန့်အကျန်များနှင့် ပုရွက်ဆိတ်တက်နေသော ကြွေပန်းကန်ပြား တစ်ချပ်ရှိသည်၊ နံရံနှင့်ကပ်လျက်မှာ မုန့်ထုပ်များ၊ ဖောက်လက်စ နို့ဆီတစ်ဘူးနှင့် ထောပတ်တစ်ဘူးရှိသည်။
"ဒါတွေချည်းပဲ စားနေတာ ဝလား"
"ဝတော့ ဘယ်ဝမလဲ ဒါပေမဲ့ ချက်ပေးမယ့်လူမှမရှိတာ" ဟု ကျော်စိုးက ပြန်ပြောသည်။ ချောစုသည် ဟုတ်သားပဲ ယောက်ျားသား တစ်ယောက်တည်း ဘယ်လိုလုပ် ထမင်းဟင်းချက်တတ်မလဲ၊ ဒါဟာ မိန်းမလိုနေပြီလို့ ငါ့ကိုစောင်းပြောတာပဲ ဟုတွေးကာ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။
ချောစုသည် မီးဖိုဘေးမှာထောင်ထားသော တံမျက်စည်းကိုကောက်ကိုင်ပြီး ချေးအထပ်ထပ်တက်နေသော မီးဖိုကို အရင်းဆုံး စရှင်း၏။ ကျော်စိုးကိုလည်း တိုက်နောက်ဘက်မှာ ပုံနေသော သစ်ရွက်ဆွေးများနှင့် သစ်ကိုင်းခြောက်များကို ကောက်ခိုင်း၏။ အတန်ငယ်ကြာသောအခါ ချောစု၏ ပန်းနုရောင် အင်္ကျီမှာပေပွသွားပြီး မီးဖိုကတော့ အတန်ငယ်ရှင်းလင်းသွားလေသည်။
"ရေနံဆီရှိလား"
"မရှိဘူး"
"ဖယောင်းတိုင်ရော"
"ဖယောင်းတိုင်တော့ရှိတယ်" ကျော်စိုးက အိပ်ခန်းထဲသွားကာ ဖယောင်းတိုင် လေးငါးချောင်းယူလာပေး၏။ ချောစုသည် သစ်ကိုင်းခြောက်များကို မီးဖိုမှာထည့်ပြီး အပေါ်မှ သစ်ရွက်ခြောက်များပုံကာ ဖယောင်တိုင်းတစ်ပိုင်းပိုင်းထည့်ပြီး မီးမွှေးလေသည်။
"အိုး အိုးရော"
"ဘာအိုးလဲ"
"အို နွားနို့ထည့်ကြိုဖို့အိုးလေ"
"ဟုတ်သားပဲ အိုးတွေက ဟိုကြောင်အိမ်ထဲတော့တွေ့တယ် တခါမှတော့ ထုတ်မကြည့်မိဘူး"
ချောစုသည် ကျော်စိုးညွှန်ပြသော ကြောင်အိမ်ထဲမှ အိုးအနေတော်တစ်လုံးကို ထုတ်ယူလိုက်သည်။
"ရေဆေးရဦးမယ် ရေရောရှိရဲ့လား ခပ်ပြီးသွားပြီလား"
"ရေ ရှိသေးတယ် ရေချိုးခန်းထဲမှာ ကျန်သေးတယ် တိုက်ကီမှာတော့ မရှိတော့ဘူး" ကျော်စိုးသည် ရေချိုးခန်းထဲမှ ရေကို ပုံးအသေးတစ်ပုံးနှင့် ယူလာပြီး ဘေစင်ဘေးမှာ ရေပုံးကို တင်ကာ ဖလားနှင့်ခပ်ပြီး ချောစုလက်ထဲမှ အိုးကို ဆေးလေသည်။ ချောစုသည် မီးကို မငြိမ်းရအောင် တဖူးဖူးမှုတ်ရင်း က ကျော်စိုး ရေဆေးနေသည်ကို အကဲခတ်နေသည်။ မိမိဘာသာလည်း ဤအိမ်၏ အိမ်ရှင်မအလား ကျော်စိုးနှင့် မိမိတို့သည် လင်မယားအလား စိတ်ကူးယဉ်နေလေ၏။ ကျော်စိုးအိုးဆေးပြီးသောအခါ ချောစုက ယူလာသော ချိုင့်ထဲမှ နွားနို့များကိုထည့်ပြီး ကြိုသည်။ ချောစုသည် ချွေးပြိုက်ပြိုက်ကျလျက်ရှိသည်။ သစ်ရွက်ခြောက်များသည် တဝုန်းဝုန်းတောက်လောက်ပြီး သစ်ကိုင်းခြောက်များကို အလွယ်တကူပင် မီးစွဲနေလေရာ နွားနို့က ခဏချင်းပင် ဆူလာလေသည်။
"ရပြီ ပြန်တော့မယ်"
ချောစုသည် ကျော်စိုးနားဆက်နေလိုသေးသော်လည်း ဟန်လုပ်ကာ ပြန်ဖို့ပြော၏။ အမှန်ကတော့ ကျော်စိုးက နေပါဦး ဘာညာ တားမည်ကိုလည်း မျှော်ခြင်းဖြစ်သည်။ ကျော်စိုးက မတား။ "ကျေးဇူးပဲ ဘယ်လောက်ပေးရမလဲ" ဟုသာ မေးလေသည်။
"မပေးရပါဘူး နွားနို့တစ်ဘူး ဘယ်လောက်ကျမှာမို့လဲ အလကားရတာကို မနက်ဖြန်လည်း လာပို့ပေးဦးမယ်" ဟု ချောစုက သဒ္ဓါပိုကာ ပြော၏။
ကျော်စိုးသည် ချောစုကို အားနာနေသည်။ တံခါးဝထိလိုက်ပို့ပြီး ကျေးဇူးတင်စကား အထပ်ထပ်ပြောသည်။ ချောစုသည် တံခါးဝမှခွာရမည်ကို ဝန်လေးကာ "ပူတုန်းသောက်လိုက်နော်" ဟု ပြောနေ၏။
"မသောက်သေးဘူး အိပ်ရာနိုးမှ သောက်တော့မယ်" ဟု ကျော်စိုးကဆိုသည်။
"ဟင် အိပ်ရာက မနိုးသေးဘူးလား" ဟု ချောစုက မေးပြီး ရယ်စရာပြောသည်အထင်နှင့် ရယ်နေ၏။
"မနိုးသေးဘူး ခုနကမှအိပ်ထားတာ ပြန်အိပ်ဦးမယ်" ဟု ကျော်စိုးက ဖြေသည်။
"ဒီနေ့ ရေခပ်ဦးမှာလား"
"မခပ်သေးဘူး လိုမှမလိုသေးတာ ရေတွင်းကလည်း နည်းနည်း နည်းနည်းတော့တက်တယ် လေးငါးရက်ကြာရင်တော့ ရေမောင်းလို့ရမယ်ထင်တယ်"
"ရေက ဘာနဲ့မောင်းတာလဲ"
"မော်တာနဲ့လေ ဆိုလာတပ်ထားတယ်"
ကျော်စိုးက အိမ်ရှေ့မှာတပ်ဆင်ထားသော ဆိုလာပြားများကို လက်ညှိုးထိုးပြလေသည်။
"ဟင် အဲဒါနဲ့ ရေမောင်းလို့ရတာလား၊ မီးထွန်းတာ တီဗီကြည့်တာပဲ ရတာမဟုတ်လား၊ ဘုန်းကြီးကျောင်းမှာရှိတယ်လေ ဥက္ကဌအိမ်မှာတောင်ရှိသေးတယ် ဒီလောက်တော့မကြီးဘူး"
"ကြီးရင်ရတာပေါ့၊ အားနည်းရင်တော့ မရဘူး၊ ကွန်ပျူတာအားသွင်း ဖုန်းအားသွင်း အဲဒါနဲ့ပဲ လုပ်ရတာ အိမ်မှာ ဘယ်လိုရေတင်လဲ"
"ဆွဲပြီး ခပ်တာပဲလေ ခုတော့ ရေက လုံးလုံးခမ်းသွားပြီ ဆိုလာပြားတွေ မတပ်နိုင်ပါဘူး သူဌေးတွေသာ တပ်တာ"
"ဟားဟား နောက်ပြီ ဆိုလာပြားက ဈေးကြီးတာမှမဟုတ်တာ"
"ဟုတ်လား မသိဘူး အရမ်း ဈေးကြီးမယ်ထင်နေတာ"
"အရမ်းကြီး မကြီးဘူး ဆိုလာပြားကြီးနှစ်ပြားရယ် ဘတ္ထရီအိုးရယ်ဆို တော်တော်များများသုံးလို့ရတယ်"
"သြော်"
ထို့နောက် ဘာဆက်ပြောရမည်မသိဘဲ စကားပြတ်သွားပြန်သည်။
"ဒါဖြင့် ပြန်တော့မယ်လေ" ဟု ချောစုက ပြောလိုက်သည်။
"ဟိုလေ … "
ချောစုသည် ကျောခိုင်းထားလျက် ခြေလှမ်းခါနီးမှ တန့်သွား၏။ ကျော်စိုးကို မျှော်လင့်တကြီးလှည့်ကြည့်သည်။
"မနက်ဖြန်လာမယ်ဆို ထမင်းစားချိန်လောက်မှ လာပို့ပါလား" ဟု ကျော်စိုးက ပြောလေသည်။

ချောစုသည် ကျော်စိုးကို လှည့်ထွက်ခဲ့သည်။ စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်လျက်ရှိ၏။ အမှန်ဆို ခဏနေပါဦးလား လက်ဖက်ရည်သောက်သွားပါဦးလား စသည်ဖြင့် ကျော်စိုးက ပြောသင့်သည်မဟုတ်လား၊ မိမိကလည်း ကွန်ပျူတာကိုင်မကြည့်ဖူးလို့ ပြပါဦးဘာညာ ပြောလိုက်ဖို့သင့်သည်မဟုတ်လား၊ အရေးကြုံရင် အနေပြီလို့ အမေပြောတာ ဒါကြောင့်ပဲ၊ စသည်ဖြင့်တွေးတောကာ စိတ်တိုနေသည်။ လမ်းလျှောက်နေရင်း ပေရေနေသော အင်္ကျီလက်ရှည်ကို လက်ဖျားမှ အနည်းငယ် ခေါက်လိုက်သည်။ တစ်ကိုယ်လုံးလည်း ချွေးပြန်နေသည်။ ထွက်နေသည် ပြင်းစပြုနေပြီဖြစ်သည်။ အိမ်ဝင်းထဲဝင်တော့  မူးမူးမိုက်မိုက်ဖြစ်လာသည်။ လက်ထဲမှာ ကိုင်ထားသောဒန်ချိုင့် လွတ်ကျသွားသည်။ ထို့နောက် ဘာဆိုဘာမှသတိမရတော့။ တစ်ကိုယ်လုံးတုန်ခါ၍၊ ပါးစပ်မှ အမြှုပ်တစီစီထွက်ကာ မြေပြင်မှာ ထွန့်ထွန့်လူးနေသည်။ ထွန်းထွန်းဦးသည် ဆရာတော်ဘုရားခေါ်သည်ဆို၍ ဘုန်းကြီးကျောင်းသွားရန် အိမ်မှထွက်လာရာမှ ချောစုကိုမြင်ပြီး ပြေးလာ၏။

"အဒေါ်လှရေ… အငယ်မ… မရှိကြဘူးလား ဒီမှာ ချောစုမ လဲနေပြီ"
ထွန်းထွန်းဦးက ချောစုကိုယ်ကို ပုခုံးမှနေဖိထားပြီး အော်သည်။ နွားရုံထဲမှာ နွားရေခွက်ဖြည့်နေသော ဒေါ်လှမေသည် ထွန်းထွန်းဦးအသံကြောင့် အလန့်တကြားပြေးထွက်လာသည်။ သွားတကြိတ်ကြိတ်ဖြစ်ပြီး တုန်နေသော ချောစု၏မေးကို လက်နှင့် ညှပ်ကိုင်ပြီး ထိန်း၏။ "ရပ် ရပ် သွားမကိုက်နဲ့" ဟုပါးစပ်မှလည်း အော်၏။ ချောစုက သွားများကို တင်းတင်းစေ့ပြီး မေးခိုင်နေရာ အမေက ပါးတစ်ချက်ပြင်းပြင်းရိုက်ပြီး ချောစုလည်ပင်းမှ ကြေးသော့ကိုဖြုတ်ကာ ခြေဖဝါးအလယ်ကိုဖိဖိထိုးသည်။ အငယ်မနှင့် အဖေလည်း ထမင်းစားနေရာမှ ပြေးလာကြသည်။ နှစ်ယောက်စလုံး ထမင်းစားထားသော လက်ပေများနှင့် ချောစုအား ဝိုင်းချုပ်ပေးကြသည်။ ထွန်းထွန်းဦးက ချောစုခေါင်းကိုမပြီး မိမိပေါင်ပေါ်မှာ တင်ပေးထားသည်။ ဒေါ်လှမေသည် သော့ကို အကြိမ်ကြိမ်ထိုး၏ ချောစုကား သတိပြန်မလည်သေး။ အနီးအပါးမှမြင်တွေ့သူများ ဝိုင်းလာကြသည်။ ယပ်ခပ်ပေးသူကပေး၊ ရေသွားခပ်သူကခပ်။ "ရာသီဥတုကပြင်းတာကိုး အဝတ်အစားတွေကလည်း ပိတ်ပိတ်ပေါင်းပေါင်း"၊ "တိုက်အိမ်က ထွက်လာတာ မြင်လိုက်တာပဲ ဘာသွားလုပ်လဲမသိ"၊ "မဖြစ်တာတောင် တော်တော်ကြာနေပြီ ခု ပူလွန်းလို့ထင်ပါရဲ့ သနားပါတယ်" စသည်ဖြင့် တယောက်တမျိုး ပြောဆိုကြသည်။ အငယ်မသည် တိုက်အိမ်မှထွက်လာတာ မြင်လိုက်သည်ဆိုသော စကားကြောင့် အမေ့မျက်နှာကို တချက်လှမ်းကြည့်သည်။ အမေက သတိထားမိပုံမပေါ်တော့တော့မှ စိတ်အေးရ၏။ ကျော်စိုးကို နွားနို့ပို့မည်ဆိုပြီး အငယ်မအားနှိုး၍ အငယ်မပင် နွားနို့ညှစ်ပေးလိုက်ရသည်။ တော်တော်နှင့် ပြန်မရောက်၍ စိတ်ပူပြီး နှစ်ခေါက်သုံးခေါက် အိမ်ရှေ့ထွက်ကြည့်သေးသည်။ အဖေနှင့် အမေ ရိပ်မိမည်စိုး၍သာ ကျော်စိုးအိမ်သို့ လိုက်မသွားခြင်းဖြစ်သည်။

ချောစုသည် ခဏကြာတော့ သတိပြန်ရလာသည်။ မိမိအားဝိုင်းနေကြသူများအားမြင်ပြီး ရောဂါထပြန်ပြီဟု သိလိုက်၏။ ရှက်လည်းရှက်နေ၏။ ဒေါ်ကြီးကျော့က ရေတိုက်သည်ကို သောက်လိုက်သည်။ မိမိတစ်ကိုယ်လုံး ဖုံများသဲများ ချွေးများပေပွနေပြီး ဟင်းနံ့များနံနေသည်ကို သတိထားမိ၏။ လဲနေရာမှတော့ မထိုင်နိုင်သေးဘဲ ထွန်းထွန်းဦးပေါင်မှာ ခေါင်းအုံးလက်စနှင့် အငယ်မလက်ကို ကိုင်ပြီး ခေတ္တမှိန်းနေသည်။ အငယ်မက ဝတ်ထားသော ရှပ်အင်္ကျီအစွန်းနှင့် ချောစုပါးစပ်မှ အမြှုပ်များကို သုတ်ပေးသည်။

"ကဲကဲ အိမ်ထဲသွင်း အိမ်ထဲသွင်း နေပူက ပြင်းလာပြီ" ဟု အဖေက ပြောလိုက်သည်။
"ချောစုမ ထနိုင်လား ပွေ့ရမလား" ဟု အမေက မေး၏။ ချောစုသည် ခေါင်းခါပြပြီး ထရပ်ဖို့ကြိုးစားသည်။ ထွန်းထွန်းဦးက ခေါင်းကိုမပေးသည်။ အငယ်မက ချိုင်းနှစ်ဘက်ကြားမှလက်လျှိုပြီး ခန္ဓာကိုယ်ကို ဆွဲမပေးသည်။ ထို့နောက် အငယ်မနှင့် ထွန်းထွန်းဦးတို့ တဖက်တချက်ထိန်းကိုင်ပြီး အိမ်အောက်ရှိ ထန်းပက်လက်ကုလားထိုင်မှာ ချောစုကို ထိုင်စေ၏။ လေကလည်း အနည်းငယ်မျှပင် မတိုက်။ အမေက အိမ်အောက်မှာ အလုပ်လုပ်လျှင် ထိုင်တတ်သော ခွေးခြေပုလေးကို ကုလားထိုင်နားယူထိုင်ပြီး ချောစုအား ယပ်ခပ်ပေးသည်။ ချောစုအား ဝိုင်းဝန်းကြည့်ရှုသူ အိမ်နီးချင်းများပြန်သွားကြပြီ။ ထွန်းထွန်းဦးတစ်ယောက်သာ ကျန်၏။
" အငယ်မ ငါ သွားဦးမယ် ဆရာတော် ခေါ်ထားလို့၊ အဒေါ်လှ ကျွန်တော်သွားပြီနော်"
" အေး ကျေးဇူးတင်တယ်နော် မင်းမြင်ပေလို့ပဲ အဒေါ်လည်း နွားရုံထဲရောက်နေတာ"
ထွန်းထွန်းဦး ထွက်သွားတော့ အငယ်မက  "အင်္ကျီလဲမလား ချောစု အရမ်း အိုက်နေလား" ဟု မေးလိုက်သည်။ ထိုအခါမှ အမေသည် ချောစု အဝတ်အစားများကို သတိထားမိတော့သည်။
"လဲပေးမှ ရမယ် ညည်းက ဒီအသစ်တွေဝတ်ပြီး ဘယ်သွားတာတုန်း" ဟု အမေက မေးလိုက်သည်။
"မဟုတ်ဘူး သမီးခိုင်းတာ" ဟု အငယ်မက ဝင်ပြောသည်။ ချောစုသည် စကားမပြောနိုင်သေး။ ကုလားထိုင်မှာ မှိန်း၍သာနေ၏။
"ညည်းက ဘာခိုင်း"
"ချောစုမက ဘုရားသွားမယ်ဆိုပြီး အဝတ်စားသစ်တွေဝတ်နေတာ အဲဒါ သမီးက ဟိုတိုက်အိမ်က နွားနို့မှာထားလို့ သွားပို့ခိုင်းတာ"
"ဟုတ်လား တိုက်အိမ်က နွားနို့မှာတာ ငါလည်း မသိပါလား"
"မနေ့က နွားသွင်းရင်း လမ်းမှာတွေ့လို့ မှာလိုက်တာ အမေ့ပြောဖို့မေ့သွားလို့"
"သြော် ဘယ်လောက်ဖိုးမှာတာလဲ ပိုက်ဆံရော"
"အေ ပိုက်ဆံ ကျပျောက်ပြီပေါ့ အမေကလည်း ဒီလောက် ရောဂါပေါ်နေတာကို ဘယ်သူကောက်သွားပြီမှန်းတောင် မသိဘူး"
ချောစုသည် အငယ်မအား ငေးကြည့်လို့သာနေသည်။ ချောစုသာဆိုလျှင် သည်လို ဖြေတတ်မည်မဟုတ်။ လိမ်လျှင်လည်း ရှေ့ဖုံးနောက်ပေါ်သာ ဖြစ်မည်။

"အေး ညည်းကလည်း ဟိုခိုင်းဒီခိုင်း မခိုင်းနဲ့လေ မတော် သူများအိမ်မှာ သွားဖြစ်နေရင် ဘယ့်နှယ့်လုပ်မလဲ၊ မနေ့က ရေခပ်တာ များသွားလို့လားမသိပါဘူး၊ မဖြစ်တာပဲ ကြာလှနေပြီ၊ ဒီနေ့ ညည်းပဲ ရေခပ်တော့ ညည်းအဖေ တစ်ယောက်တည်း နွားကျောင်းလိမ့်မယ်၊ ဆိတ်တွေကိုတော့ အနီးအနားပဲ လွှတ်ထားလိုက်တော့၊ ခဏနေ ကိုသာအောင်တို့ နှီးလာယူလိမ့်မယ် ရေစိမ်ထားတာတွေပေးလိုက်၊ နောက်မှာ နွားတွေရေတိုက်တာ တန်းလန်း သူဆင်းလာတာမတွေ့တော့ အိပ်နေတယ်မှတ်ပြီး ငါလုပ်နေတာ နေတောင်ထွက်တော့မယ်" အမေသည် တတွတ်တွတ်ပြောဆိုကာ နောက်ဖေးနွားရုံဘက်သို့ ထွက်သွား၏။ ထိုအခါမှ အငယ်မသည် ချောစုကို တိုးတိုးတိတ်တိတ်မာန်ရသည်။
"နင်ကလည်း ကြာလိုက်တာ ဘာတွေလုပ်နေခဲ့တုန်း"
"နို့ကြိုပေးနေတာ"
"ဟယ် သူ့ဘာသာ ကြိုမှာပေါ့ နင်က အဲလောက် မလိုက်လျောနေနဲ့လေ တမျိုးထင်မယ်"
"မဟုတ်ဘူး သူ့ခမျာ ထမင်းဟင်းတောင် မစားရဘူး မီးမမွှေးတတ်ဘူးလေ မြို့သားကိုးဟေ့"
ချောစုသည် ကျော်စိုးအား စိတ်ဆိုးနေခဲ့သည်ကို မေ့သွားပြီဖြစ်သည်။ ကျော်စိုးအား အငယ်မစိတ်ကွက်မည်စိုး၍ ကာကွယ်ပြီးပင် ပြောနေ၏။
"ထမင်းမစားတော့ ဘာစားနေတုန်း သူက"
"ပေါင်မုန့်၊ ကိတ်မုန့်တွေ ကြုံသလို စားသတဲ့"
"ဟယ် အံ့တာပဲ"
"အေး အဲဒါကြောင့် ငါလည်း နွားနို့ကြိုပေးခဲ့တာ မီးဖိုချောင်တခုလုံးလည်း ပေပွနေတာနဲ့ ရှင်းပေးခဲ့သေးတယ်"
" အေး လုပ် ကောင်းတယ် ခုကတည်းက နင့်ဟာ လုပ်ပေးနေရပြီ"
"ငါပြောပြဦးမယ် သူ့မှာလေ ကွန်ပျူတာတွေ ဖုန်းတွေလည်းရှိတယ်တဲ့ဟ ဆိုလာပြားနဲ့ အားသွင်းသတဲ့၊ ဆိုလာပြားဟာ ကြီးရင် ရေကို ငင်စရာမလိုဘဲ မောင်းလို့ရသတဲ့ ဈေးလည်း သိပ်မကြီးဘူးတဲ့ နင် အမေ့ကို ပြောကြည့်ပါလား"
"ဈေးမကြီးတာ ဟုတ်ပါ့မလားဟယ် ဘုန်းကြီးကျောင်းမှာ တပ်တုန်းကသေးသေးလေးတောင် ငါးသိန်းလားမသိပေးရတာ နင် ကွန်ပျူတာရော ကိုင်ကြည့်ခဲ့ရလား"
"မြင်တောင် မမြင်ခဲ့ရဘူး၊ အပေါ်ထပ်မှာ ထားမှာပေါ့ ဒါနဲ့လေ တိုက်အိမ်မှာလေ မီးဖိုချောင်မှာ ပန်းကန်ဆေးတဲ့ဟာကိုရေပိုက်နဲ့ လုပ်ထားတယ်သိလား၊ မတ်တပ်ရပ်ပြီး ခလုတ်ဖွင့် ဆေးရုံပဲဖြစ်မယ်။ ခုတော့ ရေမရှိလို့ မဆေးရဘူးပေါ့ ရေရှိရင် အဲဒီခလုတ်ဖွင့်တာနဲ့ ရေကျပြီ ထင်တာပဲ၊ ဆေးလိုက်တဲ့ရေတွေက အောက်က အပေါက်ကို အလိုလိုကျသွားတယ် သိလား"
"ဟုတ်လား ငါ ကြည့်ချင်လိုက်တာ နင်နောက်နေ့သွားရင် ငါပါလိုက်ခဲ့မယ်"
ချောစုသည် အငယ်မလိုက်မည်ဆိုသည့်ကိစ္စကို သိပ်တော့ သဘောမတူချင်။ သို့သော် ကျော်စိုးအိမ်တွင်းရှိ အသစ်အဆန်းများကို အငယ်မအား ကြွားချင်သောကြောင့် ခေါင်းသာညှိတ်ပြလိုက်၏။

အငယ်မသည် တနေကုန် ချောစုလုပ်နေကျအလုပ်များကို လုပ်ရ၏။ ချောစုကိုလည်း ရေချိုးပေးရသည်။ သနပ်ခါးလိမ်းပေး၊ ပေါ့ပါးသော အဝတ်အစားများဝတ်ပေးပြီး အိမ်အောက် ပက်လက်ကုလားထိုင်မှာ ထိုင်နေခိုင်းရသည်။ လဲကျတုန်းက ပွန်းပဲ့သွားသည်များကိုလည်း ဘီးဇပ်ရွက်ခူးနယ်ပြီး အုံပေးရသည်။ အမေရိုက်ထားသောဒဏ်ကြောင့် ချောစုပါးတစ်ဖက် နီရဲနေသည်ကို အဖေ့စွပ်ကျယ်တစ်ထည်နှင့် ရေနွေးအိတ်လုပ်ပြီး ကပ်ထားပေးရသည်။ ချောစုကတော့ ဘာလုပ်ပေးပေး စိတ်အလိုမကျဖြစ်၍သာနေ၏။ တခါတရံမှိန်းပြီး အိပ်ပျော်သွားကာ တချက်တချက်ထထပြီး ပါးစပ်မှ ကယောင်ကတမ်းပြောနေ၏။ နေစောင်းချိန်ရောက်တော့ အငယ်မက ရေခပ်ဖို့ပြင်ရသည်။
"ချောစု ငါ ရေသွားခပ်မယ် နင်ငြိမ်ငြိမ်နေခဲ့နော်"
"ငါပါလိုက်မယ်"
"လိုက်လို့ ဘယ်ရမလဲ နင်နေမကောင်းဘူး"
"ကောင်းသွားပြီလေ လိုက်မယ်"
ထိုစဉ် အရက်ဆိုင်ပိုင်ရှင် ဥက္ကဌသမက် ဝင်းထဲဝင်လာ၏။
"ဆိတ်ရောင်းဖို့ရှိလား" ဟု ဥက္ကဌသမက်က မေးလိုက်သည်။
"ရှိမယ်ထင်တယ် အမေရေ ဒီမှာ ဦးအောင်ကို"
အမေသည် မီးဖိုထဲမှာ မီးမွှေးနေရာမှ ထွက်လာ၏။ ချောစုသည် အမေနှင့် ဦးအောင်ကို ဆိတ်ဝယ်ဖို့ ပြောဆိုနေသည်ကို အာရုံပြောင်းသွားပြီဖြစ်သည်။ ဖိန္နဲခါဦးအောင်ကို၏သမီး ခင်မြဇ္ဇူ တစ်နှစ်ပြည့်မွေးနေ့အတွက် တစ်ရွာလုံးမီးခိုးတိတ် ထမင်းကျွေးမည်ဖြစ်သည်။ ညကျလျှင် ပွဲသွင်းဦးမည်ဆို၏။ ပွဲအတွက်ရုံပင် စဆောက်နေကြပြီဆို၏။ ချောစုသည် ပွဲကြည့်ရမည်ဆို၍ ဝမ်းသာသွားသည်။ ရွာမှာ ပွဲသွင်းလေ့သွင်းထမရှိချေ။ အခါကြီး ရက်ကြီးများမှာလည်း ဦးအောင်ကိုတို့ အိမ်နောက်ဘက် ကွင်းပြင်မှာ မီးစက်၊ ကားလိပ်တို့ငှားပြီး ဗီဒီယိုပြသည်သာရှိ၏။ အနီးအပါးရွာများမှာ ပွဲသွင်းလည်း မည်သည့်အခါမှ သွားမကြည့်ဖူးဘဲ အသံချဲ့စက်မှ ခပ်သဲ့သဲ့ လွင့်လာသည်ကိုသာ အိပ်ရာထဲမှ နားထောင်ရသည်။ အငယ်မနှင့်ဆင်တူချုပ်ထားသော အသစ်ကိုဝတ်ပြီး ပွဲသွားပစ်မည်ဟု စိတ်ကူးယဉ်၏။ ကျော်စိုးရော ပွဲကြည့်မည်လား။ ကျော်စိုးအကြောင်းစဉ်းစားလိုက်မိတော့ ချောစုရင်ထဲမှာ တလှိုက်လှိုက်ဖြစ်လာလေသည်။ အငယ်မကို ပြောပြရမည်ဟုရှာရာ အငယ်မက ရေခပ်ဖို့ထွက်သွားပြီဖြစ်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
အငယ်မသည် တုံးမောင်းသံကြားတော့ အကျင့်ပါနေကျအတိုင်းမို့သာ အိပ်ရာမှ နိုးလာရသည်၊ ညက ညနက်မှ အိပ်ပျော်သဖြင့် အိပ်ရေးက မဝလှပေ။ ချောစုကတော့ မနိုးသေး။ ကျော်စိုးဆီ နွားနို့ပို့ဖို့ ပြောထားသည်ကို အငယ်မသတိရသည်။ သို့သော်လည်း ချောစုနေမကောင်း၍ သွားသင့်မသွားသင့် မတင်မကျ။ ချောစုကိုနှိုးပြီး သတိပေးလိုက်လျှင် ချောစုကသွားဖို့ပူဆာတော့မည်။ ဒါဖြင့် မသွားဘဲနေလိုက်ရမည်လား၊  ကျော်စိုးကမျှော်နေမည်လား၊ လာပို့မယ်ပြောထားပြီး ရောက်မလာလျှင် ချောစုအပေါ်စိတ်ကွက်မည်လား၊ ကျော်စိုးကစိတ်မကွက်ဘူးထား၊ ချောစုကတော့ သေချာပေါက်စိတ်ဆိုးတော့မည်။ မနေ့ညနေက အငယ်မ ရေခပ်ပြီး ပြန်လာတာတောင် ကျော်စိုးနဲ့တွေ့သလား၊ ကျော်စိုးရေလာခပ်သလားဟု တွင်တွင်မေးနေသည်။ အငယ်မသည် ကျော်စိုးကားနှင့်ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ ကျော်စိုး ရေလာမခပ်ကြောင်း အမှန်အတိုင်းပြောသည်ကိုပင် ချောစုက ယုံလှသည်မဟုတ်။ သူ့ကို ရေခပ်ရာမလိုက်စေလို၍ အငယ်မက ညာပြောသည်ဟုထင်နေသေးသည်။ ကျော်စိုး ကားနှင့်ထွက်သွားသည်ကို ပြောပြလိုက်မှ စိတ်ကျေနပ်သွားခြင်းဖြစ်သည်။ ချောစုသည် ညအိပ်ခါနီးလည်း ကယောင်ကတမ်းတွေပြော၊ သွားတကြိတ်ကြိတ်နှင့်မို့ ရောဂါထပ်ဖြစ်မှာစိုး၍ မနည်းချော့မော့သိပ်ထားရသည်။ သည်တော့ နွားနို့ပို့ဖို့ကိစ္စကို လုံးဝအမေ့ခံပစ်၍တော့ ရမည်မဟုတ်။ နောက်ဆုံးတော့ သူ့ဘာသာနိုးလာရင်တော့လည်း သွားတာပေါ့၊ နွားနို့တော့ ညှစ်ထားပေးလိုက်မယ် ဟုတွေးပြီး မီးဖိုခန်းသို့ဆင်းလေသည်။
အရှေ့ဘက်က ရောင်နီသန်းကာစရှိသေးသည်။ အပြင်မှာ မှောင်သည်ဟုလည်းပြောမရ လင်းသည်ဟုလည်းမဆိုသာ၊ လူလုံးဖမ်းနိုင်လောက်ရုံ အလင်းရောင်သာရှိလေသည်။ မီးဖိုထဲခန်းထဲမှာတော့ ထင်းမီးရောင်နှင့် စားပွဲပေါ်ရှိ နို့ဆီခွက်ပေါ် တင်ထွန်းထားသော ဖယောင်းတိုင် မီးရောင်ဖြင့် မှိန်မှိန်လင်းနေ၏။ ထင်းမီးဖိုပေါ်မှာ ရေနွေးခရားအကြီးကြီးကို တည်ထားသည်။ အမေသည် ညကကျန်သော ထမင်းကြမ်းခဲကို အသစ်ချက်ထားသောထမင်းအိုးထဲမှာ ယောက်မနှင့် ဖိထည့်နေ၏။ အငယ်မကိုမြင်တော့ သည်နေ့လည်း နွားကျောင်းလိုက်မသွားဖို့ ပြောသည်။
"နွားနို့တော့ ညှစ်လိုက်ဦးမယ် ဟိုတိုက်အိမ်ကို သွားပို့ပေးရဦးမယ်တဲ့"
"အေး သွားပို့ ချောစုမကို မခိုင်းနဲ့ ပိုက်ဆံလည်း သေချာယူခဲ့ဦး" ဟု အမေက ပြောသည်။ အငယ်မသည်  ပိုက်ဆံကိစ္စကိုစဉ်းစားပြီး စိတ်ညစ်သွားသည်။ ချောစုကစေတနာပိုပြီးအခမဲ့ပို့ပေးနေသည်ကို အမေသိလို့မဖြစ်။ သို့ဖြစ်က ဘယ်ကပိုက်ဆံကို အမေ့အား ပြန်ပေးရမည်နည်း။ အငယ်မသည် မီးဖိုဘေးမှ ဆားတစ်ဆုပ်နှိုက်ကာ မီးဖိုထဲရှိ အင်တုံမှာပင် သွားတိုက်၊ မျက်နှာသစ်သည်။ ထို့နောက်မီးဖိုခန်းရှေ့ ကြိုးတန်းမှာ အသင့်ထားရှိသော မျက်နှာသုတ်ပုဝါ အသေးနှင့် မျက်နှာကိုသုတ်ပြီး နို့ညှစ်ပုံးကိုယူကာ နွားရုံရှိရာ နောက်ဘက်သို့လျှောက်သွားသည်။

အပြင်မှာ ပိုလင်းလာပြီဖြစ်သည်။ ငှက်ကျေးပင် တကျွီကျွီအော်နေကြပြီ။ ကြက်ခြံထဲမှ ကြက်များက တချက်တချက်ထတွန်ကြသည်။ နွားများသည် အငယ်မဝင်လာတော့ တဘွဲဘွဲအော်ကြ၏။ အငယ်မနို့ညှစ်ပြီးထွက်လာတော့ အမေက နွားရုံမှာ ရေဖြည့်သည်။ အငယ်မသည် ဆူစပြုနေသော ရေနွေးအိုးကို မီးဖိုမှခဏချထားပြီး နွားနို့ကို ကြိုလိုက်သည်။ ချောစုနိုးလာပြီး ကျော်စိုးအိမ်သို့သွားဖြစ်ပါက မီးမွှေးပေးနေရမည်ကို မလိုလား။ နို့အိုးတည်ထားရင်း အမေအရိပ်အခြေကိုလည်း ကြည့်ရသေးသည်။ အမေမလာခင် နို့အိုးပွက်သွားမှ စိတ်အေးရ၏။ ကြိုပြီးသော နို့များကို ဒန်ချိုင့်ထဲလှပ်ထည့်၊ ရေနွေးအိုးကို ပြန်တင်၊ နို့ချိုင့်ကို မီးဖိုအပြင်ထရံပေါ်မှ သံမှာချိတ်ပြီး၊ နို့အိုးကို အမြန်ဆေးရသည်။ ထို့နောက် နံနက်စာထမင်းခူးခပ်ရင်း ပိုက်ဆံကိစ္စကို အကြံထုတ်၏။

အငယ်မသည် သိတတ်စအရွယ်ကပင် ချောစုကိုကာကွယ်ပေးရသည်။ ချောစုသည်သူ့ထက်အကြီးဖြစ်သော်လည်း ရောဂါသည်မို့ အစစအရာရာ အငယ်မကပင် ညှာတာရသည်၊ ပူပင်ရသည်၊ မတိမ်းမယိမ်း အရွယ်ရောက်လာ ကြပြန်တော့လည်း ရုပ်ရည်ချောမောလွန်းသော ချောစုအတွက် အငယ်မပင် အစောင့်အရှောက်ဖြစ်ရသည်၊ ရွာမှယောက်ျားသားများက ချောစုကို မထိတထိစနောက်လျှင်လည်း အငယ်မက ရန်တွေ့လွှတ်ရသည်။ ချောစုကိစ္စကိုသာ အမြဲ ဦးစားပေးနေရသည်။ ချောစုလို ဝက်ရူးကို မည်သူက တင့်တောင်းတင့်တယ် ယူမည်မဟုတ်၊ ကြိုက်ချင်ယောင်ဆောင် အညာသွင်းပြီး ပစ္စလက်ခတ်ထားခဲ့နိုင်သည်ဆိုသော အသိကို အမြဲလက်ကိုင်ထားရသည်။ တဖက်ကလည်း ချောစု၏အလှသည် ရွာမှ လယ်ဆင်းကိုင်းဆင်း စာမတတ်ပေမတတ်များနှင့်လည်း မထိုက်တန်ဟု ထင်ပြန်၏။ ကျော်စိုးလိုလူနှင့် ရလျှင်တော့ ချောစုအတွက် စိတ်အေးရမည်ထင်၏။ သို့သော် ကျော်စိုးက ချောစုကို အတည်ကြံမည်ဟုလည်း မမျှော်မှန်းရဲ။ ထိုအတွက်ကြောင့်လည်း ကျော်စိုးအား အကဲခတ်လို၍ ကျော်စိုးအိမ်လိုက်ဖို့ ပြောထားခြင်းဖြစ်သည်။

အတန်ကြာတော့ အဖေက ထမင်းစားဖို့ ဆင်းလာသည်။ အငယ်မသည် အဖေနှင့် အတူထမင်းစားရင်း ပိုက်ဆံကိစ္စကို စိတ်မောနေသည်။ အမေကတော့ အိမ်နောက်ဘက်မှာ လုပ်နေကျ နွားရုံဆိတ်ရုံများကို ရေဖြည့်သည့်အလုပ်အပြင် ချောစုလုပ်ရတတ်သော ဘဲဥလည်ကောက်ခြင်း ကြက်ဥသိမ်းခြင်းများကိုပါ တလက်စတည်း လုပ်နေလေသည်။ အဖေက ထမင်းကို လက်စသိမ်းပြီး လက်မဆေးသေးဘဲ ရေနွေးကြမ်းသောက်နေ၏။
"အဖေ ပိုက်ဆံငါးရာလောက်ပေးပါလား" အငယ်မက အဖေ့ဆီမှ အရဲစွန့်ပြီးတောင်းလိုက်သည်။
"ဘာလုပ်ဖို့တုန်း"
"အတွင်းခံ အင်္ကျီလိုချင်တာ မလောက်လို့"
"မအပ်မရာတွေ ငါ့လာပြောနေတယ် နင့်အမေဆီက တောင်းပါလား"
အဖေက မျက်နှာပျက်ပျက်နှင့်မာန်လိုက်၏။ အတွင်းခံအင်္ကျီ ဘော်လီ စသည်တို့သည် မိန်းမကိစ္စတွေသာဖြစ်သည်။ ယောက်ျားများရှေ့၊ အထူးသဖြင့် သမီးပျိုက အဖေကို ပြောသင့်သော စကားများမဟုတ်ချေ။ ဘော်လီတို့ အင်္ကျီတို့ကိုပင် လူမမြင်အောင် နောက်ဖေးမိန်းကလေး ရေချိုးအင်တုံနောက်ဘက်က တန်းမှာသာ ထဘီများနှင့် ရောလှန်းရသည်မဟုတ်လား။ အိမ်မှာ အိမ်ရှေ့လူမြင်ကွင်းဆိုလျှင် ယောက်ျားအင်္ကျီပုဆိုးများကိုသာ လှမ်းရပြီး အိမ်ရှေ့ရေတွင်းနား ရေချိုးခွင့်ရသည်မှာလည်း အဖေတစ်ဦးသာရှိသည်မဟုတ်လား။

အဖေသည် အင်တုံမှာ လက်ဆေးပြီး မီးဖိုထဲမှထွက်သွား၏။ အိမ်အောက် ကုလားထိုင်မှာ ခဏတဖြုတ်ထိုင်၊ ဆေးတံဖြည့်ပြီးလျှင် နွားကျောင်း ဆိတ်ကျောင်းထွက်လိမ့်မည်။ အငယ်မသည် ထမင်းကို ဆက်စားနေရင်း မိမိစကားပြောမှားသွားသည်ကို နောင်တရလျှက်ရှိလေသည်။ ခဏနေတော့ အမေက နောက်ဖေး အလုပ်များ ပြီးသွား၍ မီးဖိုထဲသို့ဝင်လာသည်။ အငယ်မသည် ထမင်းကို ဆက်မစားတော့ဘဲ ပန်းကန်ထဲကျန်နေသော ထမင်းစေ့များကို အိမ်နောက်ဖေးသို့ ကြဲပေးလိုက်သည်။ ကြက်များ၊ ဘဲများက ပြေးလာပြီး မြေပြင်ပေါ်ပြန့်ကြဲသွား သော ထမင်းစေ့များကို ကောက်စားကြသည်။ အဖေစားသွားသော ပန်းကန်နှင့် မိမိစားသော ပန်းကန်ကို ဆေးနေတုန်းမှာ ချောစုက မီးဖိုထဲဆင်းလာသည်။ ချောစုမျက်နှာသည် အနည်းငယ် ရောင်ကိုင်းနေတုန်းရှိသေးသည်။ မျက်လုံးများက မို့အစ်နေသည်။

"ထမင်းစားမလား" ဟု အမေက မေးလိုက်သည်ကို ခေါင်းညှိတ်ပြသည်။ ချောစုသည် ဘာကိုမှ သတိရပုံသိပ်မပေါ်။ ထမင်းစားပွဲမှာ ဝင်ထိုင်ပြီး အငယ်မကို ငူငူကြီး လှမ်းကြည့်နေ၏။ အငယ်မက ခုတင်ဆေးပြီးသော ပန်းကန်ထဲမှာ ထမင်းခူးပြီး ကမ်းပေးလိုက်၏။ ချောစုသည် လှမ်းယူပြီး စားပွဲပေါ်ရှိ ပဲဟင်းခွက်ထဲမှ ဇွန်းကိုယူကာ ထမင်းတစ်လုပ်ခပ်ပြီး ပါးစပ်ကိုဟသည်။ ကျယ်ကျယ်ဟမရဘဲ နာနေရာ ဗလုံးဗထွေးအသံပြု၏။ ထိုအခါမှ အမေနှင့် အငယ်မသည် အလန့်တကြား ကြည့်ရသည်။
"ဘာဖြစ်တာလဲ" ဟု အငယ်မက မေးသည်။ ချောစုက ပါးစပ်ကို ဟလို့ရသလောက်ဟပြီး လက်ထိုးပြသည်။ အမေက ချောစု၏ ဆံပင်ကို လက်ဖြင့်ဖယ်ပြီး ကြည့်တော့ ပါးရောင်နေသည်ကို မြင်ရာ မိမိရိုက်ထားသော ဒဏ်ကြောင့်ဟု သိရှိလေ၏။ အမေက သက်ပြင်းတချက်ကို မသိမသာချပြီး "ပါးစပ်ဟမရဘူးလား မဝါးနိုင်ဘူးလား နွားနို့သောက်မလား" ဟု မေးလိုက်သည်။ ချောစုသည် နွားနို့သံကြား၍ ကျော်စိုးအား သတိရသွားလေတော့သည်။

"အငယ်မ နွားနို့လေ နွားနို့ပို့ရမယ် နင်ညှစ်ထားလား" ချောစုက ပါးစပ်ကိုဟလို့ရသမျှဟပြီး ဗလုံးဗထွေးပြောသည်။
"အေး ညှစ်ထားပါတယ် မနေ့ကထက်တောင် များသေးတယ် နင်တစ်ခွက်သောက်လိုက် ငါ တလက်စတည်း အကုန်ပဲကြိုလိုက်တော့မယ် ဟိုလူလည်း ကြိုစရာမလိုတော့ဘူးပေါ့"
အငယ်မသည် စကားကို တမင်တကာပင် အမျှင်မပြတ်ပြောပြီး မီးဖိုရှေ့ထရံမှာချိတ်ထားသော ချိုင့်ကိုယူကာ အိုးထဲမြန်မြန်ဆန်ဆန် သွန်ထည့်၊ ရေနွေးအိုးကိုဘေးမှာချပြီး၊ နို့အိုးကို မီးဖိုမှာတည်လိုက်သည်။ မီးငွေ့ငွေ့သာရှိတော့ရာ ထင်းအနည်းငယ်ထပ်ဖြည့်ပြီး မီးမှုတ်ရသည်။ အမေသည် မပြောမဆိုနှင့်ထထွက်သွားပြီး အိမ်ပေါ်ထပ်သို့တက်သွားသည်။
"တကယ်က နွားနို့က ကျက်ပြီးသား မီးရှိလို့ တခါတည်းတည်လိုက်တာ နင်သောက်ချင်သောက်လိုက်တော့"
အငယ်မကပြောပြောဆိုဆို ကြွေရည်သုတ်မတ်ခွက်ကိုယူပြီး အိုးထဲမှ နွားနို့ကို နည်းနည်းလှပ်ထည့်ပေးလိုက်သည်။ ချောစုသည် နွားနို့ကြိုပြီးသားပို့ရမည်ကို သိပ်တော့မနှစ်သက်လှ။ မနေ့ကလို မီးမွှေးပေး တည်ပေးလုပ်ပြီး ကျော်စိုးအိမ်မှာ အချိန်ကုန်ချင်သည်မဟုတ်လား။
"နင်ကဘာလို့ကြိုထားတာတုန်း" ပါးစပ်ကို
"အဲဒါအရေးမကြီး အမေသိသွားပြီ ပိုက်ဆံဘယ်လိုပေးမတုန်း"
ချောစုသည် အငယ်မပြောလိုက်မှ ပိုက်ဆံကိစ္စတွေးမိတော့သည်။ မည်သို့မှ အကြံမရ။ "မသိဘူး" ဟုပြောပြီး နွားနို့ကိုနည်းနည်းစီသောက်လိုက် ပါးအံမနာအောင် ဖြည်းဖြည်းလေးမျိုချလိုက်သာလုပ်နေသည်။ အငယ်မသည် ချောစုထိုသို့ပြောမည်ကို သိပြီးသား။ အငယ်မတောင် မည်သို့ကြံရမည်မသိက ချောစုကပိုဆိုးပြီမဟုတ်လား။

"သောက် သောက် နင်နဲ့တော့ စိတ်ညစ်တယ် စကတည်းက ပိုက်ဆံဘလောက်လို့ ပြောလိုက်ပြီးတာကို ရှည်တယ်"
အငယ်မက တဖျစ်တောက်တောက် ပြောနေသော်လည်း ချောစု စိတ်မဝင်စားလှ။ ကျော်စိုးအိမ်ကိုသွားဖို့ ဘာအင်္ကျီဝတ်သွားရမည်၊ ကျော်စိုးက တံခါးဖွင့်ပေးပေးချင်း "အိပ်ပုတ်ကြီး" လို့ခေါ်ကာ စနောက်ရမည်ဟု ပြုံးစိစိနှင့် ဖြစ်နေ၏။ အငယ်မသည် ချောစုကိုကြည့်ကာ စိတ်ပျက်လက်ပျက်ရှိလှသည်။ သည်အတိုင်းဆိုလျှင် ချောစုကိုထားခဲ့ပြီး တစ်ယောက်တည်း သွားပို့ဖို့ အဆင်ပြေမည်မဟုတ်။ ချောစုက အော်ဟယ် ဟစ်ဟယ်လုပ်လျှင် အမေရိပ်မိတော့မည်။ ခေါ်သွားလျှင်လည်း အမေက လွှတ်မည်မဟုတ်။ အဆင်ပြေအောင် မည်သို့လုပ်ရမည်ဟု တွေးတောမရဖြစ်နေလေသည်။

"နင်တို့အဖေ သွားပလား"
အမေသည် မီးဖိုထဲဝင်လာပြီးမေး၏။ အငယ်မက ခေါင်းညှိတ်ပြပြီး "သွားပြီ ခုလေးတင်ပဲ" ဟု ပြောလိုက်သည်။ အမှန်က အဖေထွက်သွားသည်ကို အငယ်မသိလိုက်သည်မဟုတ်။ ချောစုကိစ္စနှင့် ထူပူနေရသည်မဟုတ်လား။ အငယ်မသည် နွားနို့ကို ချိုင့်ထဲလှပ်ထည့်လိုက်သည်။ အမေက ချောစုဘေးမှာ ဝင်ထိုင်ပြီး လက်ထဲကိုင်လာသော ပရုတ်ဆီဘူးအဖုံးကို ဖွင့်ကာ ချောစုပါးမှာ လိမ်းပေးသည်။ ဘာစကားမှတော့ ဆက်မပြော။ ချောစုသည် အနီးကပ်မြင်နေရသော အမေ့မျက်နှာကို ခိုးခိုးကြည့်ရင်း ဝမ်းနည်းလာကာ မျက်ရည်ဝိုင်းလျက်ရှိလေသည်။
"နင်မလိုက်ရင်မလိုက်နဲ့ ငါတစ်ယောက်တည်းသွားလိုက်မယ်"
အငယ်မက တမင်တကာပင် ချောစု မငြင်းလျှင်လည်း အမြတ်၊ ငြင်းလျှင်လည်း အမေက မလိုက်သွားအောင် တိုက်ရိုက်ပြောစေဖို့ ရည်ရွယ်လျှက် ပြောချလိုက်သည်။ နှစ်ယောက်တည်း ရှိချိန်တော့ မလိုက်ဖို့ကို မည်သို့မျှ ဖျောင်းဖြ၍ ရမည်မဟုတ်မှန်းသိသည်။ သိပ်တော့ အိနြေ္ဒမပျက်ရအောင် ချောစု ကျော်စိုးအား ကြိုက်နေသည်ကို အမေမရိပ်မိအောင် ထိန်းဖို့တော့ စိတ်ကူးထား၏။
"အာ ငါလိုက်မယ် နော် အမေ လိုက်သွားမယ် ခဏပဲဟာ"
"လမ်းကောင်းကောင်း လျှောက်နိုင်လို့လား" ဟု အမေက မေးသည်။
"လျှောက်နိုင်တယ်လေ နေကောင်းသွားပြီ" ဟု ချောစုက ဆိုရာ အမေက ခေါင်းညှိတ်ပြလေသည်။ ချောစု ကျေနပ်သွားသည်။ အငယ်မသည်လည်း စိတ်တစ်ခုအေးသွားရ၏။ ပိုက်ဆံကိစ္စကိုတော့ အဆင်ပြေသလိုသာ ကြည့်စီစဉ်တော့မည်ဟု တေးထားလိုက်သည်။ တကယ်တမ်းတော့ အမေကိုယ်တိုင် ချောစုအား အများကြီး အတိုက်အခံပြောလေ့ပြောထမရှိ။ စိတ်အလိုမကျဖြစ်ပြီး ရေဂါပေါ်မှာကို တအိမ်လုံးက ကြောက်နေကြရသည်မဟုတ်လား။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ကျော်စိုးသည် ချောစုတို့ ညီအစ်မရောက်လာချိန်မှာ အိပ်ရာမှနိုးနေပြီဖြစ်သည်။ အငယ်မသည် တံခါးဖွင့်လိုက်သော အခန်းထဲ ဝေ့ဝဲကြည့်နေသည်။ ချောစုကတော့ မျက်နှာသစ်ပြီးကာစ ရှင်းသန့်ချောမောနေသော ကျော်စိုး၏ မျက်နှာမှ အကြည့်မလွှဲနိုင်။
"ဝင်ခဲ့လေ" ဟုကျော်စိုးက အငယ်မလက်ကမ်းပေးနေသော နွားနို့ချိုင့်ကိုလှမ်းယူပြီး ပြောလိုက်သည်။
"ဒီနေ့ရော နိုးပြီလား" ဟု ချောစုက ကျော်စိုးလျှောက်သွားရာ မီးဖိုဘက်သို့ အငယ်မလက်ကိုဆွဲကာ လိုက်ဝင်ရင်းမေးလိုက်သည်။ ချောစုသည် မိမိပါးစပ်နာနေသည်ကိုပင် မေ့သွားပြီဖြစ်သည်။
"နိုးပြီ ပြစရာရှိတယ် လာ"
ချောစုသည် အငယ်မအား ကြည့်ပြီး မျက်ရိပ်ပြ၏။ ဘယ်လိုလဲ ဟူသော သဘောဖြစ်သည်။ အငယ်မသည် မီးဖိုချောင်အနှံ့ကို မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။ ဟိုဟာကဖြင့် ရေပိုက်ဖွင့်ပြီး ဆေးတယ်ဆိုတာဖြစ်ရမယ်၊ သည်ဟာကရော။ အငယ်မသည် မိမိဒူးလောက် အမြင့်ရှိသော အနီရဲရဲ လုံးလုံးပုပု သံထည်အရာတစ်ခုအား မျက်စိကျသွား၏။ အပေါ်မှာ သံကွင်းအဝိုင်းပါသည်။ ဘာများပါလိမ့်ဟုသိလိုသည်။ ကျော်စိုးသည် အသင့်ဆေးထားပုံရသော အိုးထဲသို့ နွားနို့များကို လှပ်ထည့်ပြီး အဆိုပါ လုံးလုံးအရာပေါ်ရှိ သံကွင်းပေါ်မှာ အိုးကို ချိန်ကိုက်ပြီး တင်လိုက်သည်။ ထို့နောက် ဖယောင်းတိုင်တစ်တိုင်ကို မီးညှိ၊ သံကွင်းအောက်နားမှာပါသော ခလုတ်တစ်ခုကိုလှည့်ပြီး ဖယောင်းတိုင်မီးနှင့် သံကွင်းအောက်ရှိ ဘုဝိုင်းအား တို့လိုက်ရာ မီးထတောက်လေသည်။

ကျော်စိုးက တအံ့တသြကြည့်နေကြသော ချောစုတို့အား ပြုံးရယ်ပြပြီး "ဘယ်လိုလဲ မမြန်ဘူးလား" ဟုမေးလိုက်သည်။
"အဲဒါ ဘာလဲဟင်" အငယ်မ၏ စကားသံထွက်လာသည်။ ကျော်စိုးရှေ့မှာ ပထမဆုံး စကားပြောခြင်းဖြစ်သည်။
"ဂတ်စ်မီးဖိုလေ မနေ့ကညနေ သွားဝယ်လိုက်တာ"
"ဟင် ဟုတ်လား ဂတ်အိုးက မြို့ငယ်ကဆိုင်မှာ မြင်ဖူးတာ ဒီလိုမဟုတ်ဘူး အကြီးကြီး ကြောက်စရာကြီး ပေါက်တတ်တယ်တဲ့"
အငယ်မက သူသိသည်ကို ပြောလိုက်၏။
"အဲဒါ ဆိုင်သုံးတွေ ဒီမှာ ပြင်လုပ်ထားတာတွေလေ စီကျူရတီမရှိဘူးပေါ့ ဒီဟာကတော့ အိမ်သုံးပဲ ဆေ့ဖ်ဖြစ်ပါတယ်"
ချောစုနှင့် အငယ်မသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကျော်စိုးကို ခေါင်းညှိတ်ပြလိုက်ကြသည်။ တကယ်တော့ အငယ်မရော ကျော်စိုးပြောသည်ကို လုံးစေ့ပတ်စေ့ နားမလည်။ ဘာလဲဆေးဖြစ်တယ် မပေါက်ကွဲတာကို ပြောတာဖြစ်မယ်ဟုသာ နားလည်လိုက်ကြ၏။
မိနစ်ပိုင်းအတွင်းမှာ နွားနို့အိုးက ပွက်ပွက်ဆူလာလေသည်။
"ဟယ် မြန်လိုက်တာ မီးတောက်ကဖြင့် သေးသေးလေး အရမ်းမြန်တာပဲ" ဟု ချောစုကပြောသည်။
"အဲဒါရော ဈေးကြီးလား"
"သုံးသောင်းခွဲ ဒီထက်သေးတာရှိသေးတယ် သယ်လိုရတဲ့ဟာပေါ့ ပစ်ကနစ်ထွက်ဘာထွက်အတွက်ပဲ" ကျော်စိုးက ခလုတ်ကိုလှည့်ပိတ်ပြီး ပြောလိုက်သည်။
ချောစုနှင့် အငယ်မ အကြည့်ချင်းဆုံကြပြန်၏။ နှစ်ယောက်စလုံး သုံးသောင်းခွဲ ဆိုသည့် ပမာဏကို တွက်ချက်နေကြသည်။ သုံးသောင်းခွဲကတော့ အမေ့ကို ဝယ်ခိုင်းလို့ရမည်ဟုလည်း တပြိုင်တည်း စိတ်ကူးမိကြသည်။
"ဆီထည့်ရတာလား" ဟု အငယ်မက မေးလိုက်သည်။
"မဟုတ်ဘူးလေ ဂတ်စ်ပဲ အထဲမှာ ဂတ်စ်ပါတယ် ကုန်သွားရင် သွားဖြည့်ရတယ် မြို့ငယ်မှာ ဖြည့်တဲ့ဆိုင်ရှိတယ် မကြည့်ပါလား အရမ်းမလေးဘူး"
"ဟုတ်လား ဘယ်လောက်တခါဖြည့်ရတာလဲ"
"သုံးရင်သုံးသလောက်ကုန်တာပေါ့ ဘာမှသိပ်မသုံးရင်တော့ သုံးလေးလသုံးရပါတယ်"
"ဖြည့်ရင်ရော ဘယ်လောက်ကျလဲ"
"လေးငါးထောင်ပေါ့ တကယ်ဆို ဂတ်စ်တွေဟာ အဲလောက် ဈေးကြီးသင့်တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံက ထုတ်တဲ့ ဓာတ်ငွေ့အကြမ်းတွေကို အချောမလုပ်နိုင်တော့ တဖက်နိုင်ငံကို ပို့ရတယ်။ ဟိုက အချောလုပ်ပြီးသားကို ပြန်သွင်းတဲ့အခါမှာတော့ ဈေးကကြီးရော။ ကိုယ်ရောင်းလိုက်လို့ရတာမှ ဘယ်လောက်မှမရှိဘူး။ ကိုယ်ပြန်ဝယ်ရတော့ မတန်တဆပေးပြီး ပြန်ဝယ်ရတယ်။ အဓိက အစိုးရအလုပ်မလုပ်တာပေါ့လေ။ ကိုယ့်နိုင်ငံမှာ ဒီလောက် သဘာဝဓာတ်ငွေ့တွေ ပေါပါလျက် မြေဆီသြဇာတွေ ကောင်းပါလျက် နည်းပညာမတိုးတက်တော့ အရာရာ သူများနိုင်ငံကို အားကိုးနေရတာပဲ"

ကျော်စိုးသည် ဖတ်ဖူးကြားဖူးသည်များကို တရစပ်ပြောနေသည်။ ပြောရသည်ကိုလည်း အာတွေ့လှသည်။ ချောစုနှင့် အငယ်မသည် ကျော်စိုးပြောသည်တို့ကို ငေးလျှက်သာ နားထောင်နေကြသည်။ သူတို့နားမလည်သည်ကို ကျော်စိုးရိပ်မိသည်။ သို့သော် ကိစ္စမရှိ။ မိမိပြောဖို့ဆိုဖို့ အခွင့်ရသည်ကိုပင် ကျေနပ်နေသည်။ သည်မှာလာနေကတည်းက သည်လိုစကားတွေကို ပြောဆို ဆွေးနွေးမည့် အဖော်မရှိ။ မြို့ကိုရောက်မှသာ လူမှုကွန်ယက်တို့၊ သတင်းစာမျက်နှာတို့မှာ သူများရေးသားသည်များကိုဖတ်၊ တခါတလေ မှတ်ချက်ဝင်ပေးပြီး အပြန်အလှန်ဆွေးနွေးဖော်ရရသည်မဟုတ်လား။ ရန်ကုန်မှာ ဆိုလျှင် အပေါင်းအသင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး သည်လိုကိစ္စတွေကို နာရီနှင့်ချီပြီး ပြောဆို ဆွေးနွေး ငြင်းခုန်နေကျဖြစ်သည်။
"တကယ်ဆို အစိုးရသာ ကောင်းရင် ပညာတတ်တွေကို အားပေးအားမြှောက်လုပ်ရင် နည်းပညာဟာ တိုးတက်လာမှာပဲ၊ ဒီမိုကရေစီရလာရင် ပြည်ပက အကူအညီတွေလည်း အများကြီး ဝင်လာမှာပဲ။ နံပါတ်တစ်က ပညာရေးစနစ်ကို ပြင်ရမယ်"

"ဂတ်ဖြည့်ထားရင် လေးလာဟင်"
အငယ်မက ကျော်စိုးစကားကို ဖြတ်ပြီး သိလိုသည်ကို မေးလိုက်ရာ ကျော်စိုး အရှိန်သတ်သွားရသည်။
"မလေးလှပါဘူး မကြည့်လေ"
ကျော်စိုးက စားပွဲပေါ်ရှိ တစ်ရှူးလိပ်ထဲမှ တစ်ရှူးနှစ်ပိုင်းဖြတ်ပြီး နို့အိုးကိုကိုင်ကာ ပြတင်းပေါက်နှင့် ကပ်လျက်ရှိသော ကြွေပြားခင်းထားသည့် စင်ပေါ် တင်ထားလိုက်သည်။
အငယ်မသည် အိုးကို ပွေ့ပြီးမကြည့်၏။ ချောစုကပါ မကြည့်လို၍ မလိုက်ရာ လက်ဖျံရှိ ပွန်းထားသော ဒဏ်ရာက နာသွားပြီး "အား ကျွတ်ကျွတ်" ညည်းလိုက်မိသည်။
"ဘာဖြစ်တာလဲ ဒဏ်ရာတွေနဲ့"
ကျော်စိုးသည် ထိုအခါမှ ချောစု၏ ဒဏ်ရာများကို သတိထားမိသည်။ ချောစုအား မော့ကြည့်မေးရင်း ချောစုမျက်နှာရောင်နေသည်ကိုလည်း သိလိုက်ရ၏။
"မျက်နှာမှာရောပဲ ပြစမ်း"
ကျော်စိုးသည် ချောစု၏ ဆံပင်အားဇိုးဇိုးဇက်ဇက်ဖယ်ကာ ပါးကို ကြည့်လိုက်သည်။ ချောစုသည် ကျော်စိုးအား ပြန်မဖြေဘဲ အငယ်မကိုသာ အားကိုးတကြီးကြည့်နေလေသည်။ ထိုအခါက ကျော်စိုးက အငယ်မဘက်လှည့်ပြီး မေးဆတ်ကာ "ဘာဖြစ်တာလဲ" ဟု အမူအယာနှင့် မေး၏။ အငယ်မသည် ပြောရနိုး မပြောရနိုး ဝေခွဲမရဘဲ ကျော်စိုးအား ကြောင်ကြည့်နေလေသည်။
"နွားနို့တွေက အများကြီးပဲ မနေ့ကလည်း တော်တော်သောက်ယူလိုက်ရတယ် တခါတည်း သောက်သွားကြပါလား မုန့်လည်းရှိတယ်"
ကျော်စိုးက ပြောတော့ ချောစုသည် ဝမ်းသာအားရ ခေါင်းညှိတ်ပြလိုက်လေသည်။ အငယ်မကတော့ စိတ်ရှုပ်လှပြီ။ အိမ်ကို အမြန်သာ ပြန်လိုသည်။ သို့သော် အားတက်သရောဖြစ်နေသော ချောစုကို စိတ်ပျက်အောင် မလုပ်လို။

ကျော်စိုးသည် ချောစု၏ ဒဏ်ရာများအား စိတ်ဝင်စားနေ၍ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ အငယ်မလည်း လိုက်လာသည်ဆိုတော့ မိမိနှင့်များ သက်ဆိုင်လေမလား၊ မိမိအိမ်ကို တစ်ယောက်တည်း လာလို့များ အိမ်မှာ အရိုက်ခံရသလား စသည်ဖြင့်လည်း တွေးမိ၏။ ကျော်စိုးက စားပွဲပေါ်ရှိ နံရံကပ်ဗီဒိုထဲမှ ဖန်ခွက်သုံးခွက်ကို ထုတ်ယူပြီး ဘေစင်ပေါ် အသင့်တင်ထားသောရေပုံးထဲမှရေနှင့် ဆေးကြောသည်။ အငယ်မသည် ဘေစင်ကို အနီးကပ်သွားကြည့်၏။ သွန်ချလိုက်သော ရေများသည် အောက်က အပေါက်သို့ကျသွားသည်ကို စိတ်ဝင်တစားကြည့်၏။ မိမိတို့အိမ်မှာတော့ ဆေးကြောသမျှသည် သစ်သားကြားကြားခင်းထားသော အပေါက်မှ ကျသွားပြီး အောက်မြေပြင်မှာ အိုင်နေတတ်သည်။ အိုးခွက်ပန်းကန်များဆေးကြောရာမှ ပြုတ်ကျသော ထမင်းလုံးများ၊ စားကြွင်းစားကျန်များကို လာစားသော ကြွက်စုတ်ကြီးများက ဗွက်အိုင်ထဲမှာ တကျွီကျွီနှင့် သွားလာနေကြသည်။ တခါတရံဇွန်းပြုတ်ကျ အိုးဖုံးပြုတ်ကျလျှင် ဗွက်အိုင်ထဲမှ တုတ်ချောင်းဖြင့်ထိုးကော်ယူရသည်၊ မရပါက အောက်ကို လေးဘက်ထောက်တွားဝင်ပြီး ကောက်ရသည်။ အငယ်မက ဘေစင်အပေါ်မှ ငေါထွက်နေသော ပိုက်ခေါင်းခလုတ်ကို လှည့်ကြည့် မိရာ "ရေမရှိဘူး ဒါကြောင့် ခပ်ဆေးနေရတာ" ဟု ကျော်စိုးက ပြောလိုက်၏။ ချောစုကတော့ ကျော်စိုးကိုသာ မျက်လုံးမလွှဲဘဲကြည့်နေ၏။

"ဒီရေတွေ ဘယ်ကိုကျသွားလဲ" ဟု အငယ်မက မေးလိုက်သည်။
"ပိုက်နဲ့သွယ်ထားတာလေ အိမ်ရှေ့ရေမြောင်းထဲထိ"
"သြော်"

ကျော်စိုးသည် ဆေးပြီးသော ခွက်များထဲ နွားနို့ဖြည့်သည်။ ထို့နောက် ဗီဒိုထဲမှ ဗန်းတစ်ဗန်းကိုယူ ခွက်များကိုတင်၊ စားပွဲပေါ်မှာရှိသော ကိတ်မုန့်များနှင့် ဘီစကိတ်မုန့်ထုပ်များကို တင်ပြီး အရှေ့ကိုထွက်လေရာ ချောစုနှင့် အငယ်မက နောက်ကလိုက်သွားကြသည်။ ကျော်စိုးသည် အပေါ်ထပ်လှေကားသို့တက်ပြီး ဆက်တီစားပွဲပေါ် ဗန်းကိုတင်လိုက်သည်။
"ထိုင်ကြ" ဟု ကျော်စိုးက ပြောတော့မှ မတ်တပ်ရပ်နေသော ချောစုနှင့် အငယ်မသည် ဆက်တီခုံများမှာ ကိုယ်ကိုကျုံ့ပြီး ဝင်ထိုင်ကြလေသည်။ အငယ်မက အခန်းပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ နံရံနှင့် ကပ်လျက်မှာ စာအုပ်များတင်ထားသော စားပွဲတစ်လုံးရှိသည်။ နံရံမှာ မီးခလုတ်အဖြူရောင်တစ်ခုရှိသည်။ ကြမ်းပြင်မှာ ဖုံအနည်းငယ်ရှိသည်။ သူတို့ထိုင်နေသော ဧည့်ခန်း၏ အနောက်က ကျော်စိုးအိပ်ခန်းဖြစ်ရမည်။ ချောစုကတော့ ဘာကိုမှလည်း မကြည့်၊ ဘာကိုမှလည်း မမြင်၊ မိမိတို့ရှေ့ နှစ်ယောက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သော ကျော်စိုးကိုသာ ကြည့်နေသည်။

"ပြောပါဦး ဘာဖြစ်တာလဲ မျက်နှာမှာရော လက်တွေမှာရော"
ကျော်စိုးက နွားနို့ခွက်နှစ်ခွက်ကို လက်တစ်ဖက်စီနှင့် မယူပြီး ချောစုရှေ့တစ်ခွက် အငယ်မရှေ့တစ်ခွက် ချပေးရင်းမေးလိုက်သည်။ ချောစုသည် အငယ်မအား ကြည့်ပြန်၏။
"အဲဒါလေ မနေ့က ဒီကပြန်တော့ လဲသွားတာ" အငယ်မက သက်ပြင်းတစ်ချက်အကြီးကြီးချပြီး ဖြေလိုက်သည်။
"ဟုတ်လား ချော်လဲသွားတာလား"
"မဟုတ်ဘူး ဟိုဟာလေ သူနေကောင်း မဖြစ်တာကြာပြီ"
အငယ်မက အပြတ်ပြတ်နှင့် ဝေဝေဝါးဝါးပြော၏။ ထိုအခါမှ ကျော်စိုးသည် ရေခပ်တုန်းက မိန်းမကြီးတစ်ဦးပြောသည့် ဝက်ရူးပြန်ရောဂါပင်ဖြစ်ရမည်ဟု ရိပ်မိလိုက်တော့သည်။ မေးမိသည်ကိုလည်း အားနာသွားသည်။ သို့သော် ဝက်ရူးပြန်ရောဂါအကြောင်း ကြားဖူးနားဝရှိသောကြောင့် မည်သို့မည်ပုံ ပွန်းပဲ့ရောင်ကိုင်းနေသည်ကို နားမလည်နိုင်။ ဆိုတော့ အငယ်မပင် တခြားအကြောင်းကို ဖုံးကွယ်လို၍ ညာပြောလေသလားဟု သံသယဝင်လာသည်။ တောကလူတွေဟာ အရှက်အကြောက်က ကြီးပါဘိနဲ့ အရိုက်ခံရတာကို ရှက်စရာလို့မြင်နေလို့သာဖြစ်ရမည်ဟု တွေး၏။ နောက်ပြီး မည်သူက ရိုက်သနည်း။ မိဘက သားသမီးကို ရိုက်ပြီးဆုံးမတာမျိုးဟာ လူ့အခွင့်အရေးကို ဆန့်ကျင်နေသည်မဟုတ်လား၊ ဒါတွေကို တိုက်ဖျက်ရမည် စသည်ဖြင့် ကျော်စိုး၏ လူ့အခွင့်အရေးကို အလေးထားလိုစိတ်၊ လစ်ဘရယ်ဖြစ်လိုစိတ်၊ နိုင်ငံကို တိုးတက်စေလိုစိတ် တို့သည် တက်ကြွလာလေသည်။ တောသူတောင်သားတွေကို အသိပညာပေးရမယ်၊ လိုအပ်ရင် မိဘကိုပါ သွားပြီး ပြောပြရမယ် ဟုပင် စဉ်းစားနေမိတော့သည်။

"ကြည့်ရတာ အရိုက်ခံထားရသလိုကြီးပါ" ဟု ကျော်စိုးက ပြောလိုက်၏။
"ဟုတ်တယ် ပါးက အမေရိုက်လိုက်တာ" ဟု အငယ်မက ပြော၏။
"အဲဒါတွေပဲ မိဘတွေဟာ သားသမီးတွေကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားနေကြတယ် ဒါမျိုးမဖြစ်သင့်ဘူး၊ နိုင်ငံခြားတွေမှာဆို အမေကလည်း သားသမီးကို ရိုက်ခွင့်မရှိဘူး၊ ဘယ်သူ့ဘယ်သူမှ ရိုက်ခွင့်မရှိဘူး၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ရင် ရဲတိုင်လို့ရတယ်"
အငယ်မသည် ကျော်စိုးပြောသည်ကို နားမလည်နိုင်။ ချာစုကသာ ရေဂါရှိသောကြောင့် များများစားစား အရိုက်မခံရပေမဲ့ အငယ်မကတော့ ငယ်ငယ်ကတည်းက တခုခု အပြစ်လုပ်မိလျှင် တုတ်စာမိသည်ချည်းသာ။ မိဘက သားသမီးကို ဆုံးမတဲ့ကိစ္စ ဘယ်လိုလုပ်ရဲတိုင်မလဲ၊ သားသမီးတွေ ပျက်စီးမှာပေါ့၊ ကောင်းစေချင်လို့ ရိုက်တာပဲ၊ နိုင်ငံခြားဆိုတာတွေဟာ ဆန်းကြယ်ပေစွဟု တွေးမိလေသည်။ 
"အမေက ချောစုမကို မရိုက်လှပါဘူး။ ခုလည်း သွားတွေကြိတ်နေလို့သာ ရိုက်လိုက်ရတာ၊ တော်ရုံက ရွယ်တောင် မရွယ်ဘူး" ဟု အမေ့အပေါ် ကျော်စိုးအထင်မလွဲစေလိုသောကြောင့် ရှင်းပြနေ၏။ ထိုအခါမှ ကျော်စိုးလည်း ဝက်ရူးပြန်ရောဂါ၏ သဘောသဘာဝတို့ကို သိလိုလာမိသည်။ ဝက်ရူးပြန်လျှင် တစ်ကိုယ်လုံးတုန်သည် ဆိုတာလောက်သာ သိထားသည်မဟုတ်လား။

"ဟုတ်လား သွားက ဘယ်လိုကြိတ်တာလဲ"
"တင်းတင်းစေ့ပြီး တဂျိမ်းဂျိမ်း ကြိတ်နေတာ"
ချောစုသည် ယခုမှသာ မိမိရောဂါအကြောင်း အသေးစိတ်ပြန်ကြားဖူးရ၍ စိတ်ဝင်တစားနားထောင်နေလေသည်။ ကိုယ်တိုင်က ရောဂါဖြစ်လျှင် မေ့နေတတ်ပြီး သူများဖြစ်သည်ကိုလည်း မမြင်ဖူးရကား အထူးအဆန်းဖြစ်နေသည်။
"အဲဒါ ရိုက်လိုက်ရင် ရပ်သွားလား" ကျော်စိုးက ဆက်မေးသည်။
"မရပ်ဘူး ဒါပေမဲ့ နည်းနည်းတော့ လျော့သွားတာပေါ့ တစ်ကိုယ်လုံးတုန်နေတော့ ဖိထားရတာ ပါးစပ်ကလည်း အမြှပ်တွေထွက်တယ်"
ကျော်စိုးနှင့် အငယ်မသည် ချောစုကို ရှေ့မှာထားပြီး ချောစုရှိသည်ကိုပင် မေ့ပြီး ပြောဆိုနေကြသည်။ ချောစုက အိခနဲ့ ထငိုတော့မှ လန့်သွားကြရတော့သည်။

"တော်ပြီ တော်ပြီ ကျွန်တော်မသိလို့ မေးမိတာ တောင်းပန်ပါတယ်ဗျာ၊ မငိုပါနဲ့"
ကျော်စိုးက ချောစုနားထလာပြီး ပြောလိုက်သည်။ ထိုအခါ ချောစုသည် အငယ်မကိုလှမ်းဖက်လိုက်ပြီး ရှိုက်ကြီးတငင်ငိုနေတော့သည်။ ကျော်စိုးသည် အလွန်အားနာသွားရသည်။ ချောစု ပုခုံးကို နောက်မှနေ၍ ပွတ်သပ်ပေးနေမိ၏။ အငယ်မသည် စိတ်မကောင်းဟန်ဖြစ်နေသော ကျော်စိုးမျက်နှာအား မြင်နေရကာ ချောစုကို ကျော်စိုးလက်ထဲသို့ ချက်ချင်းအပ်လိုက်လိုစိတ်ပင်ပေါ်လာလေသည်။

ကျော်စိုးသည် ချောစုစိတ်ပြောင်းသွားစေရန် စားပွဲပေါ်တင်ထားသော လက်ပတော့အဖုံးကို ဖွင့်လိုက်သည်။
"ဒီမှာ ကြည့်စမ်း ကွန်ပျူတာ သုံးတတ်လား၊ သီချင်းနားထောင်မလား ကာတွန်းကားတွေရှိတယ် ကြည့်မလား"
ကျော်စိုးအကြံအောင်မြင်၏။ ချောစုက ငိုနေသည်ကိုရပ်ပြီး လှည့်ကြည့်သည်။ ကျော်စိုးက ဒတ်စတော့ပေါ်တွင်တင်ထားသော 'Beauty and the beast' ကာတွန်းကားကို ဖွင့်ပြလိုက်ရာ ချောစုသာမက အငယ်မပါ ငေးမောကြည့်နေကြလေသည်။ ကွန်ပျူတာမှာ တီဗီလည်း ကြည့်လို့ရသည်ကိုးဟု တွေးနေကြ၏။

အချိန် ဆယ်မိနစ်ခန့်ကြာလာသည်။ ချောစုနှင့် အငယ်မသည် ကားတွန်းကား စကားပြောများကို နားမလည်သော်လည်း အရုပ်များကို စိတ်ဝင်တစားကြည့်ရင်း အိမ်ပြန်ဖို့ကို မေ့နေကြသည်။ သည်လိုဆိုတော့လည်း ကျော်စိုးသည် ပျင်းလာ၏။ ကားပြီးသည့်အထိ ထိုင်ကြည့်နေကြရင်တော့ ဒုက္ခ ဟု တွေးနေသည်။ တဖက်ကလည်း သူတို့လေးတွေခမျာ မကြည့်ဖူးရှာဘူးထင်တယ်၊ ကြည့်ချင်ကြမှာပေါ့ ဟုလည်း တွေးမိကာ သနားပြန်၏။ တောသူတောင်သားတွေရဲ့ ဘဝဟာ တယ်နိမ့်ကျတာပဲ၊ ဘာမှတိုးတက်မှုမရှိဘူး၊ သူများနိုင်ငံတွေမှာဆို တောရောမြို့ပါမကျန် လျှပ်စစ်မီး တထိန်ထိန်နဲ့ အင်တာနက်သုံးနိုင်နေကြပြီ၊ တောဆိုပေမဲ့ လူနေမှုအဆင့်အတန်းကလည်း မြင့်ကြတယ်၊ ဒီမိုကရေစီရရင်တော့ ဒါတွေကို ဦးစားပေး လုပ်ရမှာပဲ၊ ဒီမိုကရေစီရော ရပါတော့မလား၊ နောက်နှစ် ရွေးကောက်ပွဲကျရင်တော့ အခြေအနေတွေ တမျိုးပြောင်းသွားနိုင်တယ်၊ အရင့်အရင်ခေါက်တွေတုန်းကလို အစိုးရက ညစ်ပြီး မဲလိမ်ရင်တော့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး၊ အေးလေ ခုခေတ်က အရင်လို မျက်စိပိတ်နားပိတ်မဟုတ် နိုင်ငံတကာက ဖိအားတွေလည်းရှိလာပြီဆိုတော့ လိမ်ချင်မှလည်း လိမ်တော့မှာပေါ့၊ ဒါပေမဲ့ မဲနိုင်လို့ အစိုးရသစ် တက်ပြီထား လက်ရှိအစိုးရရှုပ်သွားတာတွေကို ရှင်းရမှာတင်မနည်းဘူး၊ အစိုးရသစ်ဟာ အုပ်ချုပ်ရေး အတွေ့အကြုံလည်းမရှိ လုပ်ရော လုပ်နိုင်ပါ့မလား၊ မလုပ်နိုင်လို့ ဆူကြပူကြရင်လည်း စစ်တပ်က အာဏာပြန်သိမ်းရင်အခက်၊ ဒီတခါသာ အရင်လို အာဏာပြန်သိမ်းလို့ကတော့ နောက်ထပ် နှစ်ငါးဆယ်လောက်ဆို နိုင်ငံပါပျောက်တော့မယ် စသည်ဖြင့် တွေးတော့နေ၏။ တွေးနေရင်းကလည်း နိုင်ငံအတွက် တခုခု လုပ်ကိုင်ဆောင်ရွက်ပေးလိုစိတ်သည် တက်ကြွလာကာ ချက်ချင်းပင် လူစု၊ လက်နက်စုဆောင်းပြီး အစိုးရကို တိုက်ခိုက်လိုက်ချင်တော့သည်။ ၄င်းကို အကောင်အထည်ဖော်ဖို့ မဟာဗျူဟာကြီးအား စိတ်ကူးထဲမှာ ဆက်လက်စီစဉ်နေလေသည်။ 

အငယ်မသည် ဆီးသွားချင်လာကာ ထိုင်နေရာမှ ဖင်ကိုကျုံ့ပြီး ကွန်ပျူတာမျက်နှာပြင်ကို ငေးကြည့်နေသော ကျော်စိုးအား လှည့်ကြည့်သည်။ ကျော်စိုးက အတွေးထဲ လွင့်မျောနေရာ အငယ်မကို သတိမထားမိ။
"ဟိုလေ နောက်နေ့မှ ဆက်ကြည့်လို့ရမလား"
"ခင်ဗျာ"
"ပြန်တော့မယ် အမေရှာနေမှာစိုးလို့"
"သြော် ပြန်လေ ကျွန်တော် နွားနို့ဖိုးပေးလိုက်မယ် နေ့တိုင်းကြီးတော့ အလကား မပေးပါနဲ့ အားနာလို့ပါ"
ကျော်စိုးက ပြောပြောဆိုဆိုနှင့် ထိုင်ရာမှထပြီး ပိုက်ဆံယူဖို့ အိပ်ခန်းထဲကို ဝင်သွားလေသည်။ အငယ်မသည် ကျော်စိုးက ပိုက်ဆံပေးလိုက်မည်ဆို၍ ဝမ်းသာသွားသည်။ ပိုက်ဆံမြင်လျှင်တော့ ကြာနေသည်ကို အမေက စစ်လားဆေးလား မလုပ်တန်ကောင်းဟု မျှော်လင့်၏။ ချောစုသည် ကာတွန်းကားကို ဆက်ကြည့်ချင်သေးသည်။ ကျော်စိုးအိမ်မှာလည်း နေချင်သေးသည်။ သို့သော်လည်း အငယ်မပြောသလို အမေရှာနေမည်ကိုလည်း ကြောက်လေရာ ပြန်ဖို့ထရပ်၏။

ကျော်စိုးက ပိုက်ဆံတစ်ထောင်တန် နှစ်ရွက်ထုတ်ပေးသည်။ အငယ်မသည် နွားနို့ဖိုးအတွက် နှစ်ထောင်ရမည်ဟု မျှော်လင့်မထား။ လွန်ရောကျွံရော ငါးရာလောက်ရလျှင်ကျေနပ်ပြီ။ ကျော်စိုးအား တစ်ထောင်တန်တစ်ရွက် ပြန်ပေးရာ ကျော်စိုးက ရယ်ပြုံးပြီး "မနေ့ကအတွက်ပါပါတယ်လေ" ဟုပြော၏။ အငယ်မသည် အားနာသော်လည်း ပိုက်ဆံကို ဝတ်ထားသော ရှပ်အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး ပြန်ဖို့ပြင်သည်။ ချောစုသည် ကျော်စိုးက ပိုက်ဆံပေးသည်ကို မကြိုက်လှ၊ မရင်းနှီးသလို ခံစားရသည်၊ သည်လောက်ကတော့ တတ်နိုင်သည် နွားနို့ဟာ အလကားရနေတာပဲဟု တွေးနေသည်။ သို့သော် အမေ့ကို ပြန်ပေးရမည်ဖြစ်ရာ အငယ်မယူလိုက်သည်ကိုပင် ကျေးဇူးတင်ရသည်၊ မိမိတစ်ယောက်တည်းသာ ဆိုလျှင် ပိုက်ဆံကို ယူရခက်မည် မဟုတ်လား။ နောက်မှ တခုခု ပြန်ပေးတာပေါ့၊ ဘာပေးရရင်ကောင်းမလဲဟု စဉ်းစား၏။
"ဟိုလေ မနက်ဖြန်ကျရင် အိမ်မှာ ဆိတ်ပေါ်မယ် သူများမှာထားတာလေ စားမယ်ဆို နည်းနည်းယူလာပေးမယ်"
ဟု ချောစုက သတိရပြီး ပြောလိုက်သည်။
"ဆိတ်သတ်မှာလား"
"ဟုတ်တယ် ဥက္ကဌသမက်မှာထားတယ်လေ ကလေးမွေးနေ့ အလှူလုပ်မှာ။ မသိဘူးလား"
ဟု အငယ်မက မေးလိုက်သည်။
"ဘယ်သူသတ်မှာလဲ"
"အဖေသတ်မှာပေါ့"
ကျော်စိုးက "သြော်…" ဟုသာ ရေရွတ်ပြီး အိမ်အောက်ထပ်သို့ ဦးဆောင်ဆင်းသွားရာ ချောစုနှင့် အငယ်မ နောက်ကလိုက်ဆင်းပြီး၊ ကျော်စိုးကို နှုတ်ဆက်ကာ ပြန်ဖို့ပြင်ကြသည်။  ကျော်စိုးက မီးဖိုချောင်ထဲမှ နွားနို့ထည့်လာသော ချိုင့်ကို ယူပေးပြီး "ကျေးဇူးပဲနော်" ဟု ပြော၏။
"စားမှာလား မစားဘူးလား"
ချောစုက တံခါးဝမှာရပ်ကာ မေးသည်။
"ကြည့်လိုက်ဦးမယ်လေ" ဟု ကျော်စိုးက ဖြေ၏။

အငယ်မသည် ချောစုလက်ကို ဆွဲကာ ကျော်စိုးတို့ ဝင်းထဲမှ ထွက်လာသည်။ နေသည် ဝင်းဝင်းတောက်နေပြီ။ အငယ်မ မျက်နှာက ချွေးများပြန်ပြီး သုန်မှုန်နေသည်။
"ပူလိုက်တာဟယ်" ဟု ချောစုက အငယ်မလက်ထဲမှ ဒန်ချိုင့်ကို လှမ်းယူရင်း ပြောလိုက်သည်။
"အေး မြန်မြန်လာ" အငယ်မက ထိုမျှသာ ပြန်ပြောပြီး ခပ်သွက်သွက်လျှောက်၏။
"သူကလည်း စားမလား မစားဘူးလား မပြောဘူးဟေ့နော်၊ အားနာလို့ထင်တယ်" ဟု ချောစုက ပြောသည်။
"မပြောတတ်ဘူး၊ ငါတော့ သတ်တာဖြတ်တာတွေ သူမစားရဲဘူးထင်တာပဲ" ဟု အငယ်မက ပြန်ပြောလိုက်သည်။
"သတ်တာမစားလို့ ဘယ်လိုစားမတုန်း"
"ဝယ်စားမှာပေါ့"
"ဝယ်စားတာလည်း သတ်ရတာပဲလေဟာ"
"အေး ငါမသိဘူး" ဟု အငယ်မက လေသံမာမာနှင့် ပြောပြီး ရှေ့မှပြေးသွားလေရာ ချောစုသည် နားမလည်နိုင်ဘဲရှိလေ၏။

အိမ်ဝင်းထဲရောက်တော့ အငယ်မသည် အမေက "ကြာလိုက်တာ" ဟု လှမ်းပြောနေသည်ကို ပြန်မဖြေနိုင်ဘဲ အိမ်သာထဲ ပြေးဝင်သွားလေသည်။ အမေက နောက်မှပါလာသော ချောစုကို ဆက်မေး၏။
"ကြာလိုက်တာ ဘာတွေလုပ်နေကြတုန်း အငယ်မကရော ဘာတွေဖြစ်လာတုန်း မေးတာတောင်မဖြေဘူး"
"သေးပေါက်ချင်လို့ ဖြစ်မှာပေါ့၊ ဟိုမှာလေ တီဗီကြည့်ခဲတယ် သိလား ကွန်ပျူတာမှာ တီဗီကြည့်လို့ရတယ် သိလားအမေ" ဟု ချောစုက ပြောလိုက်သည်။
"ဟုတ်လား ရမှာပေါ့ ကွန်ပျူတာက အကုန်လုပ်လို့ရတယ်ဆိုလား" ဟု အမေက ပြော၏။
"ပြီးအောင်မကြည့်ခဲ့ရပါဘူး။ တိုက်အိမ်က လူဟာ အရမ်းသဘောကောင်းတာပဲ သိလား အမေ မုန့်တွေလည်း ကျွေးလိုက်တယ်၊ နွားနို့တောင် တိုက်လိုက်သေးတယ်"
ချောစုက အားတက်သရောပြောနေလေရာ
"ညည်းပါးစပ် မနာတော့ဘူးလား" ဟု အမေက သတိရပြီး မေးလိုက်၏။
"မနာတော့ဘူး ဟီးဟီး" ဟု ချောစုက ပြန်ပြောလေသည်။

အငယ်မသည် အိမ်သာထဲမှထွက်လာသည်။ အမေ့အား ကျော်စိုးပေးလိုက်သော ပိုက်ဆံနှစ်ထောင်ကို ထုတ်ပေးသည်။
"ဇာတ်ကားကြည့်နေကြတယ်ဆို" ဟု အမေက မေးသည်ကို "အင်း" ဟု တစ်လုံးတည်းသာ ဖြေပြီး မျက်စိမျက်နှာ ပျက်ပျက်နှင့် အိမ်ပေါ်သို့တက်သွားသည်။
"ငါ့ကို မှန်မှန်ပြောစမ်း ဘာဖြစ်လာကြလဲ" ဟု အမေက ချောစုအား မေးလိုက်သည်။ ချောစုသည် အငယ်မကို နားမလည်နိုင်။ မိမိသိသလောက် ဘာမှလည်း မဖြစ်ခဲ့။ ကျော်စိုးသည် သဘောကောင်းသည်၊ ကြင်နာတတ်သည်၊ မြို့ကြီးသားပေမဲ့ မာနတကြီးမရှိ။ ချောစုကတော့ ကျော်စိုးကို သဘောကျပြီးရင်း ကျလို့သာနေသည်။ အငယ်မက ဘာဖြစ်လေသနည်း။
"ဘာမှမဖြစ်ပါဘူး၊ သြော် တိုက်အိမ်ကလူကလေ အမေ ဂတ်အိုးသေးသေးဝယ်ထားတယ်သိလား သုံးသောင်းခွဲပဲပေးရတယ်တဲ့ ပေါက်လည်း မပေါက်ဘူးတဲ့ ဟိုဆိုင်တွေမှာလို အကြီးကြီးမဟုတ်ဘူး စိတ်ချရတယ်တဲ့ သမီးတို့လည်း ဝယ်ရအောင်"
ဟု ချောစုက ပူဆာလေသည်။
"ဥက္ကဌအိမ်မှာ ဝယ်ထားပြီးပြီဆိုတာမျိုးလားမသိဘူး ညတုန်းက နင့်အဖေပြောနေတယ် ဒါပေမဲ့ ကုန်တိုင်း မြို့မှာ သွားဖြည့်ရတယ်တဲ့ ဘယ်လိုလုပ်သွားမလဲ"
ချောစုသည် အမေ့စကားကြောင့် စိတ်ပျက်သွားသည်။
"ဒါဖြင့် ဆိုလာပြားဝယ်ကြမယ်လေ ဆိုလာပြားက ဈေးမကြီးလှဘူးတဲ့ ရေမောင်းလို့ရတယ်တဲ့"
"ဘယ် ဒီလောက် ရေမရှိတာကို ဘယ်ကရေနဲ့ မောင်းမတုန်း တော်စမ်းပါဟယ် အငယ်မ ဘာဖြစ်လာလဲ ငါ့ပြောစမ်းပါ"
ထိုအခါမှ ချောစုသည် အငယ်မကို သတိရ၏။ "မသိဘူး" ဟု ထပ်ပြောလိုက်သည်။ ဟိုအိမ်မှာ တီဗီကြည့်နေတုန်းကလည်းအကောင်း၊ လမ်းရောက်မှ ဖြစ်သွားတာပဲ ဟုတွေးနေ၏။ နှစ်ယောက်တည်းကျမှ ပြန်မေးရမည်ဟု တေးထားလိုက်၏။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ကျော်စိုးသည် အိပ်ရာမှစောစောနိုးလာသည်။ ဗိုက်ထဲမှ ဆာနေသဖြင့် ဂတ်စ်အိုးနှင့် ရေနွေးတည် ကော်ဖီမစ်တစ်ထုပ်ကို ဖျော်သောက်ရင်း ကွန်ပျူတာရှေ့ထိုင်ပြီး ချောစုတို့ကြည့်သွားသော ကာတွန်းကားကို ဖွင့်ကြည့်နေမိသည်။ ကျော်စိုးသည် မနေ့က ချောစုတို့ ပြန်သွားပြီးတုန်းကလည်း ကွန်ပျူတာရှေ့ထိုင်ကာ အတန်ကြာမှိုင်နေ၏။ စိတ်ထဲမှာ ချောစုအဖေ ဆိတ်သတ်မည်ဆိုသည့် ကိစ္စက မကြာမခဏဝင်လာ၏။ ကျော်စိုးသည် ဆိတ်သတ်သည်ကို မမြင်ဖူး။ မိမိကိုယ်တိုင်လည်း ခြင်မှလွဲ၍ ဘယ်တိရစ္ဆာန် အသားငါးကိုမှ မသတ်ဖူး။ ထိုသို့မသတ်ဖူးသည်ကိုလည်း ကိုယ့်ဘာသာ ပါနာဒိပါဒါကံတစ်ပါးကိုတော့ဖြင့် လုံအောင်ထိန်းနိုင်သည်ဆိုပြီး ကြုံကြိုက်တုန်းများမှာ ထုတ်ဖော်ပြောဖူးသည်။ ပါနာဒိပါဒါကံသည် ကံငါးပါးထဲမှာ အပြစ်အကြီးဆုံးကံဟုလည်း သတ်မှတ်ထားသည်။ အရက်သေစာ တခါတလေ သောက်တာ၊ မူးယစ်ဆေးဝါး ရံဖန်ရံခါ သုံးစွဲတာ၊ သူများကို လိမ်လည်လှည့်ဖြားနေသည်မဟုတ်သည့်တိုင် စကားလှအောင် ဟန်ဆောင်မုသားပြောရတာ၊ သူတပါး သားမယားကို မျက်စိစာကျွေးမိတာ၊ ငယ်စဉ်တုန်းကမိဘပိုက်ဆံကို ခိုးသုံးတာတို့သည် ပါနာဒိပါဒါလောက်တော့ အပြစ်မကြီးဟုလည်း ထင်မှတ်ထားသည်။  ရိုးသားသည်၊ အကောက်အကွေ့မရှိ၊ ဘာသာတရားကိုင်းရှိုင်းသည် စသည်ဖြင့် သူသိထားသော တောသူတောင်သားများက တိရစ္ဆာန်ကို စားဖို့သတ်ရမည်ဆိုသည့် အကြောင်းလည်း အရင်က တခါမှမတွေးစဖူး။

ကျော်စိုးသည် အတွေးများသူပီပီ စိတ်နောက်ကျိလာသည်။ မိမိသည် အသားငါးစားသုံးနေသည်ကိုက အပြစ်ကြီးလေပြီလော၊ ကိုယ်တိုင်မသတ်လည်း ကိုယ်စားဖို့ သူတပါး သတ်ရသည်ကလည်း ပါနာဒိပါဒါကံမြောက်သလောဟုတွေး၏။ ထို့နောက် တဖန် ဒါတွေဟာ သဘာဝတရားတွေပဲ၊ လူတွေဟာ အစုံစားသတ္တဝါဖြစ်တဲ့အတွက် သူတပါး အသက်ကို သတ်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး၊ စားရဲမှတော့ သတ်ရဲတာကသာ တရားမျှတလိမ့်မယ် စသည်ဖြင့် စဉ်းစားမိပြန်၏။ ထို့နောက် ကွန်ပျူတာ ပိတ်ကာ ချောစုတို့အိမ်ဘက် ထွက်လာမိသည်။

ကျော်စိုးသည် လမ်းလျှောက်လာရင်း ချောစုနာမည်ကို မိမိမသိမှန်း သတိထားမိသည်။ ချောစုနာမည်ကို တခါမှလည်း မမေးဖူးခဲ့။ ချောစုကရော ကျော်စိုးနာမည်ကို သိလေသလားမပြောတတ်။ ကိုယ့်ဘာသာလည်း နားမလည်လှ။ ချောစုဟာ ရောဂါသည် မိန်းကလေးမို့ နာမည်လေးကိုပင် သိဖို့မကြိုးစားခဲ့လေသလားဟု တွေးမိကာ အားနာလာ၏။ ချောစုသည် မိမိကို စိတ်ဝင်စားနေသည်ဟု ကျော်စိုးထင်နေသည်။ မိမိကိုယ်တိုင်ကမူ ချောစုအလှကို မြင်ကာစက ငေးမောဖူးသော်လည်း ရောဂါသည်မှန်း သိလိုက်ချိန်မှစ၍ ကရုဏာသက်ခြင်းသာကျန်ခဲ့သည်၊ ချောစုကို လိုက်လိုက်လျောလျော ဆက်ဆံမိသည်မှာလည်း သနားသည်ရော၊ စကားပြောဖော်မရှိသည်ရော၊ ချောစုဟာ မိမိကို အန္တရာယ်ပေးမည့်သူမဟုတ်ဟု ယူဆသည့်အတွက်ကြောင့်ရောဖြစ်သည် စသည်ဖြင့် ကိုယ့်ဘာသာ ဆန်းစစ်တတ်သည့် သဘာဝအတိုင်း ဆန်းစစ်ကောက်ချက်ချနေလေသည်။ ထို့နောက် ချောစုတို့အိမ်ကို ဆက်သွားရကောင်းနိုး မသွားရကောင်းနိုး ချီတုံချတုံ ဖြစ်လာကာ လမ်းမှာပင် မတ်တပ်ရပ်နေမိသည်။

ကျော်စိုးသည် ငါဟာ လူကောင်းသူကောင်းရော ဟုတ်သေးရဲ့လား၊ ရောဂါသည် မိန်းကလေးကို မျှော်လင့်ချက်ပေးသလိုများ ဖြစ်နေပြီလား၊ တော်ပါပြီ အဆက်အဆံမလုပ်တော့တာ ကောင်းမယ် နောက်နေ့ နို့လာပို့ရင်လည်း မသောက်ချင်တော့ဘူး မပို့နဲ့တော့လို့ ပြောရမယ် စသည်ဖြင့်တွေးကာ နောက်ပြန်လှည့်၏။ ခြေလှမ်း တစ်လှမ်းနှစ်လှမ်း သုံးလှမ်း လှမ်း၏။ ထို့နောက် မဟုတ်သေးပါဘူး၊ ကောင်မလေးဟာလည်း ဒီလောက်ချောလှတာ ရည်းစားတွေဘာတွေလည်း ရှိနေနိုင်တာပဲ၊ ငါ့ကိုကြိုက်နေတာလည်း ဟုတ်ချင်မှဟုတ်မှာပါလေ၊ ငါဟာ ကိုယ့်ဘာသာ အထင်ကြီးတတ်တဲ့ကောင်ပဲ သူတပါးကို သိပ်ကို အပိုင်တွက်လှတယ် ဟုတွေးပြန်၏။ ခြေလှမ်းကို ပြန်လှည့်ပြန်၏။ သို့နှင့် ချောစုတို့အိမ်ရှေ့ကို ရောက်လာတော့သည်။ 

ချောစုတို့တစ်အိမ်လုံး အလုပ်များနေကြသည်။ အငယ်မက ဝင်းထဲရေတွင်းနားမှာ မီးဖိုနေသည်။ အဖေက ရေတွင်းကပ်ရက်မှာရှိသော သူရေချိုးနေကျစဥ့်အိုးကြီးအောက်ခြေနားမှ ကျောက်ပြားမှာ ဓားသွေးနေ၏။ မီးဖိုထဲမှာ အမေနှင့် ချောစုက သရက်သီးထည့်အုပ်ထားသော အိုးကြီးထဲမှ သရက်သီးများနှင့် အုပ်ထားသော ပိတောက်ရွက်များကို ခြင်းတောင်းထဲပြောင်းထည့်နေကြသည်။ ဦးအောင်ကို ရွေးထားခဲ့သော ဆိတ်သုံးကောင်ကို အဖေ့အဝတ်များလှန်းသောတိုင်မှာ ချည်ထားရာ ဆိတ်များသည် အသတ်ခံရမှာ သိသည့်အလား မနားတမ်း အော်မြည်နေကြ၏။ ဦးအောင်ကို၏ ဆိုင်မှ အလုပ်သမားလေးပါ ရောက်နေပြီး အဖေဓားသွေးသည်ကို ထိုင်ကြည့်ရင်း အဖေနှင့် စကားပြောနေသည်။

ကျော်စိုး ဝင်လာသည်ကို အငယ်မက အရင်ဆုံးမြင်သည်။ အငယ်မသည် အံ့သြသင့်လျှက် "ချောစုရေ ချောစု" ဟုသာ ခေါ်နေ၏။ ချောစုသည် မီးဖိုထဲမှ ပြေးထွက်လာသည်။ ကျော်စိုးကို မြင်လေသော် ဝမ်းသာသွားလေသည်။ "အမေ အမေ ဟိုအစ်ကိုလာတယ်" အော်ကာ အမေ့အားခေါ်သည်။ ကျော်စိုးကို မည်သို့ဧည့်ခံရမည်မသိဖြစ်နေသည်။ "လာ လာ အစ်ကိုထိုင်" ဟု ဆိုကာ အိမ်အောက်ရှိ တစ်ခုံတည်းသော ပက်လက်ကုလားထိုင်ကို ချပေး၏။ ကျော်စိုးသည် ချောစုချပေးသော ခုံမှာ မထိုင်ဘဲ၊ ဘာစကားပြောရမည်မှန်းလည်းမသိဘဲ ပြုံးလျှက်သာ ရပ်နေ၏။ အမေသည် မီးဖိုထဲမှ ထွက်လာသည်။ အဖေနှင့် ဦးအောင်ကိုဆိုင်မှ အလုပ်သမားတို့ကလည်း မတ်တပ်ရပ်ပြီး ကျော်စိုးရှိလာလျှောက်သွားကြသည်။ အငယ်မတစ်ယောက်သာ ကျော်စိုးနားမသွားဘဲ မွှေးထားသော မီးဖိုကို ယပ်ခပ်ကာ အလုပ်များချင်ယောင်ဆောင်နေရင်း အဲဒီလူဘာလာလုပ်တာလဲ ဟုတွေးမရဖြစ်နေ၏။

"ချောစုမက ပြောပြောနေတာ နာမည်ဘယ်လိုခေါ်လဲမသိ၊ တွေ့ဖူးနေတာတော့ ကြာပါပြီလေ ခုမှပဲ အနီးကပ်မြင်ရတော့တယ် ပိုချောတယ်"
ချောစုသည် အမေ ရယ်ရယ်မောမော စကားပြောနေသည်ကို ငေးကြည့်နေ၏။ အမေသည် ပြုံးရယ်ခဲသည်မဟုတ်လား။
"ကျော်စိုးပါ ခင်ဗျား"
ကျော်စိုးက ခါးကိုကိုင်းပြီး ယဉ်ယဉ်ကျေးကျေးပြောလိုက်ရာ အမေက သဘောကျသွားလေသည်။ သဘောကောင်းတယ်ဆိုတာ မှန်သကိုးဟု တွေးနေ၏။ အဖေသည် ဓားကိုင်ထားသော ညာဘက်လက်ကို ကိုယ်နောက်မှာကွယ်လျှက် ကျော်စိုးကို ကြည့်ပြီး ပြုံးရယ်ကာ ခေါင်းတညှိတ်ညှိတ်နှင့် ရှိလေ၏။  ကျော်စိုးက အဖေဘက်သို့လှည့်လာကာ လက်ကိုကမ်းပေးရာ လွတ်နေသောဘယ်ဘက်လက်ကို အယောင်ယောင် အမှားမှားထုတ်ပေး၏။ ထို့နောက် နေရာမကျမှန်း ရိပ်မိကာ ဘယ်ဘက်လက်နှင့် ဓားကိုပြောင်းကိုင်ပြီး ညာလက်ကို ထုတ်ပေး၏။ ထိုအခါမှ ကျော်စိုးကပင် အဖေ့လက်ကို ဦးအောင်ဆွဲပြီး နှုတ်ဆက်လိုက်လေသည်။ အဖေသည် ယခုမှသာ လက်ဆွဲနှုတ်ဆက်ဖူး ခြင်းဖြစ်သည်။ အရက်ဆိုင်ရှိ တီဗီမှာ မြင်ဖူးသည်၊ ရွာသို့ လူကြီးများ လာလျှင် ဥက္ကဌနှင့် လက်ဆွဲကြသည်ကို မြင်ဖူးသည်၊ ကိုယ်တိုင်ကတော့ ယခုမှ ပထမဆုံးအကြိမ် နှုတ်ဆက်ဖူးခြင်းဖြစ်သည်။ ကျော်စိုးသည် ဘေးမှာ ရပ်နေသော ဦးအောင်ကိုဆိုင်မှ အလုပ်သမားကိုလည်း လက်ကမ်းပေး၏။ အလုပ်သမား ဇော်ဇော်ကတော့ လည်လည်ဝယ်ဝယ်ရှိသူဖြစ်ရာ လက်ဆွဲနှုတ်ဆက်ဖူးသည်၊ မှန်မှန်ကန်ကန်နှုတ်ဆက်နိုင်သည်။

အငယ်မသည် ခပ်လှမ်းလှမ်းမှသာ ကြည့်နေ၏။ အဖေက စဥ့်အိုးကြီးနားပြန်သွားပြီး ဓားဆက်သွေးသည်။ ကျော်စိုးက အငယ်မနားလျှောက်လာသည်။ ချောစုက ကျော်စိုးနောက်မှ ကပ်ပါလာသည်။ အငယ်မသည် ကျော်စိုးပြုံးပြနေသည်ကို ပြန်ပြုံးမပြနိုင်။ မီးခိုးနံ့က မွှန်လွန်းသလိုလို စပယ်ရုံမှ စပယ်ပန်းနံ့များက စူးလွန်းသလိုလို ထင်လာသည်။ ခြေဖျားလက်ဖျားများ အေးစက်လာသည်။ ကတုန်ကယင်ဖြစ်လာသည်။ ဆိတ်များက တအဲ့အဲ့အော်နေကြသည်။ ချောစုသည် အငယ်မ မျက်စိမျက်နှာ ပျက်နေသည်ကို သတိထားမိ၏။ ထိုအခါမှပင် အငယ်မတစ်ယောက် မနေ့က ကျော်စိုးတို့အိမ်က ပြန်လာကတည်းက တမျိုးဖြစ်နေတာ ဟု သတိရလာသည်။ မေးမြန်းမည် စိတ်ကူးထားပြီး မမေးမြန်းရသေးသည်ကိုလည်း သတိရလာသည်။ ချက်ချင်းမေးဖို့ ဟန်ပြင်၏။ ထိုစဉ် အမေက သရက်သီးများ လှပ်လိုက်ပြီဖြစ်သော ဒန်အိုးကြီးနှင့် အိုးအလတ်တစ်လုံးကိုယူလာပြီး အိုးကြီးကို အငယ်မဖိုထားသော မီးဖိုပေါ် တင်လိုက်ကာ "ချောစုမ ရေထည့်" ဟု ပြောလိုက်ရာ ချောစုလည်း အငယ်မကို အကြောင်းအရင်း မမေးဖြစ်တော့ဘဲ စဥ့်အိုးထဲမှ ရေကို ဒန်အိုးကြီးထဲ ခပ်ထည့်နေရတော့သည်။

"ရေနွေးက ဘာလုပ်ဖို့လဲ"
ဟု ကျော်စိုးက အမေ့အားကြည့်ပြီး မေးလိုက်သည်။
"ရေနွေးစိမ်ရတယ်လေ၊ သွေးလည်းရအောင်ပေါ့" ဟု အမေက ပြောပြသည်။ ကျော်စိုးသည် မည်သို့မည်ပုံ သွေးခဲသနည်းဆိုသည်ကို ပုံဖော်၍မရနိုင်သော်လည်း နားလည်သယောင်နှင့် "သြော် ဟုတ်ကဲ့" ဟုဆိုကာ ခေါင်းညှိတ်ပြလိုက်သည်။ ဇော်ဇော်သည် တိုင်မှာချည်ထားသော ဆိတ်တစ်ကောင်ကိုဖြုတ်ပြီး အဖေဓားသွေးနေရာသို့ယူသွားရာ ကျော်စိုးလည်း နောက်ကလိုက်ကြည့်သည်။ အငယ်မသည် မီးမှုတ်နေရာမှထပြီး နောက်ဖေးဘက်သို့လျှောက်သွားသည်။ အဖေသည် ဇော်ဇော်ယူလာသော ဆိတ၏်လည်ပင်းကို ဓားဦးနှင့် ဆတ်ခနဲ့ထိုးစိုက်ပြီး ဗျိခနဲ့ ဖြဲလိုက်သည်။ ပန်းထွက်လာသော သွေးများကို အမေက အနားမှာချထားသော အိုးအလတ်နှင့်ခံထားသည်။ ဆိတ်သည် စူးစူးဝါးဝါး တချက်အော်ပြီး တဆတ်ဆတ်တုန်ကာလဲကျသွားသည်။ ကျော်စိုးသည် မျက်နှာမပျက်မိအောင် ထိန်းနေရသည်။ စိတ်ထဲမှလည်း ဒါဟာ သဘာဝပဲ၊ ဘယ်သတ္တဝါကိုမဆို စားဖို့ဆိုရင် ဒီလိုပဲသတ်ရတာပဲဟု အကြိမ်ကြိမ်သတိပေးနေမိသည်။ သို့သော် ဆိတ်အော်လိုက်ချိန်မှာတော့ မျက်နှာလွှဲလိုက်မိသည်။ နောက်ဆိတ်နှစ်ကောင် ထပ်သတ်သော အခါမှာတော့ ကျော်စိုးသည် မြင်နေကျ ကြည့်နေကျ မြင်ကွင်းတစ်ခုကို ကြည့်နေရသကဲ့သို့ စိတ်သွင်းကာ တမင်ပင် မျက်နှာမလွှဲဘဲကြည့်နေ၏။

အငယ်မသည် ဆိတ်သုံးကောင်လုံး သတ်ပြီးသည်ထိ အိမ်သာထဲမှ ထွက်မလာ။ ချောစုသည် အငယ်မပျောက်နေသည်ကို သတိမထားမိနိုင်။ ကျော်စိုးကိုသာ တစိမ့်စိမ့်ကြည့်ပြီး ပျော်နေသည်။ ကျော်စိုးသည် သတ်ပြီးသောဆိတ်များကို အဖေနှင့် ဇော်ဇော်က ရေနွေးနှင့်စိမ် အရေခွံခွာပြီး ခုတ်ထစ်နေသည်ကို ကြည့်နေသည်။ သွေးရဲရဲသံရဲရဲများကို မြင်နေမကျသောကြောင့် တချက်တချက် ဝမ်းတွင်းမှပျို့တက်လာ၏။ ချောစုအမေက ဆိတ်သွေးများထည့်ထားသော အိုးထဲသို့ရေနွေးများလောင်းထည့်ထားသည်။ သွေးများသည် အတန်ကြာသောအခါ ခဲပြီး အတုံးကြီးဖြစ်လာလေသည်။ ဆိတ်သွေးနှင့် ကလီစာများကို မီးဖိုချောင်မှ ဆား၊ ဂျင်း၊ အချိုမှုန့်၊ ငရုပ်သီးနှင့် မဆလာနယ်ပြီး အသင့်ရှိသော မီးဖိုပေါ်တင်ထားလိုက်သည်။  နောက်တစ်ရက်နှစ်ရက်စာ ဟင်းစားရဖို့ မပူရတော့။ ကျော်စိုးပြန်တော့ စားမည်လား ယူသွားမည်လားဟု ချောစုက မေးသေးသည်။ ကျော်စိုးက ကလီစာ မကြိုက်လှဟုပြောသွားသည်။ သည်ရက်ပိုင်းမှာ နွားနို့ မပို့သေးဖို့လည်းမှာသွားသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ကျော်စိုးသည် ဝရံတာမှာခြေတစ်ဖက်ကို ဒူးထောင် တစ်ဖက်ကို ဆင်းလျှောဆန့်ထိုင်ပြီး အပြင်ကို ငေးကြည့်နေသည်။ မှောင်မိုက်နေ၍ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရ။ အလှူအိမ်မှ ဖွင့်ထားသော သီချင်းသံကိုကြားနေရသည်။  မနက်အလှူအတွက် ချက်နေပြုတ်နေကြလိမ့်မည်။ ကျော်စိုးစိတ်ကူးထဲမှာတော့ နေ့လည်က ဆိတ်များ၊ သွေးများကို မြင်ယောင်နေသည်။  ချောစုတို့အိမ်မှ ပြန်ခါနီးမှာ အလှူရှင်ဆိုသူ ရောက်လာပြီး ကျော်စိုးအား ဝမ်းသာအားရပင်နှုတ်ဆက်ကာ အလှူဖိတ်သွားသေးသည်။ မနက်ဖြန် အလှူသွားလျှင် မိမိမျက်စိရှေ့တင် ခုတ်ထစ်ထားသော ဆိတ်သားများကိုစားရမည်။ အခါတိုင်း အသားငါးစားတုန်းကတော့ ထိုအသားငါးများအား မည်သို့မည်ပုံ သတ်လာသည်ကို တကြိမ်တခါမှ မတွေးဖူးခဲ့။ အိမ်မှာ မိသားစုနှင့် နေစဉ်ကလည်း ထမင်းဟင်း မချက်ရ၊ ယခုတစ်ယောက်တည်းနေပြန်တော့လည်း ချက်မစားဘဲ ကြုံသလိုစားသည်ဆိုတော့ မိမိသည်အသားစိမ်း ငါးစိမ်းကိုပင် သေသေချာချာ မကြည့်ဖူး မကိုင်ဖူးသည်ကို သတိထားမိလာသည်။

ကျော်စိုးသည် ရွာမှာနေပြီးသည့်နောက်ပိုင်း အရင်တုန်းက လူမှုကွန်ယက်ပေါ်မှာ တင်နေကျ ကိစ္စများကို အိမ်မှတားမြစ်ထားသောကြောင့် ဆက်မတင်တော့ရာ တခုခု မတင်ရလျှင်လည်း မနေနိုင်သည့်အတွက် ရွာနီးပတ်ဝန်းကျင်မှကိစ္စများကို စာလုပ်ရေးပြီး တင်နေတော့သည်။ ရွာမှာ မီးမရှိ၍ ဆိုလာဝယ်ရသည့်အကြောင်း၊ ဘုန်းကြီးကျောင်းမှာ တရားဟောတိုင်း မီးစက်ငှား၊ အသံချဲ့စက်ငှားပြီး တရွာလုံးကြားအောင် ဖွင့်ထားတတ်သောကြောင့် နားငြီးရ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အကြောင်း၊ ရွာမှာ တယ်လီဖုန်းလိုင်ပင်မမိသည့်အတွက် မြို့တက်မှသာ အင်တာနက်သုံး၊ ဖုန်းဆက်လုပ်ရသည့်အကြောင်း၊ ရေခမ်းသွား၍ ရေခပ်ရသည့်အကြောင်း စသည်တို့သည် ကျော်စိုး၏ ပတ်ဝန်းကျင်မှမိတ်ဆွေများအတွက် အထူးအဆန်းများဖြစ်သည်။ ရွာနီးချုပ်စပ်မှ အလှအပ ရှုခင်းများနှင့် ရွာထဲမှ တဲစုတ်စုတ်များ၊ ခနော်ခနဲ့လမ်းများ၊ ဝါးသစ်သားတို့ဖြင့် မခိုင့်တခိုင်ဆောက်ထားသော တံတားများကိုလည်း ဖုန်းနှင့် ဓာတ်ပုံရိုက်ပြီး တင်ရသည်။ ပြင်ပမှာ သိကျွမ်းရင်းနှီးသူများသာမက၊ လူမှုကွန်ယက်မှာသာ အချင်းချင်းသိကြသူများပါ ကျော်စိုး၏ စာများ ပုံများကို လိုက်ခ်လုပ်၊ ကော်မန့်ပေးပြီး အားပေးကြလျှင် ကျော်စိုးမှာ ကျေနပ်မဆုံး။ မြို့သို့သွားတိုင်း အင်တာနက်သုံးရသည်။ ကျော်စိုးနှင့် အပေါင်းပါများသည် မိမိတို့ထက် နိမ့်ကျနွမ်းပါးသော လူမှုပတ်ဝန်းကျင်မှ နေထိုင်မှုဘဝများ အဆင်မပြေမှုများ အကြောင်းကို လူမှုကွန်ယက်မှာတင်ပြပြီး ထိုသူများဘဝ တိုးတက်အောင်လုပ်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ မိမိတို့၏ဘဝသည် ထိုသူများထက် မြင့်နေသည်ဟုလည်း စိတ်အထင်ရှိခဲ့သည်။

ကျော်စိုးသည် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ်သောက်သည်။ တခြားဘာမှလည်း လုပ်လိုစိတ်မရှိ။ စာရေးဖို့ကိုလည်း လက်တွန့်နေသည်။ မိမိသည် သူများတကာ သူ့အလိုလို နေထိုင်ရှင်သန်ကြသော ဘဝများကို သနားသမှုပြုခြင်းအားဖြင့် စော်ကားမိနေပြီလားဟု အကြိမ်ကြိမ်တွေးသည်။ ခြံထောင့်မှ တကျွီကျွီအသံကို ကြားရသည်။ ဘာမှန်းတော့မသိသေး။ ကျော်စိုးက ထိုင်ရာမှထ ဓာတ်မီးယူပြီး ထိုးကြည့်ရာ  ဝင်းမှည့်နေသော သရက်သီးများကို လာစားသည့် လင်းနို့များဖြစ်နေသည်။ ခြံထဲရှိသရက်ပင်မှာ သရက်သီးများ ပြွတ်ခဲနေသည်ကို ယခုမှသာ သတိထားမိရသည်။ ကျော်စိုးသည် ဓာတ်မီးကို ပိတ်ပြီး ဆက်ထိုင်နေသည်။

နွေအပူသည် ညဘက်မှာတော့ အရှိန်ပြယ်လေ၏။ ကျော်စိုး၏ မွေးရပ်ဇာတိ ရန်ကုန်တိုက်ခန်းများမှာဆိုလျှင် နွေနေ့များဆို ရေနွေးအိုးထဲမှာ ထည့်ပြုတ်ခံရသလိုပင် လောင်မြိုက်လှပြီး ညဘက်လည်း ချွေးတပြိုက်ပြိုက်နှင့်သာရှိသည်။ တတ်နိုင်သူများက လေအေးပေးစက်ဖွင့်ကြသည်။ တချို့ကလည်း ပန်ကာလောက်သာ ဖွင့်နိုင်သည်။ မီးပျက်လျှင်တော့ တော်ရုံတန်ရုံ မီးစက်ကြီးကြီးမားမား ဝယ်ဖို့မတတ်နိုင်သူ လူတန်းစားမှာ အပူဒဏ်ကို ကြိတ်မှိတ်ခံရသည်သာဖြစ်သည်။ ထွက်ပေါက်အဖြစ် လူတိုင်းလူတိုင်းပင် မီးပျက်သည့်အကြောင်း ပူအိုက်သည့်အကြောင်းများကို အချင်းချင်းပြောကြသည်၊ အင်တာနက်ပေါ်တက်ရေးသည်၊ သည်ထက်ပိုပြီးလည်း ဘာမှလုပ်နိုင်ခြင်းမရှိကြ။ ကျော်စိုးသည် ချောစုက ရေကို တွင်းက ငင်သုံးသည်ဟု ပြောတုန်းက ပြုံးမိသည်၊ သနားမိသည်၊ မိမိ၏မြို့တော်ကြီးရှိ ကျော်စိုးတို့လို လုံးချင်းတိုက်နှင့် မနေနိုင်ဘဲ၊ တိုက်ခန်းမြင့်မြင့်ပြွတ်သိပ်သိပ်များမှာနေသူများကတော့ မီးပျက်လျှင် ရေဆွဲစရာ ရေတွင်းပင်မရှိ၍ ဒုက္ခရောက်ကြရကြောင်းကိုတော့ ပြန်မပြောဖြစ်ခဲ့ကြောင်း သတိရလာသည်။

တိမ်စင်နေသော ကောင်းကင်မှာကြယ်တို့ ပြိုးပြိုးပြက်ပြက် အစွန်းကုန်တောက်ပနေကြသည်။ ကျော်စိုးသည် အိမ်ခေါင် အမိုးအစွန်းလွတ်မှမြင်ရသော ကြယ်များကို မတ်တပ်ရပ်ပြီး ကြည့်သည်။ ကြယ်တစ်လုံးနှင့် တစ်လုံး ဆက်စပ်ပြီး ဆိတ်များအသွင်ဖြစ်လာသည်။ ဆိတ်တွေကို စားဖို့သတ်တာ ဘာမှမဖြစ်ဘူး၊ ဒါ လုပ်ရိုးလုပ်စဉ်ပဲ ဆိတ်တွေတင်မက နွားတွေကိုလည်း သတ်ကြတယ် ကြက်တွေဝက်တွေကိုလည်း သတ်ကြရတယ်၊ တချို့ ရှားပါးတဲ့ နေရာတွေမှာဆို ခွေးတွေကြောင်တွေကိုပါ သတ်ကြရတယ်၊ ဒါသည်ပင် လူတွေရဲ့ အခြေခံသဘောတရားပဲ၊ စားဖို့သည် နံပါတ်တစ် အရေးအကြီးဆုံး လူမှုကိစ္စပဲ စသည်ဖြင့် စိတ်ကူးထဲမှာ တတွတ်တွတ်ရေရွတ်၏။ ထို့နောက် အိပ်ရာထဲဝင်ပြီး တစ် နှစ် သုံး လေး ရေတွက်ကာ အိပ်ပျော်သွားလေသည်။ အိပ်မက်ထဲမှာတော့ ချောစု၏ လုံးဝန်းပြည့်ဖြိုးနေသော ရင်သားများကို ဆုပ်ကိုင်နေသည်ဟု မက်လေ၏။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ကျော်စိုးသည် အလှူမှ ကျယ်လောင်စွာဖွင့်ထားသော သီချင်းသံကြောင့် မွန်းမတည့်ခင်ကပင် အိပ်နေရာမှ နိုးလာသည်။ ရေချိုးမည်ဟုစိတ်ကူးသော်လည်း ခပ်ထားသောရေ သိပ်မကျန်တော့သောကြောင့် မျက်နှာသစ် သွားတိုက်သာလုပ်ကာ ကားမောင်းထွက်လာခဲ့သည်။ အလှူလုပ်နေသော အရက်ဆိုင်ရှေ့မဏ္ဍပ်မှာ လူသံ၊ မီးစက်မောင်းသံ၊ သီချင်းသံတို့ ဆူညံနေသည်။ ကျော်စိုးသည် ကားကို အရှိန်မြှင့်မောင်းပြီး ဖြတ်ကျော်ခဲ့သည်။ မြို့ကိုရောက်တော့ ကားဆီဖြည့်ပြီး အင်တာနက်ဆိုင်ကို ဝင်သည်။ သူများတွေ လူမှုကွန်ယက်မှာ ဟိုသည်ရေးထားသည်တို့ကို လိုက်ကြည့်သည်၊ ဘာကိုမှတော့ သေချာမဖတ်၊ တခုခု ရေးရကောင်းနိုးဖြင့် အချိန်အတော်ကြာ စဉ်းစားပြီး ဘာမှလည်း ရေးလိုစိတ်မရှိ။ ဗိုက်ဆာလာတော့ တရုတ်အစားအစာဆိုင်ကို ဝင်ပြီး ထမင်းပေါင်းတစ်ပွဲ သက်သတ်လွတ်ဟုမှာလိုက်သည်။

အလှူမှာ နောက်ကျမှရောက်လာသူများက စားသောက်နေကြတုန်း။ ငယ်ရွယ်သူများကတော့ ပွဲသမားများကို သွားစပ်စုနေကြ၏။ ဦးအောင်ကို၏ အရက်ဆိုင်နောက်ဘက် ကွင်းပြင်ထဲမှာ ပွဲအတွက် စင်ဆောက်ထားသည်။ စင်၏နောက်ဘက်မှာ ပွဲသမားများတည်းခိုဖို့ အဖီထုတ်ပြီး ဖျာကြမ်းနှင့် ကာထားသည်။ ဇာတ်သမားများသည် မနေ့က ညနက်ကတည်းက ရွာသို့ ရောက်နှင့်ကြသည်။ ချောစုသည် အိပ်ရာမှနိုးကတည်းက အငယ်မကို ရှာမတွေ့၍ အလှူကို အေးအေးဦးနှင့်အဖော်စပ်သွားပြီး ထမင်းစားကြသည်။ ထို့နောက် နှစ်ယောက်သား ဇာတ်ရုံနောက်ကို အများနည်းတူ သွားကြည့်ကြ၏။ နောက်တွင်းသို့ ဝင်သော အပေါက်မှာ ဇာတ်အဖွဲ့မှ ယောက်ျားကြီးတစ်ယောက်က စောင့်နေပြီး ယောက်ျားလေးများကို အထဲမဝင်ရအောင် ဟန့်နေသည်။ မိန်းကလေးများကိုတော့ ဝင်ခွင့်ပေးရာ ချောစုနှင့် အေးအေးဦးက အထဲဝင်လာလိုက်သည်။ မင်းသားထိုင်နေသောဖျာမှာ မိန်းမပျိုများဝိုင်းထိုင်နေကြသည်။ အပျိုကြီး ညိုညိုသည် ချောစုတို့အရင် ရောက်နှင့်နေပြီး မင်းသားနားထိုင်နေရာမှ ချောစုတို့ကို မြင်တော့ လက်ယပ်ခေါ်၏။ ချောစုနှင့် အေးအေးဦးသည် အပျိုကြီး ညိုညိုနားကပ်သွားပြီး ဒူးထောက်ထိုင်ကာ မင်းသားကို အနီးကပ်ကြည့်ကြသည်။ မင်းသားတစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသည်။ ချောစုမျက်မှန်းမတန်းမိသော မိန်းကလေးတစ်ယောက်က မင်းသားကို ယပ်ခပ်ပေးနေ၏။

"မင်းသမီးအတွက် လက်ဆောင်ဗျို့" အပေါက်ဝမှာစောင့်နေသော လူကြီးက အထဲဝင်လာပြီးအော်ပြောရင်း မင်းသမီးနားလျှောက်သွားသည်။ ထိုအခါမှ ချောစုသည် ထောင့်တစ်ထောင့်မှာ ထဘီရင်ရှားနှင့် အဝတ်ခေါက်နေသော မင်းသမီးကို သတိထားမိသည်။ မင်းသမီးသည် အပေါက်စောင့်လူကြီးကို မော့ကြည့်ရုံကြည့်ပြီး လှမ်းပေးသော လက်ဆောင်ကိုပင် လက်လှမ်းမယူဘဲ အဝတ်ခေါက်လက်စကို ဆက်ခေါက်နေသည်။ အပေါက်စောင့်လူကြီးသည် ယူလာသော လက်ဆောင်ကို မင်းသမီးနားမှာ ချပေးပြီး ပြန်ထွက်သွားသည်။ ချောစုသည် မင်းသမီးကို စိတ်ဝင်စားသွားသည်။
"ရုပ်ကလေးက ချောလိုက်တာ နာမည်ဘယ်လိုခေါ်လဲ" ဟု မင်းသားက ချောစုမျက်နှာကို ကြည့်ပြီး မေးလိုက်သည်။
"သူ့နာမည်က ချောစုတဲ့ ရောဂါသည်လေးပါ ချောတာတော့ အရမ်းချောတယ် ရွာမှာ အချောဆုံးပဲ" ဟု အပျိုကြီးညိုညိုက ဝင်ပြောလိုက်ရာ ချောစုသည် ဘာမှမပြောဘဲ ခေါင်းကိုသာငုံ့ထားမိသည်။ အေးအေးဦးကသာ အပျိုကြီးညိုညိုကို မျက်စောင်းထိုးပစ်လိုက်သည်။

"ညီမလေး အစ်မကို တစ်ခုလောက် ကူညီပါဦး"
မင်းသမီးသည် ဘယ်အချိန်က ထလာပြီး အနားကိုရောက်လာမှန်း မည်သူမှသတိမထားမိလိုက်ကြ။ မင်းသမီးက ချောစုပခုံးကို ပုတ်ပြီး ခေါ်လိုက်မှ အားလုံးက မင်းသမီးကို မော့ကြည့်လိုက်ကြသည်။ မင်းသမီးသည် ပြုံးချိုသော မျက်နှာထားနှင့် ချောစုအား ငုံ့ကြည့်နေသည်ကို တွေ့ရ၏။ ချောစုတသက်မှာ လူတယောက်က ကူညီပါဦးဟုပြောသည်ကို မခံရဖူးရာ မင်းသမီးအား ငေးကြောင်လို့သာပြန် ကြည့်နေသည်။ မင်းသမီးက သွက်လက်သော အမူအယာနှင့် ချောစုလက်ကို ဆွဲပြီး သူ့နေရာသို့ခေါ်သွားလေရာ အေးအေးဦးလည်း နောက်မှလိုက်သွားသည်။ အားလုံး၏ အကြည့်သည် မင်းသမီးနှင့် ချောစုထံမှာသာရှိတော့သည်။ မင်းသားသည် မိမိကို မည်သူမှ စိတ်ဝင်စားမှုမရှိတော့သည်ကိုသိရှိကာ ခေါင်းတခါခါနှင့် အပြင်သို့ထွက်သွားလေ၏။

မင်းသမီးသည် ဘော်လီကြိုးကို လက်လျှိုသွင်းလိုက်ပြီး နောက်မှဇစ်ကို ချောစုအား တပ်ခိုင်းရာ ချောစုသည် ခြေတုန်လက်တုန်နှင့်ပင် တပ်ပေးလိုက်သည်။ "ကျေးဇူးပဲနော် ကူတဲ့ညီမလေး ပါမလာလို့လေ ဒုက္ခရောက်နေတာ" ဟု မင်းသမီးက ပြောလိုက်သည်။ ချောစုက ဘာပြန်ပြောရမည်မသိ။ မင်းသမီး၏ ကျော့ရှင်းခန့်ညားလှသော ဟန်ပန်ကိုသာ သဘောတကျ ငေးကြည့်နေလေသည်။ "ညီမလေး အရမ်း ချောတာပဲ နာမည်က ချောစုတဲ့လား ခုနက တယောက် ပြောသံကြားတယ် နာမည်နဲ့ လူနဲ့ သိပ်လိုက်တာပဲ၊ ညကျ ပွဲကြည့်မလား" ချောစုသည် မင်းသမီး ပြောသမျှကို ခေါင်းသာ ညှိတ်၍နေ၏။ မင်းသမီးက ချောစု၏ မည်းမှောင်ထူထဲလှသော ဆံပင်များကို တယုတယသပ်ပေးလိုက်ရာ ချောစုသည် မင်းသမီးရင်ခွင်ထဲမှာ ခေါင်းထိုးဝင်ပြီး ငိုချလိုက်တော့သည်။ အေးအေးဦးသည် ဘာလုပ်ဘာကိုင်ရမည်မသိဘဲ ချောစု၏ ကျောကိုသာ လှမ်းပွတ်နေ၏။

ထိုအချိန်တွင် အလှူအိမ်ရှိ မဏ္ဍပ်မှာ ရေစက်ချဖို့ ပြင်နေကြသည်။ အငယ်မသည် ဘယ်က ပေါ်လာမှန်းမသိ ပေါ်လာပြီး တရားနာဖို့ထိုင်နေသော အမေနားမှာဝင်ထိုင်သည်။
"ကဲ ငါးပါးသီလယူကြမယ်" ဟု ဆရာတော်ဘုရားက စင်ပေါ်မှ မြွက်လိုက်ရာ အားလုံးက သြကာသ ရွတ်ဆိုကြသည်။
သြကာသ သြကာသ သြကာသ
ကာယကံ ဝဇီကံ မနောကံ ဤကံသုံးပါးတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာတော်ထွဋ် မြတ်သုံးပါးတို့အား အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှစ်ခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ကန်တော့ရသော အကျိုးအားဖြင့် အပယ်လေးပါး ကပ်သုံးပါ ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးတရားငါးပါးတို့မှ အလျင်အမြန် လွတ်ပါစေခြင်းအကျိုးငှာ နိဗ္ဗန်ချမ်းသာ တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား
ထို့နောက် ဆရာတော်ဘုရားက ငါးပါးသီလ တိုင်ပေးလေသည်။
"ပါနာတိပါတာ ဝေရာမနိ သိက္ခာပတန် သမာဒိယာမိ…"
အငယ်မသည် လက်အုပ်ချီပြီး လိုက်ဆိုရင်းမှ မျက်ရည်ဝိုင်းလာသည်၊ အံကိုကြိတ်ထားရင်းမှ မျက်ရည်ပေါက်များ လိမ့်ဆင်းလာသည်။ အမေသည် အငယ်မလက်ဖမိုးဖြင့် မျက်ရည်သုတ်လိုက်သည်ကို မြင်၏။ ဘုရားရှစ်ခိုးကို ဆက်မဆိုတော့ဘဲ လက်အုပ်ချီထားလျက်က အငယ်မကို လှည့်ကြည့်သည်။ အငယ်မသည် ဆက်မထိုင်နိုင်တော့ဘဲ ကိုယ်ကိုကိုင်းကာ လက်အုပ်ချီထိုင်နေသူများကြားမှဖြတ်ကျော်ပြီး တရားနာရာမှထွက်လာခဲ့သည်။ အနီးအနားထိုင်နေသူများသည် အငယ်မထွက်သွားသည်ကို သတိမူမိ၍ စိတ်ဝင်တစားလှမ်းကြည့်ကြသည်။

အငယ်မသည် လျှောက်မိလျှောက်ရာ လျှောက်လာရင်း ကျော်စိုးတို့အိမ်မျက်စောင်းထိုးရှိ ရေခပ်နေကျ ရေတွင်းနားသို့ရောက်လာသည်။ အလှူအိမ်အသံချဲ့စက်မှ အမျှဝေ၊ သာဓုခေါ်သံ ကြားရသည်။ နေပူပြင်းလွန်းချိန်ဖြစ်သောကြောင့် ရေခပ်နေသူ တစ်ယောက်မှမရှိသေး။ အငယ်မက ရေတွင်းကို ငုံ့ကြည့်သည်။ ရေသည် နောက်တစ်ရက်နှစ်ရက်ထိ မိုးမရွာလျှင် လုံးဝခမ်းသွားနိုင်မည့် အရိပ်အယောင်မြင်ရသည်။ အငယ်မသည် ဖင်ကပ်လေးသာရှိသော ရေပြင်မှာ မိမိမျက်နှာကို မိမိပြန်မြင်နေရသည်။ အငယ်မ မျက်နှာ တစ်ပြင်လုံး ချွေးနှင့် မျက်ရည်ရောထွေးစိုစွတ်နေသည်။ အသံချဲ့စက်အသံတိတ်သွားမှ ရေတွင်းအကျော် သစ်ပင်ကြီးအောက်မှာ ကစားနေကြသောကလေးများ၏ သီချင်းဆိုသံက ပျံ့လွင့်လာသည်။  
"မိုးဘာလို့ရွာရတယ် ဖားအော်လို့ ရွာရတယ်၊ ဖားကဘာလို့ အော်ရတယ် မြွေကိုက်လို့ အော်ရတယ်၊ မြွေကဘာလို့ ကိုက်ရတယ် ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်"
အငယ်မသည် ရေတွင်းနံရံမှာမှီထိုင်ပြီး အားရပါးရ ငိုချလိုက်သည်။

"ဘယ်မလဲ အငယ်မ"
အမေက အလှူအိမ်မှ ပြန်လာလာချင်း အိမ်အောက်ရှိ အလုပ်လုပ်လျှင်ထိုင်တတ်သော ဖျာကြမ်းပေါ်မှာ ထိုင်ချပြီး  ယပ်တောင်တဖျတ်ဖျတ်ခပ်ရင်း မေးလိုက်သည်။
ချောစုသည် ထိုဖျာပေါ်မှာပင်ထိုင်ကာ သရက်သီးအမှည့်တစ်လုံးကို ပါးစပ်နှင့်ပင် အခွံခွာပြီး ကိုက်စားနေရာမှ အမေ့အား မျက်လုံးပြူးကြည့်သည်။  ချောစုသည် အငယ်မကို မနက်ကတည်းက မတွေ့။ အေးအေးဦးက အိမ်ပြန်ခေါ်လာ၍ ပြန်လာတော့လည်း အငယ်မရှိမနေသည်နှင့် အုပ်ထားသည့်သရက်သီးများထဲမှ မှည့်ရာ တစ်လုံးကို ရွေးပြီး ထိုင်စားနေခြင်းဖြစ်သည်။
"ပြန်မလာသေးဘူး"
"ညည်းကရော ဘယ်သွားနေလဲ ထမင်းစားပြီးကတည်းက မတွေ့တာ"
"အေးအေးဦးနဲ့ဇာတ်ရုံသွားကြည့်နေတာလေ မင်းသမီးလေးက ချောလိုက်တာ အမေရယ် သိလား၊ မင်းသမီးလေးက ကျွန်မကို ဖက်တယ်တော့၊ သဘောကောင်းလိုက်တာ၊ ညနေကျပွဲမကခင် သရက်သီးမှည့်တွေ သွားပေးဦးမယ်၊ သူများတွေက လက်ဆောင်ယူလာကြတယ် သိလား အမေ"
အမေသည် အငယ်မ ပျောက်နေသည်ကို စိတ်ပူရသည့်အထဲ ချောစုပြောနေသည်များကြောင့် စိတ်တိုလာသည်။
"အဲဒါတွေ ထားစမ်းပါဟယ် အငယ်မ ဘယ်မှာလဲ"
အမေက ထိုင်ရာမှထ၊ ထဘီကို ပြင်ဝတ်ကာ အငယ်မကို ရှာဖို့ထွက်သည်။ ချောစုသည် "မသိပါဘူးဆို" ဟု ပြောပြီး အမေ့နောက်မှ သရက်သီးအစေ့စုပ်ရင်း လိုက်လာသည်။
"မင်းသားကလေ မိတ်ကပ်တွေလိမ်းထားတယ် သိလားအမေ"
အမေသည် ချောစုကို ဘာမှပြန်ပြောမနေတော့ဘဲ ခပ်မြန်မြန်သာ လျှောက်သွားလေသည်။
ကျော်စိုးတို့တိုက်အိမ်ရှေ့ရောက်လာသည်။ ချောစုသည် တိုက်အိမ်ကို တကြည့်ကြည့်ရှိ၏။ ဝင်းတံခါးပိတ်ထားသည်၊ အိမ်မကြီးတံခါးကို သော့ခတ်ထားသည်၊ ခါတိုင်း ကားရပ်ထားနေကျနေရာမှာ ကားမရှိ၊ ကျော်စိုးအိမ်မှာရှိပုံမရ၊ ဘယ်သွားနေသနည်း၊ အလှူမှာများရှိလေသလား။ အငယ်မသည် အလှူအိမ်သို့ သွားကြည့်လိုစိတ်ပေါက်လာသည်။
"အမေသွားနှင့် ကျွန်မ ဟိုဘက်မှာ ရှာလိုက်ဦးမယ်"
ချောစုက ပြောပြီး သုတ်ခနဲ့လှည့်သွားပြီး အလှူအိမ်ဘက် လျှောက်သွားသည်။ လက်မှာ ကိုင်စုပ်နေသော သရက်သီးမှည့်အစေ့ကိုလည်း လမ်းဘေးသို့ လွှင့်ပစ်လိုက်ပြီး လက်ပေကို လုံချည်ဖုံးထားသော ခြေသလုံးမှာ သုတ်လိုက်သည်။ အမေသည် ကျော်စိုးတို့အိမ် ဘာညာသတိထားမိသည်မဟုတ်။ ချောစုက တခြားဘက်မှာ ရှာမည်ဆိုတော့လည်း မည်သို့မှ စိတ်ကမထင်ဘဲ ဆက်လျှောက်၏။ ကျော်စိုးတို့အိမ် မျက်စောင်းထိုး ရေတွင်းသို့ရောက်လာသည်။ ရေတွင်းတဖက်အကွယ်မှာ ထိုင်နေသော အငယ်မကိုတွေ့ရာ ပြေးသွားပြီး ခေါင်းကို လက်သီးဆုပ်နှင့် ထုလိုက်သည်။
"ဘာဖြစ်တာလဲ ဒါက ရူးနေလား"
အမေ့အသံကျယ်လောင်စွာ ထွက်လာရာ ကစားနေသော ကလေးများက ကစားသည်ကိုရပ်ပြီး အမေနှင့် အငယ်မကို လှမ်းကြည့်နေကြသည်။ အငယ်မသည် အမေမေးသည်ကို ပြန်မဖြေ။ အမေသည် အငယ်မငိုနေရသော အကြောင်းအရင်းကို နားမလည်နိုင်။ ရည်းစားပူမိသလားဟု စိတ်ကထင်ပြီး ဒေါသပိုထွက်လာသည်။ အငယ်မကိုလက်ကိုဆွဲပြီး ကျောကို သုံးလေးချက် ရိုက်ပစ်လိုက်သည်။
"မေးနေတာဖြေ ဘာဖြစ်တာလဲ"
အမေသည် အငယ်မဆီက အဖြေကို မမျှော်လင့်သော်လည်း ထပ်မေးသည်။ အငယ်မသည် ခေါင်းငုံ့လျှက်သာ တိတ်ဆိတ်နေ၏။ အငယ်မသည် ငယ်စဉ်ကတည်းက ထိုသို့သာဖြစ်သည်။ တခုခု ဖြစ်လာလျှင် ဘယ်တော့မှ ထုတ်ဖော်မပြောတတ်ဘဲ သိုသိပ်ထားတတ်သည်။ သမီးနှစ်ယောက်မှာ တစ်ယောက်က အမှတ်သည်းခြေနည်းလွန်းသော ရောဂါသည်၊ တစ်ယောက်က ပြန်မပြောနားမထောင် အမှတ်ကြီး အမြုံကြီးဟုတွေးပြီး ဝမ်းနည်းလာသည်။ အငယ်မလက်ကို ဆွဲပြီး အိမ်ပြန်ခဲ့သည်။ ကလေးများက ခပ်လှမ်းလှမ်းထိ လိုက်ကြည့်ပြီး အမေနှင့် အငယ်မက စကားတစ်ခွန်းမှမပြော ဘာမှလည်း ထူးထူးခြားခြားဆက်မဖြစ်တော့ဘဲ လျှောက်သွားကြမှ သစ်ပင်ကြီးအောက်ပြန်သွားကာ ဆော့လက်စကို ဆက်ဆော့ကြသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ချောစုသည် အလှူအိမ်သို့ရောက်လာသည်။ ကျော်စိုးကို မတွေ့ရာ ဇာတ်ရုံဘက်သို့ စိတ်ရောက်သွားပြန်၏။ ဇာတ်ရုံနောက်ဘက်မှာ ဇာတ်သမားများမရှိကြ။ ဘုန်းကြီးကျောင်းရေတွင်းမှာ ရေသွားချိုးနေကြသည်။ ချောစုသည် စိတ်ပျက်လက်ပျက်နှင့် အိမ်ဘက်သို့ပြန်လျှောက်လာသည်။ နေကပူလွန်းလှသည်။ အငယ်မတစ်ကိုယ်လုံး ချွေးများပြန်နေသည်။ အိမ်ရှေ့သို့ရောက်သောအခါ မဝင်သေးဘဲ ကျော်စိုးတို့အိမ်ထိ ဆက်လျှောက်ပြီး ကျော်စိုးပြန်ရောက်ပြီလား ကြည့်၏။ ကျော်စိုးပြန်မရောက်သေး။ ချောစုသည် ရေတွင်းနားသွားကြည့်သည်။ ကစားနေသော ကလေးများက ချောစုကိုမြင်တော့ "ချောစုမ ဝက်ရူးမ" ဟု အော်ကြ၏။ ချောစုသည် အသံကျယ်ကျယ်နှင့် အော်ကျွီးလိုက်ပြီး မြေပြင်မှ ခဲလုံးတစ်လုံးကို ကောက်ယူကာ ကလေးများထံပစ်လိုက်သည်။ ကလေးများကို မထိ။ ကလေးများက အော်ရယ်ပြီး သီချင်းဆိုကြသည်။ "အရူးမကြီးမစာဥ ဘယ်ကိုသွားမယ်၊ တိရစ္ဆာန်ရုံကိုသွားမယ်၊ ငါလည်း လိုက်မယ်၊ မလိုက်ရ"

ချောစုသည် ကလေးများကို လိုက်ရိုက်ဖို့ စိတ်ကူးနေစဉ် ကားစက်သံကြား၏။ ကျော်စိုးပြန်လာပြီဖြစ်သည်။ ချောစုသည် ဝတ်ထားသော လုံချည်ကို စန့်ရန့်အောင် ပြင်ဝတ်ပြီး ကျော်စိုးကား လာရာဘက် ဦးတည်ကာ လှုပ်လီလှုပ်လဲ့ လျှောက်လာ၏။ ကျော်စိုးသည် အိမ်ဝင်းတံခါးဘက်သို့ ကားကွေ့နေသောကြောင့် ချောစုလာနေသည်ကို မမြင်။ ကျော်စိုးက ကားပေါ်မှဆင်းပြီး ဝင်းတံခါးကို ဖွင့်နေစဉ် ချောစုက ကျော်စိုးအိမ်ရှေ့ရောက်လာသည်။ ဝင်းတံခါးကို ဖွင့်ပြီး ကားပေါ်ပြန်တက်ဖို့လုပ်မှ မိမိအားပြုံးပြလျှောက်လာသော ချောစုကို မြင်၏။ ကျော်စိုးသည် ချောစုအား ခေါင်းဆတ်ပြပြီး ကားပေါ်တက်ကာ ဝင်းထဲမောင်းဝင်သွားသည်။ ချောစုသည် ကျော်စိုးထွက်လာပြီး နှုတ်ဆက်မလား ရပ်စောင့်သေးသည်။ ကျော်စိုးက အတန်ကြာသည်အထိ ကားပေါ်မှဆင်းမလာ။ ဝင်းတံခါးကိုပင် လာမပိတ်။ အလှူမှပြန်လာသော အဒေါ်ကြီး နှစ်ယောက်က ချောစု ရပ်နေသည်ကို မြင်၍ ရပ်ကာ စပ်စုကြ၏။

"ဟေ့ ချောစုမ ဘာလုပ်နေတာတုန်း"
"သရက်သီး ခူးချင်လို့"
ချောစုက ကျော်စိုးတို့ဝင်းထောင့်မှာ ပြွတ်ခဲအောင်သီးနေသော သရက်ပင်အားညွှန်ပြကာ အရှက်ပြေ ညာပြောလိုက်သည်။
"အမလေး သရက်သီးများအေ ညည်းတို့အိမ်မှာလည်း တပုံပဲမဟုတ်လား"
အဒေါ်ကြီးများက ပြန်ပြော၏။
"အိမ်က အမှည့်နည်းသေးတယ် ဒေါ်လေးရဲ့ ဒီအပင်က ပင်ထက်မှည့်တွေ အများကြီးပဲမြင်လား"
ချောစုသည် ညာလက်စနှင့် ဆက်ညာရာ အဒေါ်ကြီးများက တစ်ယောက်ကို တစ်ယောက်ကြည့် ချောစုကို မျက်စောင်းထိုးပြီး "အံ့ပါ့ဟယ် သရက်သီး ဒီလောက်ပေါနေတာ အိမ်တိုင်းခူးမကုန်ပေါင်" ဟု ရေရွတ်ကာ ဆက်လျှောက်သွားကြလေသည်။ ကျော်စိုးကား ကားပေါ်မှာ ထိုင်နေတုန်း။ ချောစုသည် ဆက်ရပ်နေရမည်ကို ရှက်လာကာ အိမ်သို့ အမြန်ပြန်ခဲ့သည်။ ကျော်စိုးဘာဖြစ်နေသနည်း၊ မိမိကို မမြင်၍လား၊ မြင်လျှက်ပင်ဆင်းမလာသည်လား၊ ကားထဲမှာ တခြားဘယ်သူပါလဲ၊ မိမိအပေါ် စိတ်ခုနေ၍များ သည်ရက်ပိုင်းနွားနို့ မပို့ဖို့မှာလေသလား စသည်ဖြင့်တွေးတောကာ သိလိုစိတ် တနုံ့နုံ့ရှိလေ၏။ အိမ်သို့ပြန်ရောက်သောအခါ အိမ်အောက် ကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်နေသော အမေ့ကိုမြင်သည်။  အမေသည် မျက်စိမျက်နှာ ပျက်နေ၏။ ချောစုဝင်လာသည်ကို မြင်သောအခါ "ညည်းကရော ဘာဖြစ်ပြန်သလဲ၊ ဘယ်ထိသွားနေပြန်တာလဲ" ဟု ငေါက်ငမ်းမေး၏။ ချောစုသည် အမေမေးသည်ကို ပြန်မဖြေအား။ အမေ မျက်နှာပျက်နေသည်ကိုလည်း သတိမထားမိ။ ဖျာကြမ်းမှာ ဝင်ထိုင်ပြီး ကုလားထိုင်ဘေးချထားသော ယပ်တောင်ကိုကောက်ကာ တဖျတ်ဖျတ်ခတ်သည်။ အိမ်နောက်ဘက်မှာ နွားများ၊ ဆိတ်များ အော်နေကြသည်။ သည်နေ့ အလှူရှိသောကြောင့် အဖေနွားကျောင်းမထွက်။ အလှူမှာ ရေစက်ချပြီးပြီးချင်း အမေက အငယ်မဇောနှင့် အိမ်ပြန်လာသော်လည်း အဖေက ဆရာတော်အား ကျောင်းပြန်ပို့ရာ လိုက်ပါသွားသည်။

ချောစုသည် ယပ်ခပ်နေရာမှ လက်ညောင်းလာပြီး ရပ်လိုက်သည်။ ထိုစဉ် ဘဲတစ်ကောင်က တဂတ်ဂတ်အော်ပြီး ချောစုတို့ထိုင်နေရာနား ရောက်လာရာ ချောစုက အနီးနားရှိ ဝါးအတိုတစ်ခုနှင့်ပစ်ကာ မောင်းထုတ်လိုက်ပြီး "ရေသွားခပ်ရတော့မလား အမေ" ဟု မေးလိုက်သည်။

"နေပြင်းသေးတယ် တော်ကြာနေမှခပ်၊ ညည်းဘယ်သွားနေလဲမေးနေတာ ဖြေ" ဟု အမေက ပြော၏။
"ဇာတ်ရုံမှာ အငယ်မကို သွားရှာနေတာ၊ အငယ်မရော အမေမတွေ့ဘူးလား"
"ရှိတယ် အပေါ်မှာ ဒါနဲ့ မနက်က ညည်းထမင်းစားတော့ အငယ်မနဲ့ တူတူစားတာလား"
"မဟုတ်ဘူး အငယ်မကို မတွေ့ပါဘူး"
"မနေ့ညကရော ငါ အလှူမှာ သွားကူနေတုန်း ဘာဖြစ်ကြသေးလဲ"
"ဘာမှမဖြစ်ဘူးလေ၊ အငယ်မ အစောကြီး အိပ်နေတာပဲ နေမကောင်းလို့လားမသိဘူး"
အမေသည် အငယ်မ နေမကောင်းတာမဟုတ်မှန်း သိသည်။ သို့သော်လည်း ချောစုကို မေးနေ၍ အကျိုးထူးမည်မဟုတ်သောကြောင့် ထပ်မမေးတော့ဘဲ သုန်သုန်မှုန်မှုန်ဆက်ထိုင်နေသည်။

ချောစုသည် စကားမပြောဘဲ ခေတ္တထိုင်နေပြီး "အမေ ညကျရင် ပွဲကြည့်ရမှာလား" ဟု မေးပြန်သည်။ အမေသည် ချောစုကို ဘာမှပြန်မပြော။ ချောစုသည် အမေထိုးထားသော နှီးနှစ်ချောင်းကိုခေါက်ပြီး ကြောင်ရုပ်လုပ်နေသည်။ ပိုထွက်နေသော နှီးအစွန်းကိုလက်နှင့်ကိုင်ပြီး ဟိုသည် လှုပ်ရာ ကြောင်ရုပ်ပြုတ်ထွက်သွားသည်။
"ရေခပ်လို့ရပြီလား အမေ" ချောစုက မေးလိုက်သည်။
အမေသည် အတန်ငယ် ငိုက်မြည်းနေရာမှ မျက်စိဖွင့်ကြည့်ပြီး "ညည်းဘယ်လိုဖြစ်နေလဲ နေဒီလောက်ပူနေတာ မမြင်ဘူးလား" ဟု မာန်လိုက်ပြီး လျှောထိုင်နေရာမှ ကိုယ်ကို မတ်လိုက်သည်။
"ညည်းအဖေလည်း ပြန်မလာသေးဘူး" ဟု ပြော၏။ ထို့နောက် ကိုယ်ကို ပြန်လျှောကာ ဆက်ငိုက်ပြန်ရာ အတန်ကြာသောအခါ ဟောက်သံထွက်လာသည်။ ချောစုသည် အမေမနိုးအောင် တိတ်တိတ်ကလေး အိမ်ပေါ်တက်ခဲ့၏။

အငယ်မသည် အိပ်ရာထဲမှာ နံရံဘက်မျက်နှာမူပြီး ကိုယ်တစောင်းလှဲနေသည်။
"အငယ်မ"
ချောစုက အငယ်မ လက်မောင်းကို ပုတ်ပြီး လေသံတိုးတိုးနှင့် ခေါ်လိုက်သည်။ အငယ်မသည် ချောစုအား လှည့်မကြည့်။ ချောစုသည် ကိုယ်ကိုကိုင်းကာ အငယ်မ မျက်နှာကို မြင်အောင်ကြည့်သည်။ အငယ်မ ငိုထားသည်။
"ဟေ့ ဘာဖြစ်လို့ ငိုနေတာလဲ"
အငယ်မက ပြန်မဖြေ။ ချောစုသည် အငယ်မအား စိတ်ပူလာသည်။ အငယ်မသည် မနေ့ကတည်းက တခုခု ဖြစ်နေမှန်း သတိရလာသည်။
"ရေသွားခပ်ကြမယ်လေ ညနေကျပွဲသွားရဦးမယ် စောစောခပ်ထားမှ" ဟု ချောစုက ပြောလိုက်၏။ အငယ်မက ဘာမှပြန်မပြော။
ချောစုသည် အငယ်မကျောမှာကပ်ပြီး ဝင်လှဲကာ အငယ်မကို ဖက်ထားသည်။ အငယ်မသည် ငြိမ်သက်နေ၏။
"နင် ဇာတ်ရုံသွားကြည့်ပြီးပြီလား" အငယ်မက တိတ်ဆိတ်မြဲ။
"မင်းသမီးလေးက တအားသဘောကောင်းတာပဲ။ ငါ့ကို ဘော်လီချိတ်တပ်ခိုင်းတယ်လေ အသားလေးတွေက နုနေတာပဲ။ သူကလည်း ငါ့ကို ချောတယ်တဲ့ ဟိဟိ" အငယ်မသည် ချောစုပြောသည်ကို စိတ်ဝင်စားလာပြီး ချောစုဘက် လှည့်လိုက်သည်။ ချောစု၏ ပြုံးပျော်နေသော မျက်နှာလှလှလေးကို စိုက်ကြည့်နေသည်။ ချောစု၏ မျက်ခုံးတန်းများမှာ ထူထဲမည်းနက်နေသည်။ နှာတံလေးသည် အဖျားမှာ အနည်းငယ်လုံးလုံးလေးနှင့် ချစ်စဖွယ်ရှိ၏။ ဝင်းညက်သော ပါးပြင်နှစ်ဖက်မှာ သွေးကြောစိမ်းလေးများယှက်သွယ်နေသည်။ အငယ်မသည် မိမိအားဖက်ထားသော ချောစုလက်ကို သူ့လက်နှင့် အုပ်ကိုင်လိုက်သည်။

"ငါပြောပြဦးမယ် သိလား ဟိုမိန်းမညိုညိုဟာလေ မင်းသားနား တကပ်ကပ်တော်" ချောစုက ဆက်ပြောသည်။ "ဟုတ်လား မင်းသားရော ချောလား" အငယ်မကမေးလိုက်ရာ ချောစုသည် စကားပြောရ အားတက်သွားပြီး၊ မင်းသားအကြောင်းများ၊ မင်းသမီးအား လက်ဆောင်ပေးကြသည့်အကြောင်းများကို ဝမ်းသာအားရ ဆက်ပြောလေသည်။ နေရှိန် အနည်းငယ်လျော့လာတော့မှ နှစ်ယောက်အတူ ရေသွားခပ်ဖို့ထွက်ကြ၏။

ချောစုသည် ရေခပ်ရင်း ကျော်စိုးတို့အိမ်ရှေ့မှ ဖြတ်သွားတိုင်း လှည့်လှည့်ကြည့်၏။ ကျော်စိုးကို မတွေ့ရ၊ ရေခပ်ဖို့လည်း ထွက်မလာ။
ကျော်စိုးကား ကားထဲမှ လေအေးပေးစက်ကိုဖွင့်၊ မျက်စိကို စုံမှိတ်ပြီး ကားမောင်းသူခုံကို နောက်သို့လှန်ကာ မှိန်းနေ၏။ ကားကက်ဆက်ကို ဖွင့်ထားသော်လည်း လွင့်ပျံနေသော သီချင်းသံက နားထဲ ဝင်တချက် မဝင်တချက်။ ကျော်စိုးတစ်ကိုယ်လုံး နုံးချိနေသည်။ ရေချိုးလိုက်လျှင် လန်းသွားလောက်ပါရဲ့၊ ရေခပ်ရဦးမည့် အရေးကရှိသေးသည်။ ကျော်စိုးသည် ခေါင်းမှ ဆံပင်များကို လက်ဖြင့်ထိုးသွင်းကာ ခပ်တင်းတင်း ဆုပ်ကိုင်နေ၏။ ချမ်းသလိုလို ခေါင်းကိုက်သလိုလို ဖြစ်နေသည်။ ကားကက်ဆက်ကို ပိတ်လိုက်ပြီး ထွက်သက်ဝင်သက်ကို လိုက်မှတ်နေရာ ခဏကြာတော့ ကားထဲမှာပင် အိပ်ပျော်သွားလေသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ဇာတ်ပွဲမှ ဗုံစမ်းပတ်စမ်း တီးမှုတ်သံများ တရွာလုံး ကြားနေကြရပြီဖြစ်သည်။ အေးအေးဦးသည် ဇာတ်ပွဲသွားဖို့ကို ချောစုနှင့် အငယ်မ အဝတ်အစားလဲမပြီးသေး၍ ချောစုတို့အိမ်ရှိ စပယ်ရုံမှ စပယ်ပန်းငုံများကို ခူးရင်းစောင့်နေသည်။ ချောစုအမေသည် မီးဖိုထဲမှာ ထမင်းအိုးတည်နေရာမှ ထွက်လာပြီး အေးအေးဦး ဖြီးလိမ်းပြင်ဆင်ထားသည်ကို အကဲခတ်ကြည့်၏။ အေးအေးဦးသည် ဇာအင်္ကျီအဝါရောင်နှင့် လုံချည်အနက်မှာ အဝါစင်းရှမ်းလုံချည်ကို ဝတ်ထားသည်၊ စလင်းဘတ်အိတ်အနက်ပြောင်ပြောင်လည်း လွယ်ထားသည်။
"ဇာလေးက လှလိုက်တာ ဘယ်လောက်ပေးရလဲ" ဟု အမေက ဇာအင်္ကျီလက်ဖျားကို ကိုင်ကြည့်ပြီး မေးလိုက်သည်။
"တစ်ကိုက်ကို လေးထောင့်ငါးရာ ဒေါ်လေး"
"အေး လှသား ချုပ်ခကရော"
"ကျွန်တော့်ဘာ ကျွန်တော်စမ်းချုပ်ထားတာ"
ချောစုအမေသည် တအံ့တသြဖြစ်သွားသည်။ အေးအေးဦးသည် ရွာရှိစက်ချုပ်သည်မဒေါ်မြစိန်ဆီမှ အထည်များယူပြီး လက်ချုပ်လိုက်နေတာ ကိုတော့ သိသည်၊ ကိုယ်တိုင်အင်္ကျီချုပ်တတ်နေပြီမှန်းတော့ မသိသေး။
"ဟယ် ဟုတ်လား တော်တော်တတ်နေပြီပဲ ဘယ်တုန်းက သင်ထားတာတုန်း"
"သင်နေတာ သုံးလေးလရှိပြီ ဒီဟာ ငါးထည်မြောက်ပဲ ဦးဆုံးနှစ်ထည်တော့ ပျက်သွားတယ်"

အမေသည် ချောစုအား စက်ချုပ်သင်ပေးရကောင်းမလားဟု စိတ်ကူးပေါက်သွား၏။ ရွာမှာ စက်ကောင်းကောင်းချုပ်တတ်သူ ဒေါ်မြစိန်တစ်ယောက်သာရှိသည်။ အခါကြီးရက်ကြီးများ၊ အလှူမင်္ဂလာပွဲများ ရှိလျှင် ဒေါ်မြစိန်ထံမှာ သုံးလေးလ ကြိုအပ်ထားမှ အချိန်မီအောင်တတ်သည်။ ပွဲပြင်မရှိလျှင်ပင် ဒေါ်မြစိန်မှာ တစ်ယောက်တည်း မနိုင်၍ အေးအေးဦးဆီမှာ လက်ချုပ်အပ်ရသည်မဟုတ်လား။ စက်ချုပ်သင်ပေးလိုက်လျှင် ချောစုလည်း လုပ်စားတစ်ခုရသွားမည်၊ ချောစုသည် ပညာလည်းမတတ်၊ အများသူငါလို နေပူလေပူထဲမှာ လယ်အငှား ကိုင်းအငှားလည်း မလိုက်နိုင်၊ အိမ်မှာနေ၍ နှီးဖြာ ဖက်ထိုးလောက်သာခိုင်းလို့ရသည်၊ နှီးဖြာရုံဖက်ထိုးရုံနှင့်က စားဖို့တောင် အနိုင်နိုင်၊ စက်ချုပ်လေးတတ်ထားတော့ ထမင်းမငတ်နိုင်တော့ဘူး စသည်ဖြင့်တွေး၏။
"ငတို့ချောစုမကိုလည်း သင်ပေးဖို့ အပ်ရမလားမသိ" ဟု ပြောလိုက်သည်။ အေးအေးဦးသည် အားနာပါးနာနှင့် "ကောင်းသားပဲ ဒေါ်လေး" ဟု ပြန်ပြောလိုက်သည်။ တကယ်တော့ သင်ပေးလည်း ချောစုတတ်လာမည်မဟုတ်ဟု အေးအေးဦးထင်နေလေ၏။
"ဒါနဲ့ အောင်အောင်ဦးတစ်ယောက်ရော ဘယ်တော့ ပြန်လာမလဲ"
"မပြောတတ်ပါဘူး အဖေမြို့ငယ်သွားတုန်းက ဖုန်းဆက်တော့ နိုင်ငံခြားသွားချင်တယ် ပြောနေသတဲ့"
ချောစုအမေသည် သားယောက်ျားလေး မွေးထားသူတွေများ ကံကောင်းလိုက်တာဟုတွေးပြန်၏။ ထိုစဉ် ချောစုနှင့် အငယ်မဆင်းလာ၍ စကားပြတ်သွားလေသည်။

ချောစုနှင့် အငယ်မသည် ကြက်သွေးပေါ် အဖြူအနွယ်အခက်များပါသောပိတ်စ အထက်အောက်ဆင်တူကို နှစ်ယောက်ဆင်တူ ဝတ်ဆင်ထားကြသည်။ ချောစု၏ ဖြူဝင်းသော အသားသည် ကြက်သွေးရောင် အဝတ်အစားကြောင့် ပိုဖြူနေသယောင်ထင်ရ၏။ မျက်နှာမှာလည်း ရေဆွတ်မိတ်ကပ်လိမ်းပြီး နှုတ်ခမ်းနီရဲရဲဆိုးထားရာ နဂိုထက်ပိုလှနေတော့သည်။ ခါတိုင်း အလှမပြင်တတ်သော အငယ်မပင် နှုတ်ခမ်းနီပါးပါးဆိုးထားလေ၏။
"ဒေါ်လေးတို့ရော တခါတည်းမလိုက်ဘူးလား" ဟု အေးအေးဦးက မေးလိုက်သည်။
"လွတ်လွတ်လပ်လပ်သွားကြပါ။ တို့ငယ်ငယ်တုန်းကလည်း လူကြီးတွေနဲ့ ပွဲသွားရတာ မကြိုက်ဘူး" ချောစုအမေက ပြန်ပြော၏။

အေးအေးဦးသည် စပယ်ပန်းအနည်းငယ် ဆက်ခူးပြီး၊ စပယ်ဖူးများကို စလင်းဘတ်အိတ်ထဲထည့်ရင်း အငယ်မကို လှမ်းကြည့်ရာ အငယ်မက အမေ့ထံမှ ပိုက်ဆံယူနေသောကြောင့် အေးအေးဦး ကြည့်သည်ကို မမြင်လိုက်။ ထို့နောက် အေးအေးဦးနှင့် အငယ်မသည် အိမ်ရှေ့ထွက်နှင့်သော ချောစုနောက်မှ လိုက်ကာ ပွဲခင်းသို့ လျှောက်သွားကြလေသည်။ လမ်းမှာ "နင်ပိုက်ဆံယူလာသေးလား" ဟု အေးအေးဦးက အငယ်မနားကပ်ကာမေး၏။ အငယ်မက လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော တစ်ထောင်တန် နှစ်ရွက်ကို ဖြန့်ပြသည်။ "ငါ့အိတ်ထဲ ထည့်ထားလေ" ဟု အေးအေးဦးက ပြောလေတော့မှ အငယ်မသည် အေးအေးဦး၏ စလင်းဘတ်အိတ်ကို သတိထားမိလေသည်။ အငယ်မသည် ဘာမှပြန်မပြောဘဲ ပိုက်ဆံကို အေးအေးဦး၏ အိတ်ထဲမှာ ထည့်ထားလိုက်သည်။ အေးအေးဦးသည် မနေသာတော့။ "ဒီအိတ်လှလား" ဟု မေးလေ၏။ "အေး လှပါတယ် ငါတော့ မလွယ်တတ်ဘူး" ဟု အငယ်မက ပြောလိုက်သည်။

စကားပြောသံများကြောင့် ရှေ့မှလျှောက်နေသော ချောစုက လှည့်ကြည့်ပြီး ဘာလဲဟု မေးသည်။
"အိတ်လှလားမေးတာ" ဟု အေးအေးဦးက ဖြေ၏။ "အေးလှတယ် ဘယ်လောက်ပေးရလဲ" ဟု ချောစုက ဆက်မေးသည်။ အေးအေးဦးသည် ချောစုမေးသည်ကို မဖြေဘဲ ပြုံး၍သာနေလေသည်။ အငယ်မသည် အေးအေးဦး မူမမှန်သည်ကို ရိပ်မိ၏။ "ဘာပြုံးနေတာလဲ" ဟု အငယ်မက တံတောင်နှင့် တွတ်ပြီးမေးလိုက်သည်။ အေးအေးဦးသည် အဖြေမပေးဘဲ ညာဘက်လက်သန်းကို ကိုက်ကာ ဆက်ပြီး ပြုံးနေပြန်သည်။ လမ်းပင်ကောင်းကောင်းမလျှောက်တော့။ ခြေလှမ်းတို့ ယိမ်းယိုင်၍နေလေသည်။ ချောစုနှင့် အငယ်မသည် အလွန်စိတ်ဝင်စားသွားရကား အေးအေးဦးလက်မောင်းကို တစ်ယောက်တစ်ဖက် ချိတ်ပြီး ဖျစ်ညှစ်ကာ "နင် ဘာဖြစ်နေလဲ မှန်မှန်ပြော" ဟု ပြိုင်တူမေးလိုက်ကြ၏။

အေးအေးဦးသည် ရည်းစားရနေပြီဖြစ်သည်။ ထို စလင်းဘတ်အိတ်သည် သူ့ရည်းစား ဝယ်ပေးထားသည် ဟူ၏။ ချောစုနှင့် အငယ်မသည် အလန့်တကြားဖြစ်သွားကြသည်။ "ဟင် ဘယ်သူလဲ ဘယ်ကလဲ ဘယ်တုန်းက ကြိုက်လိုက်တာလဲ" စသည်ဖြင့် မေးမြန်းကြ၏။ အေးအေးဦး၏ ရည်းစားသည် ဥက္ကဌသမက် ဦးအောင်ကို၏ အရက်ဆိုင်မှ အလုပ်သမားဇော်ဇော်ဖြစ်လေသည်။ ဇော်ဇော်သည် မြို့ငယ်ဇာတိဖြစ်သော ဦးအောင်ကိုနှင့် ဆွေမျိုးနီးစပ်တော်၏၊ နယ်စုံရောက်ဖူးသည်၊ အလုပ်စုံလုပ်ဖူးသည်၊ ဦးအောင်ကို အလုပ်ပေးထား၍ ရွာသို့ရောက်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည်။ ဦးအောင်ကိုတို့အရက်ဆိုင်မှာ ကူရောင်းသည်၊ မြို့ငယ်မှ ဆိုင်တွက်လိုအပ်သော ပစ္စည်းများသွားဝယ်ပေးသည်၊ ဦးအောင်ကိုတို့အိမ်မှ ကိစ္စအဝဝ ဇော်ဇော်မပါမပြီး၊ တခါတလေ မြို့ငယ်သို့သွားချင်သူများကို ကားအငှားဆွဲသေးသည်၊ ဇာတ်အဖွဲ့ကိုငှားလာသည်မှာလည်း ဇော်ဇော်ပင်ဖြစ်သည်။ "မနေ့ကပဲ ဆိတ်သတ်တုန်းက လာကူသေးတယ်" ဟု အငယ်မက ပြောလိုက်သည်။ "ဘယ်သူ့မှသွားမပြောကြနဲ့နော်" ဟု အေးအေးဦးကဆို၏။ ချောစုနှင့် အငယ်မက ချက်ချင်းပင် ပြိုင်တူ ခေါင်းညှိတ်ပြလိုက်ကြသည်။

ချောစုတို့ ပွဲခင်းထဲရောက်သောအခါ ဇာတ်ရုံမှာ ကားလိပ်ပင် မတင်သေး။ လူလည်း မစည်လှသေး။ မုန့်သည်များနှင့် ကလေးများသာရှိ၏။ ကလေးများသာ လိုက်တမ်းပြေးတမ်းဆော့သူဆော့၊ ကတမ်း ဆော့သူဆော့နှင့် ရှိကြ၏။ သို့သော်လည်း ဖျာခင်းပြီး နေရာအသီးသီး ဦးထားကြနှင့်ပြီ ဖြစ်သည်။
"ဟယ် ဒုက္ခပဲ ငါတို့မှာ ဖျာလည်း မပါဘူး" ဟု အငယ်မက ပြောလိုက်သည်။ "ငါသွားပြန်ယူလိုက်ရမလား" ဟု ချောစုက မေး၏။ အေးအေးဦးသည် အငယ်မနှင့် ချောစု ပြောဆိုနေကြသည်များကို မကြား။ လည်တဆံ့ဆံ့နှင့် ဟိုကြည့်သည်ကြည့်လုပ်နေ၏။
"ဟေ့ အေးအေးဦး ဘယ်လိုလုပ်ကြမလဲ ဖျာသွားပြန်ယူမလား" ဟု အငယ်မက အေးအေးဦးကျောကို ပုတ်ကာမေးလိုက်သည်။ "ခဏနေပါဦး ငါ ကြံပါ့မယ်" ဟု အေးအေးဦးက အငယ်မကို ပြန်ပင်လှည့်မကြည့်ဘဲဆိုကာ မျက်စိဝေ့ဝဲပြီး ရှာမြဲရှာနေ၏။

ချောစုသည် မင်းသမီးကို ပေးမည်ဟု စိတ်ကူးထားသော သရက်သီးများကိုလည်း ယူဖို့မေ့ခဲ့သည်၊ ကျော်စိုးအားလည်း ပွဲကြည့်မည့်အကြောင်းပြောဖို့မေ့လာသည်၊ ကျော်စိုး နေများမကောင်းဘူးလားဟုလည်း စိတ်ပူသည်။ "ငါ သွားယူလိုက်ပါ့မယ်ဆိုနေ" ချောစုက ထပ်ပြော၏။ အငယ်မက လက်ကိုပိုက်ကာ အေးအေးဦးကြည့်သည့်ဘက်ကိုသာ လိုက်ကြည့်နေ၏။ ချောစုပြောသည်ကို အရေးမလုပ်။ ထိုစဉ် အေးအေးဦးက ဇာတ်စင်ရှိရာဘက်ကို အပြေးတပိုင်းလှမ်းသွားရာ ချောစုနှင့် အငယ်မလည်း နောက်ကလိုက်ကြသည်။ ဇော်ဇော်သည် အေးအေးဦးကို လက်ပြလျှက်ရှိလေသည်။
"ဘယ်သွားနေတာလဲ ဒီမှာ မတွေ့လို့ ရှာနေတာ"
အေးအေးဦးက စကားနာထိုး၏။
"ကိုအောင်ခိုင်းထားလို့ ခဏသွားတာ လာ ဒီမှာ နေရာဦးထားတယ်"
ဇော်ဇော်က ရှေ့နားကျကျမှ ဖျာတစ်ချပ်ရှိရာသို့ ချောစုတို့ကို ခေါ်သွားပြီး နေရာပေး၏။
ချောစုနှင့် အငယ်မသည် ယခုမှသာ ဇော်ဇော်အား သေသေချာချာ အကဲခတ်ကြည့်ရကောင်းမှန်း သိကြရရာ မမြင်ဖူးသူကိုကြည့်သလို မျက်တောင်မခတ်ကြည့်နေကြ၏။ ဇော်ဇော်သည် အသားအတော်မည်း၍ အမှတ်တမဲ့ကြည့်လျှင် ရုပ်မချောသော်လည်း ယခုလို အနီးကပ် စေ့စေ့ကြည့်လျှင် မျက်နှာချိုပြီး ကြည့်ကောင်းသည်၊ အရပ်ရှည်ရှည် ကိုယ်ဟန်တောင့်တောင့်တင်းတင်းနှင့် ယောက်ျားပီသ၏။  စကားပြောသည့် လေသံကလည်း ညက်ညက်ညောညောရှိသည်။ ချောစုသည် ဇော်ဇော်အား ကျော်စိုးနှင့်နှိုင်းယှဉ်နေမိသည်။ ဇော်ဇော်သည် ကျော်စိုးလို ပညာတတ် အဆင့်တန်းမြင့်မြင့်ရုပ်တော့မပေါက်။ ကျော်စိုးက ဇော်ဇော်လို အသားမမည်း ညိုသည်ဆိုရုံညိုကာ ဇော်ဇော်လောက် ကိုယ်လုံးကိုယ်ထည် မကြီး၊ အရပ်မရှည်သော်လည်း  ဇော်ဇော်ထက် ပိုချောသည်ဟု ချောစုကထင်၏။

"ထိုင်နှင့်ကြ ကိုခဏသွားလိုက်ဦးမယ်" ဟု ပြောပြီး ဇော်ဇော်က ထွက်သွားလေရာ "အေးအေးဦး တယ် ပိုင်တာပဲ" ဟု အငယ်မက ပြောလိုက်၏။ အေးအေးဦးသည် သဘောအကျကြီးကျကာ စလင်းဘတ်အိတ်ထဲ ထည့်လာသော ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ပြီး မျက်နှာက ပြုံးဖြီးလျှက်ရှိလေသည်။

ချောစုတို့ ထိုင်နေစဉ်မှာပင် အမှောင်သမ်းစပြုလာသည်။ ပွဲကြည့်မည့်သူများ တဖွဲဖွဲရောက်လာကြသည်။ လေကလည်း အေးလာသည်။ ဇာတ်ရုံကားလိပ်ကတော့ မပွင့်လာသေး။ ချောစုသည် အငယ်မနှင့် အေးအေးဦးကိုကြည့်လိုက် လိမ္မော်သွေးတောက်နေသော ကောင်းကင်ကိုကြည့်လိုက်၊ ပတ်ပတ်လည်မှ ရွှေဝါရောင်ကောက်ရိုးပုံများကိုကြည့်လိုက်၊ ဇာတ်စင်ပေါ်ကိုကြည့်လိုက်၊ အနီးအနားရှိ ကစားနေသောကလေးများနှင့် ပွဲကြည့်ဖို့စောင့်နေသူများကိုကြည့်လိုက်လုပ်နေရင်းကပင် ကျော်စိုးကို သတိရလျက်ရှိသည်။ ကျော်စိုးကရော ဇော်ဇော်လို ပွဲကြည့်ဖို့ဖျာနေရာဦးပေးမည်လား။

"ငါ ဗိုက်ဆာလိုက်တာ" ဟု အငယ်မက ပြောလိုက်သည်။
"ဘာမှမစားလာဘူးလား" ဟု အေးအေးဦးက မေး၏။
"အေး မနက်ကတည်းက ဘာမှမစားရသေးတာ" အငယ်မက ပြောတော့ ချောစုနှင့် အေးအေးဦး အံ့သြသွားကြသည်။ မနက်ကအလှူမှာ ချောစုနှင့် အေးအေးဦး ထမင်းအတူစားစဉ် အငယ်မမရှိနေသည်ကိုလည်း နှစ်ယောက်လုံး ပြန်သတိရသွားသည်။
"ဟယ် ငါတို့က နင်စားနှင့်ပြီထင်တာ ငါနဲ့ ချောစုမ တူတူစားကြသေးတယ်"
အငယ်မသည် ဘာမှမပြော။ ညှိုးငယ်သော မျက်နှာနှင့် ဇာတ်စင်ကိုသာ ငေးမောနေ၏။ ထိုစဉ် ဇော်ဇော်ရောက်လာသည်။ ဇော်ဇော်လက်ထဲမှာ ကြွပ်ကြွပ်အိတ်နှင့်ထုပ်ထားသော အကြော်စုံများနှင့် အအေးသုံးဘူးငါးဘူးပါလာသည်။
"ဟယ် အတော်ပဲ ဒီမှာ အငယ်မ ဗိုက်ဆာနေတာ ကိုက သိပ်တော်တာပဲ" အေးအေးဦးသည် သွားမစေ့တော့။ ဇော်ဇော်က "ကိုသွားလိုက်ဦးမယ် အော်ပရာချိန်ကျမှ လာခေါ်မယ်" ဟု အေးအေးဦး နားနားကပ်ပြီး ပြောဆိုကာ ထွက်သွားပြန်သည်။

"ဟေ့ နင်က ဘယ်သွားမလို့လဲ လာခေါ်မယ်ဆိုတာ ဘယ်ကိုတုန်း" အငယ်မသည် အကြော်စုံထုပ်ကို သူ့လက်ထဲမှာ ကိုင်ထားပြီး နှိုက်မစားနိုင်သေးဘဲ အေးအေးဦးကို စပ်စုသည်။ အေးအေးဦးသည် မျက်နှာမချိုမချဉ်ဖြစ်လာပြန်သည်။ ချောစုပါ စိတ်ဝင်စားသွားသည်။ "ဟိုဒင်းလေ ကိုဇော်က ငါနဲ့တွေ့ချင်လို့တဲ့" အေးအေးဦးက စလင်းဘတ်အိတ်ကြိုးကို ဟိုဘက်လိမ် သည်ဘက်လိမ် လိမ်ရင်းအနီးအပါးက လူများမကြားအောင် လေသံတိုးတိုးနှင့်ဖြေ၏။
"ဟင် ခုပဲ ခဏခဏတွေ့နေတာကို" ဟု ချောစုက ပြောလိုက်သည်။
"ရှူး ချောစုမ အသံမကျယ်နဲ့ဟ၊ သူများတွေကြားသွားမယ်၊ ခုလိုတွေ့တာနဲ့တူမလားဟေ့"
အငယ်မကတော့ မျက်လုံးအပြူးသားနှင့် "ဘယ်မှာသွားတွေ့မှာတုန်း" ဟု မေး၏။
"မသိဘူး သူစီစဉ်မှာ"
"နင် သတိထားနော် ငါတို့ပါ လွှတ်ပေးတယ်ဆို အပြောခံနေရမယ်"
"အေးပါဟ တကယ်တော့လေ ဟီးဟီး"
"ဘာတုန်း ဆက်ပြော ဆက်ပြော"
"မြို့ငယ်မှာ မနေ့က တစ်ခါတွေ့ပြီးပြီ"
ချောစုသည် အေးအေးဦးပြောသည့် တွေ့သည်ဆိုသော ကိစ္စကို နားမလည်။ ခုလိုတွေ့တာမဟုတ်ဆိုတော့ ဘယ်လိုတွေ့သနည်း။ အငယ်မကတော့ စိတ်ပူကာဆက်မေးသည်။
"ဟင် နင်မနေ့က မြို့ငယ်သွားတာလည်း ငတို့မသိရပါလား ပြောပြဦး မြို့ငယ်ဘာသွားလုပ်တာတုန်း"
"ပိတ်စဝယ်ဖို့ ဦးအောင်ကိုတို့ ဈေးဝယ်တဲ့ ကားနဲ့လိုက်သွားမယ်ဆိုပြီး အမေ့ကိုပြောပြီးသွားတာ၊ တကယ်က မနေ့က ဘယ်သူမှမပါဘဲ ကိုဇော်တစ်ယောက်တည်းဇာတ်ကားကို ကြိုဖို့ သွားတာ ဟီးဟီး"
"ဟေ့ သူက မနေ့က ဆိတ်လာသတ်တုန်းက ရှိသေးတယ်လေ ဘယ်ချိန်သွားလိုက်တာတုန်း"
"အေး နင်တို့ဆီက ဆိတ်တွေယူပြီး အပြန်မှာ ငါ့ကို အချက်ပြပြီး ခဏကြာတော့ သွားကြတာပဲ ညမှောင်မှ ပြန်ရောက်တာလေ ဇာတ်ကားရောက်တဲ့အချိန်မှ"
"ဟယ် အံ့ရော အေးအေးဦးရယ် ဇာတ်ကားရောက်တဲ့ချိန်တော့ ငါတို့လည်း မသိလိုက်ဘူး။ မနေ့က စောအိပ်သွားတာ အမေ လုပ်အားပေးပြီး ပြန်လာတာတောင် မသိလိုက်ဘူး"
"ငါလည်း မသိလိုက်ဘူး နင်အစောကြီးအိပ်နေတာနဲ့ ငါပါအိပ်လိုက်တာ" ဟု ချောစုက စိတ်ဝင်တစားနားထောင်နေရာမှ ဝင်ပြော၏။

ထိုစဉ် ထွန်းထွန်းဦးရောက်လာသည်။
"နင်တို့က သွားတာ ငါ့လည်းမပြောဘူး"
ထွန်းထွန်းဦးက ပြောပြောဆိုဆိုနှင့် ချောစုတို့ထိုင်နေသော ဖျာမှာ ဝင်ထိုင်လိုက်သည်။ အငယ်မနှင့် ချောစုသည် အေးအေးဦးထံမှ တွေ့သည့် အကြောင်းများကို နားထောင်လိုသေးသော်လည်း ထွန်းထွန်းဦး သိသွားမည်စိုး၍ ငြိမ်နေလိုက်ရသည်။ အငယ်မလည်း ထိုအခါမှ ဇော်ဇော်လက်ထဲကိုင်ထားသော အကြော်စုံကို စားလေသည်။ ချောစုနှင့် အေးအေးဦးက အအေးကိုသာ သောက်ကြသည်။ အငယ်မက ထွန်းထွန်းဦးကို အကြော်ကျွေးသည်။ ထွန်းထွန်းဦးက အနည်းငယ်သာယူစားပြီး သူ့လက်ထဲကိုင်ထားသော ရေဘူးမှရေကိုသာ တွင်တွင်သောက်နေသည်။ မကြာမီ ဇာတ်ရုံကားလိပ်ပွင့်လာပြီး ဇာတ်ပွဲစ၏။ ဦးစွာ ဇာတ်သမားများစုပေါင်းပြီး ဘုရားကန်တော့ကြသည်။ ထို့နောက် မင်းသမီးနှင့် အရံမင်းသမီးများက အပျိုတော်ကကြသည်။ ချောစုသည် မင်းသမီးအတွက် သရက်သီးသွားမပေးလိုက်ရသည်ကို စိတ်မကောင်းဖြစ်နေသည်။ အေးအေးဦးကြောင့်ပေါ့ နို့မို့ ဇာတ်မကခင် မင်းသမီးကို သွားတွေ့လို့ရသည်ဟုတွေးနေ၏။ နတ်ဝတ်နတ်စားများနှင့် ရှေးဟောင်းသီချင်းများဆိုပြီးကသော အပျိုတော်အကကိုလည်း စိတ်မဝင်စားလှ။ ကျော်စိုးများ ပွဲခင်းထဲရောက်နေမလားဟုတွေးလျက်သာ ဟိုသည် လှည့်ကြည့်နေသည်။ အပျိုတော်ပြီး ခေတ်ပေါ်စတိတ်ရှိုးလာတော့မှ ကျော်စိုးကိုမေ့ပြီး ဇာတ်စင်ဘက်ကို စိတ်ဝင်တစားကြည့်တော့သည်။ ညသည် လုံးလုံးမှောင်သွားပြီဖြစ်သည်။ ကောင်းကင်မှာတော့ ကြယ်မစုံသေး။

အော်ပရာချိန်ရောက်လာသည်။ ချောစုနှင့် ထွန်းထွန်းဦးသည် အော်ပရာကို တမေ့တမော ကြည့်နေကြ၏။ အငယ်မကတော့ အော်ပရာထက် အေးအေးဦးကိုသာ ပိုစိတ်ဝင်စားနေသည်။ အေးအေးဦးသည် ဂနာမငြိမ်ဖြစ်နေသည်။ မကြာမီ ဇော်ဇော်က အနီးနားရောက်လာသည်။ အေးအေးဦးက ဇော်ဇော်ကို မမြင်။ အငယ်မကသာမြင်သည်။ ဇော်ဇော်က ထွန်းထွန်းဦးရှိနေသောကြောင့် လာမခေါ်ဘဲ အဝေးမှသာ လက်ပြနေ၏။ အငယ်မက အေးအေးဦးလက်ကိုကုပ်ပြီး ဇော်ဇော်ရှိရာဘက် မေးထိုးပြလိုက်သည်။ ခဏနေတော့ အေးအေးဦးက တိတ်တဆိတ်ထထွက်သွားပြီး၊ အေးအေးဦးနှင့် ဇော်ဇော်သည် ပွဲခင်းအကွယ် အမှောင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားကြသည်။ အားလုံးက အော်ပရာကို စိတ်ဝင်စားနေကြရာ အငယ်မက လွဲ၍ အေးအေးဦးနှင့် ဇော်ဇော်ကို မည်သူမှ သတိမထားမိလိုက်ကြ။

အငယ်မသည် အော်ပရာကို စိတ်သွင်းပြီး ကြည့်နေရသော်လည်း အေးအေးဦးနှင့် ဇော်ဇော်ဆီသို့သာ စိတ်ရောက်နေ၏။ အေးအေးဦးကို မတားလိုက်မိသည်မှာ မှားနေသလား၊ အေးအေးဦးနေရာမှာ ချောစုဖြစ်နေလျှင် မိမိသည် သည်လိုလွှတ်ပေးလိုက်မိမည်မဟုတ်၊ ဒေါ်ဒေါ်တို့ သိလျှင် အငယ်မကိုအပြစ်တင်တော့မည် စသည်ဖြင့်တွေးတောပြီး စိတ်ညစ်ညူးလျှက်ရှိ၏။ မိမိသာ အေးအေးဦးနေရာမှာ ဆိုလျှင်ကောဟုစဉ်းစားမိပြန်သောအခါမှာတော့ ပို၍သာ စိတ်ရှုပ်သွားလေသည်။ အငယ်မသည် မိမိအား ပိုးပန်းသူ တစ်ဦးမှမရှိသည်ကို သတိရလာ၏။ ချောစုကိုသာ အလေးပေးနေရ၍ မိမိကိစ္စကိုပင် စိတ်မဝင်စားအား။ တခါတလေတော့လည်း မိမိအရေးထက် ချောစုအရေးအား အမြဲတွေးပေးနေရသည်ကို စိတ်ကုန်ကာ ချောစုအပေါ် ဂရုမစိုက်ဘဲနေကြည့်၏။ ထိုစိတ်သည် ကြာကြာတော့မခံတတ်။ ချောစု၏ ချစ်သနားစဖွယ် မျက်နှာကိုကြည့်မိလျှင် သားချင်းဆိုလို့ ဒီအစ်မရောဂါသည်လေး တစ်ယောက်ပဲရှိတာဟူသောအသိက ပေါ်လာတတ်ကာ ချောစုအား အလိုလိုက်မြဲ လိုက်မိ၏။ သည်အတိုင်းဆိုလျှင် မိမိသည် ရည်းစားသနာရော ရပါဦးမည်လားဟု တွေးမိ၏။

ချောစုနှင့် ထွန်းထွန်းဦး အပါအဝင် ပွဲကြည့်နေသူများက အော်ပရာထဲမှ လူပြက်မင်းသား၏ ပြက်လုံးများကို တဝါးဝါး တဟားဟားရယ်နေကြသည်။ အငယ်မတစ်ယောက်သာ ကလေးတစ်ဦးလို ပေါ့ပါးစွာ ရယ်မောနေသော ချောစုကို တလှည့်၊ ဇာတ်ရုံကို တလှည့်၊ အေးအေးဦးတို့ထွက်သွားသော အမှောင်ထဲကို တလှည့်ကြည့်ကာ စိတ်မသက်မသာနှင့်ရှိလေသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 

ကျော်စိုးသည် နေ့လည်က အိပ်ထား၍ အတန်ငယ်လန်းဆန်းသွားကာ၊ ဇာတ်ပွဲစချိန်လောက်မှာ ဓာတ်မီးနှင့်ထိုးပြီး ရေသွားခပ်သည်။ ရေတွင်းမှာ ရေခပ်နေသူ တစ်ယောက်မှရှိမနေ။  ပွဲထဲရောက်နေကြပြီဖြစ်လိမ့်မည်။ ပွဲသံများကတော့ တစ်ရွာလုံး လွှမ်းနေ၏။ ကျော်စိုးသည် ရေမိုးချိုးပြီးတော့  ဂတ်စ်အိုးနှင့် ရေနွေးတည်ကာ မြို့ငယ်မှ ဝယ်လာသော ရယ်ဒီမိတ်ခေါက်ဆွဲခြောက်ကို ပြုတ်စား၏။ ထို့နောက် ပွဲခင်းဘက်သို့ ကားမောင်းပြီး မယောင်မလည် သွားကြည့်သည်။ ပွဲသည် ကျော်စိုးထင်ထားသည်ထက် ပိုစည်ကားနေသည်။ ကျော်စိုးသည် ကားကို ပွဲနှင့် ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ဆင်းလျှောက်၏။ ပွဲခင်းအဝင်ဝမှာ မော်တော်ဆိုက်ကယ်အမြောက်အမြား ရပ်ထားသည်ကိုတွေ့ပြီး အံ့သြလို့နေသည်။ ရွာမှာ မော်တော်ဆိုင်ကယ် သည်လောက်များများစားစားမရှိသည်ကို သူသိသည်။ သို့သော်လည်း ကြာကြာမတွေးအား၊ ဆိုင်ကယ်များ အကျော်လူသွားလမ်းမှာ မုန့်သည်အချို့တွေ့လိုက်သောကြောင့် ဆက်လျှောက်သွားသည်။

အသင့်ကြော်ထားပြီး၊ ဝယ်သူလာမှ ပြန်နွှေးပေးသော ငုံးကြော်သည်ချည်း ငါးသည်ဆက်တိုက်ရှိသည်။ ကျော်စိုးသည် ငုံးကြော်ကြိုက်သော်လည်း ဒီလောက် လူတကာ သွားလာနေတဲ့ ပွဲခင်းထဲမှာ အဖုံးမရှိ အကာမရှိ အကုန်လုံး ဖုံတက်နေမှာပဲဟုတွေးပြီးမစားလိုပြန်။ မီးဖိုသေးသေးလေးကို မြေမှာချပြီး ကြော်ရောင်းနေသော စမူဆာ ဗယာကြော်သည် သုံးသည်ရှိသည်။ ဗယာကြော်ကတော့ ကျော်စိုးမကြိုက်လှ။ သူ့ဘေးမှာ မုန့်လင်မယားသည်တစ်သည်။ မုန့်လင်မယားကလည်း လုပ်ထားပြီးသားကို ဗန်းထဲသည်တိုင်း ထည့်ရောင်းနေခြင်းဖြစ်ရာ စားလိုစိတ်မရှိ။ ထို့နောက် ဖော့ဘူးထဲမှာ ရေခဲတုံးအကြီးကြီးထည့်ပြီး အအေးဘူးများကို စိမ်းရောင်းနေသော အသက်ဆယ်နှစ်ကျော်ခန့် ယောက်ျားလေး နှစ်ယောက်။ ရုတ်တရက် ကလေးလုပ်သားဆိုသည့်ကိစ္စ ခေါင်းထဲရောက်လာသည်။ သို့သော်လည်း သူတို့ဘာသာသူတို့ ပိုက်ဆံလိုလို့ ရောင်းရတာပဲ ကိုယ်ဘာမှမတတ်နိုင်ဘူးဟုတွေးကာ မျက်နှာလွှဲလိုက်သည်။ ထိုကလေးနှစ်ယောက်အကျော်မှာ ကောက်ညင်းကျည်တောက်သည်။ ကျော်စိုးက မီးဖိုမှာ လောလောလတ်လတ် ကင်ထားဆဲဖြစ်သော၊ ဖုံမဝင်သဲမဝင် လုံလုံခြုံခြုံလည်းရှိလှသော ကောက်ညင်းကျည်တောက်များကို ဝယ်သွားဖို့ရွေးချယ်လိုက်သည်။

ကောက်ညင်းကျည်တောက်မကျက်သေး၍ အတန်ငယ်စောင့်နေရင်း ဇာတ်စင်ပေါ်သို့ လှမ်းကြည့်သည်။ ဇာတ်မင်းသားတစ်ယောက် သီချင်းဆိုနေသည်။ အသံချဲ့စက်အသံက မကြည်လင်လှသော်လည်း မင်းသားဆိုနေသော သီချင်းကို ကျော်စိုးအလွတ်ရသည်။ နိုင်ငံခြားသီချင်း 'Tie a yellow ribbon around the ole oak tree' ကို မြန်မာမှုပြုထားသော သီချင်းဖြစ်သည်။ ကျော်စိုးတို့မမွေးခင်ကပင် တစုံတဦးက မြန်မာမှုပြုပြီး ဆိုခဲ့သည်၊ ထို့နောက် တစုံတဦးက ကျော်စိုးတို့ သိတတ်စမှာ ပြန်ဆိုသည်၊ ခုထိ ဟိုလူသည်လူ ဟိုပွဲသည်ပွဲတွေမှာ ဆိုနေကြတုန်းဆိုတော့ အလွန်ပင်နားရည်ဝနေသော သီချင်းဖြစ်သည်။ ငယ်စဉ် ကြားဖူးစကတော့ နိုင်ငံခြားသီချင်းမှန်းပင် မသိ။ အမေ့မိတ်ဆွေ သင်္ဘောသား တစ်ယောက်စုထားသော သီချင်းခွေအဟောင်းများကို ငှားနားထောင်ရမှသာ နိုင်ငံခြားသီချင်းမှန်း သိရသည်။  နောက်ပိုင်းမှာတော့ နိုင်ငံခြားအမ်တီဗီ ခိုးကူးခွေများ ဝယ်လို့ရလာသည်။ ထိုစဉ်ကတည်းက ကျော်စိုးက ညဘက်သူငယ်ချင်းတွေစုပြီး လမ်းထိပ် အုတ်ခုံမှာ ဂစ်တာတီး သီချင်းဆိုကြသည့်အခါတိုင်း ဗမာလို ကူးထားသည်ကို မဆိုတော့ဘဲ အင်္ဂလိပ်လို မူရင်းကိုသာ အလွတ်ကျက်ပြီး ဆိုတော့သည်။

အင်တာနက်ခေတ်ရောက်လာတော့ သည်လို မူရင်းကို မည်သည့်အခါမှ ထုတ်ဖော်မပြောဘဲ ကူးဆိုထားသည့်သီချင်းများ၊ ပြန်ရိုက်ထားသည့် ရုပ်ရှင်များဆိုလျှင် မရအရ ဇက်မြစ်လိုက်ဖော်ထုတ်ရတာ လွယ်ကူလာသည်။ ကျော်စိုးသည် တွေ့မိတိုင်းမှာ ထိုအကြောင်းများကို လူမှုကွန်ယက်မှာ တင်တတ်၏။ မြန်မာအဆိုတော်၊ မင်းသားမင်းသမီးတို့ကို အားပေးသူများကတော့ ကျော်စိုးကို လူမှုကွန်ယက်မှာပင် ပြန်ရန်တွေ့ကြသည်။ ကျော်စိုးကိုယ်တိုင်လည်း အရင်တုန်းက ဝတ္ထုတိုများ၊ ကဗျာများ အနည်းအကျဉ်း စမ်းရေးလျှင် နိုင်ငံခြားဆန်အောင် ကြိုးစားရေး၏။ နိုင်ငံခြားတိုင်းပြည်များမှာ လွန်ခဲ့သော နှစ်ရာချီလောက်ကတည်းက ခေတ်စားခဲ့သည့် စာပေအနုပညာတို့ကို ကျော်စိုးတို့ကသည်ခေတ်မှ မြည်းစမ်းခွင့်ရပြီး ဝေဖန်ဆွေးနွေး အတုယူလို့ကောင်းနေတုန်း။ နောက်တော့ အသစ်မဖန်တီးနိုင်ဘဲ သူများနောက်က မှီအောင်လိုက်နေရပါလားဟု ရှက်စိတ်ဝင်လာပြီး ဝတ္ထုရေးခြင်းကို ရပ်လိုက်ခြင်းဖြစ်သည်။

"ရပြီ အစ်ကို"
ကောက်ညင်းကျည်တောက် သည်က လှမ်းပြောတော့ ကျော်စိုးက ရုတ်တရက်မကြား။ အသံချဲ့စက်အသံက ဆူညံလွန်းနေသည်။ ဈေးသည်အစ်မကြီးက ထရပ်လိုက်ပြီး အော်ပြောမှ ကျော်စိုးလည်း ပိုက်ဆံပေး၊ ကောက်ညင်းကျည်တောက်များကို လက်မပေရအောင် အပေါ်မှ ပတ်ပေးထားသော သတင်းစာ စက္ကူနေရာမှ ရွေးကိုင်ပြီး "ဘယ်က လာရောင်းတာလဲ အစ်မကြီး" ဟု မေးလိုက်၏။ "မြို့ငယ်က" ဟု မုန့်သည်က ပြန်ပြောလေသည်။ ထိုအခါမှ ကျော်စိုးသည် မော်တော်ဆိုင်ကယ်အများအပြားရှိနေရခြင်းကို သဘောပေါက်လေ၏။ "သြော် ဟုတ်ကဲ့ လူတွေများတယ်နော်" "များတယ် များတယ် မြို့ငယ်က လာကြည့်တာတွေလည်း အများကြီး အနီးအနားကလည်း လာကြတယ် ပွဲရှိရင် ဒီလိုပါပဲ" ဟု ဈေးသည်က ဆို၏။

ကျော်စိုးသည် ကားနားပြန်လျှောက်လာသည်။ ကားထဲမှာ ဝင်ထိုင် ထိုင်ချင်း ကောက်ညင်းကျည်တောက်တစ်ချောင်းလောက် ခွဲစားဖို့စိတ်ကူး၏။ ဝါးထိပ်မှာ ပိတ်ထားသော အုန်းဆံအဆို့ကို ဖွင့်လိုက်သည်နှင့်ပင် ကောက်ညင်း၊ အုန်းသီးနှင့် ဝါးတို့၏ စပ်ပေါင်းမီးသင်းနံ့လေးက လွင့်တက်လာသည်။ ကျော်စိုးက ဝါးထိပ်ကို အက်ရာထင်သွားအောင် ပါးစပ်နှင့်ကိုက်ခွဲလိုက်သည်။ ထို့နောက် အက်ကွဲကြောင်းအတိုင်း ဝါးများကို လက်နှင့်ဆွဲခွာရာ ဝါးစိပ်များက အောက်မှ အဆစ်နေရာကနေ ညီညီညာညာ ကားထွက်သွားပြီး ထီးလက်တံများလိုဖြစ်သွား၏။ ခလယ်မှာ ဝါးလွှာပါးတစ်ထပ်ကပ်နေသော ကောက်ညင်းတောင့် ရှည်မျောမျောလေးကျန်ရစ်သည်။ ကျော်စိုးသည် ကောက်ညင်းတောင့်ကို ဆတ်ခနဲ့ တစ်ပိုင်းချိုးလိုက်ပြီး အရာသာခံ စားနေသည်။ ကောက်ညင်းကျည်တောက်လုပ်ဖို့ အတွင်းမှာ အလွှာပါးလေးပါသော အထူးဝါးကို တစ်ဖက်ပေါက် တစ်ဖက်က အဆစ်နှင့်ပိတ်ပြီး ပိုင်းရသည်။ ရေစိမ်ထားသော ကောက်ညင်းများကို ဆားအနည်းငယ်ထည့်၊ အုန်းသီးစိတ်လေးများကို သေးသေးလှီးထည့်ပြီး သမ၊ ဖြတ်ထားသော ဝါးကျည်တောက်ထဲထည့်၊ ရေအနည်းငယ်လောင်းထည့်ပြီး အုန်းဆံဖတ်နှင့် အပေါက်ပိတ်ကာ ထင်းမီး၊ မီးသွေးမီးတို့မှာ ကင်ရသည်။ အပေါက်ပိတ်ထားသော အုန်းဆံဖတ်မှ အငွေ့တထောင်းထောင်းထွက်ပြီး မွှေးရနံ့အနည်းငယ်ပါလာလျှင် ကောက်ညင်းကျက်ပြီဖြစ်သည်။

ကျော်စိုးသည် ကောက်ညင်းကျည်တောက်ကို မစားရသည်မှာပင် အတော်ကြာခဲ့ပြီ။ ငယ်ငယ်က အမေ့ဖက်မှ ဘိုးဘွားများရှိရာ ကျွန်းမြို့လေးသို့ ဒီဇင်ဘာအားလပ်ရက် သွားလည်တိုင်း ညဘက်ဆိုလျှင် အိမ်ရှေ့မှာစုဝေးမီးလှုံကြရင်း အဘွားကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ဖုတ်ပေးသော ကောက်ညင်းကျည်တောက်ကို စားရသည်။ တခါတလေ ကိုယ်တိုင်ပင်မီးဖုတ်ရ၏။ အဘိုးဝါးဖြတ်ပေးရာမှာ ကူညီရင်းလည်း အထဲမှ အလွှာပါးလေးကို လက်သည်းနှင့် ကလော်ပြီး အစိမ်းလိုက် ဝါးစားကြည့်ဖူး၏။ အဘိုးအဘွားများသည် သဘာဝနှင့် နီးနီးစပ်စပ်နေကြသူများဖြစ်သည်။ ၄င်းကို ကျော်စိုးငယ်စဉ်တုန်းကတော့ သဘောမပေါက်ခဲ့၊ တန်ဖိုးထားရကောင်းမှန်းလည်းမသိခဲ့။ အဘိုးသည် ထိုစဉ်က ကျောင်းအုပ်ဆရာကြီးဖြစ်သော်လည်း ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်သည်၊ မြေပဲဆီ၊ နှမ်းဆီကို ကိုယ်တိုင်ကြိတ်သည်၊ ဆောင်းရာသီသွားလည်တိုင်း၊ စားပင်သီးပင်စိုက်ဖို့ မြေတူးမြောင်းဖောက်ကူရသည်၊ နွေရာသီသွားလည်က ဆီဆုံလှည့်ရာ ကူရသည်။ ကျော်စိုးသည် အပျင်းကြီးရုံမက ၄င်းအလုပ်များကိုလည်း ပညာမတတ်သူများသာ လုပ်သောအလုပ်များဟု သတ်မှတ်ဖူးရာ အဘိုးက ခိုင်းလိုက်တိုင်း တညည်းညည်းတညူညူနှင့် စိတ်အလိုမကျ။

အဘိုးအိမ်မှာနေလျှင် အသားဟင်းလည်း မစားရ။ ထမင်းစားလျှင် ဟင်းသီးဟင်းရွက်၊ အာလူး၊ ဘဲဥကြက်ဥနှင့် ငါးပုစွန်တို့ကို အဓိက စားသည်။ အိမ်မှာဆိုလျှင် အစားအသောက်ချေးမများဘဲ စားတတ်သော ကျော်စိုးသည် အဘိုး၏ ဆီနည်းဆားပေါ့ အစားအစာများကိုတော့ သည်းမခံနိုင်။ "စားအုန်းဆီတွေ မစားနဲ့ ရောဂါရမယ့်ဟာတွေ"၊ "ဈေးထဲတွေ့ကရာ အသီးအရွက်တွေ မစားနဲ့ မြေသြဇာနဲ့ကြီးပြီး ဆေးတွေဖျန်းထားတာ" စသည်ဖြင့် အဘိုးအမြဲပြောခဲ့ဖူးသည်များမှာ ယခုမှသာ ငွေကြေးချမ်းသာသူများနှင့် ပညာတတ်ဆိုသူများကြား အော်ဂန်းနစ်ဆိုပြီး ပေါ်ပင်ခေတ်စားလာသည်။ အဖိုးက ကျော်စိုး ချေးများနေတိုင်း "မင်းအိမ်မှာရော ဘယ်လိုစားလဲ၊ မင်းအမေရော ငါလုပ်ထားတဲ့ အကျင့်ပျက်ပြီး အသားတွေ ဆီများစာတွေ စားနေပြီလား၊ ငါပို့တဲ့ဆီမစားဘဲ တပ်ကရတဲ့ဆီတွေစားနေလား" စသည်ဖြင့်လည်းမေးတတ်သည်။ အမေသည် ကျောင်းပိတ်ရက်ကုန်ခါနီး ကျော်စိုးကို ပြန်လာခေါ်တိုင်း အဘိုးအဆူအပြောကို ခံရလေ၏။

အဘိုးသည် အဖေ့ကိုလည်း သဘောမကျ။ အဖေသည် အဘိုးတို့ထံ တခါမှ သွားလည်သည်ကို မတွေ့ဖူး။ "စစ်တပ်ကကောင်တွေဟာ တကောင်မှမကောင်းဘူး"၊ "မင်းအဖေ သူများဆီက လာဘ်ပေးတာတွေယူတာဘာညာတွေ့လား" စသည်ဖြင့်လည်း ကျော်စိုးကို အစ်အောက်မေးတတ်သေးသည်။ ထိုစဉ်တုန်းကတော့ ကျော်စိုးသည် အဖေတာဝန်ကျရာလိုက်ပြီး တပ်တကာလှည့် ကြီးလာရသူဖြစ်ရာ အဘိုးက တပ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ အဖေ့အားသော်လည်းကောင်း ပြောဆိုကဲ့ရဲ့သည်ကို သဘောမကျဖြစ်ခဲ့ဖူးသည်။ အဘိုးကို ပြန်လည်း မပြောရဲ၊ ကြောက်လည်းကြောက်၊ အနည်းငယ်လည်း မျက်မုန်းကျိုးပြီး၊ မုန့်မျိုးစုံလုပ်ပေးတတ်သော အဘွားကိုသာ ပိုချစ်ရသည်။ အဘွားကတော့ မုန့်စိမ်းပေါင်း၊ သာကူပျဉ်၊ ရွှေရင်အေး၊ မုန့်လက်ကောက် စသည်ဖြင့် မရိုးအောင် လုပ်ပေးနေကျ။ ခုခေတ်မှာတော့ ရိုးရာအစားအစာတွေ သိပ်လည်း မစားကြတော့။ ကလေးများလည်း တရုတ်ပြည်၊ ယိုးဒယားပြည်တို့ မှလာအလျှံအပယ် ဝင်လာသော မုန့်ထုပ်များကိုသာ သားရေစာအဖြစ် စားကြတော့သည်။ ပွဲဈေးတန်းရှိမှသာ ကောက်ညင်းကျည်တောက်၊ ရေမုန့်၊ မုန့်လုံးကြီးစသည့် ရိုးရာအစားအစာမျိုးကို မြင်ကြရတော့သည်မဟုတ်လား။

ကျော်စိုးသည် ကောက်ညင်းကျည်တောက်ကို တစ်ချောင်းလုံးကုန်အောင် စားလိုက်ပြီး ကားကို ရွာဆုံးထိမောင်းသွားသည်။ ရှေ့ဆက်သွားလျှင် နောက်တစ်ရွာကို ရောက်မည်။ ကျော်စိုးသည် ကားကို ရပ်လိုက်ပြီး၊ ကောက်ညင်းကျည်တောက် နောက်တစ်ချောင်း ခွဲစားသည်။ ပွဲခင်းထဲမှ အသံများကို ကြားနေရတုန်းဖြစ်သည်။ ရန်ကုန်မှာဆို သည်လိုဇာတ်ပွဲမျိုး မရှိတော့သည်မှာ အတော်အတန်ပင် ကြာခဲ့ပြီ။ အမျိုးသားပြဇာတ်ရုံမှာ တစ်ပွဲစ နှစ်ပွဲစသာ ရှိတော့သည်။ ဇာတ်သဘင်နှင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ တချို့တလေသာ တကူးတက သွားကြည့်ကြတော့သည်။ ဟိုးရှေးရှေးတုန်းက၊ ကျော်စိုးမမီလိုက်သော ခေတ်များဆီမှာတော့ ဇာတ်ရုံများလည်းအများအပြား၊ ဇာတ်အဖွဲ့များလည်း အပြိုင်အဆိုင်၊ ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင် ဇာတ်ညွှန်းများနှင့် ခေတ်တစ်ခေတ်ရှိခဲ့ဖူးသည်ဆို၏။

ကျော်စိုးသည် တွေးမိတွေးရာတွေးရင်း ကောက်ညင်းကျည်တောင့် တစ်ချောင်းလုံးကုန်သွားပြန်ရာ အတော်အတန် ဗိုက်ပြည့်သွားလေသည်။ ဝါးခွံကို ပစ်ဖို့ ပြတင်းပေါက်မှန်ကိုချလိုက်တော့ ဖုန်ငွေ့ကင်းစင်သောညလေက ကားတွင်းသို့ သုတ်ချီးဝင်လာသည်။ ကျော်စိုးသည်း ရေဘူးကို ဖွင့်ပြီး ရေအဝေသောက်သည်။ ထို့နောက် လေအေးပေးစက်ပိတ်ပြီး ကားစက်ကိုပါ ရပ်လိုက်သည်။ ကားမီးရောင်ပိတ်သွားမှ အစွန်းကုန်တောက်ပနေသော ကြယ်များကို  သတိထားမိရသည်။ ကျော်စိုးသည် သည်မှာ နေကတည်းက အကျင့်ပါနေသည့်အလျောက် လက်နှိပ်ဓာတ်မီးဖွင့်ပြီး မြေပြင်တဝိုက်ကို ဟိုသည်ထိုးကြည့်၏။ ကျော်စိုးကြောက်တတ်သော အကောင်ပလောင်များ မရှိလေမှ ကားပေါ်မှရဲရဲဝံ့ဝံ့ဆင်းကာ မဟူရာရောင် နက်မှောင်လှသော ကောင်းကင်ပြင်မှာ အဆုပ်လိုက် အခဲလိုက် ပြွတ်သိပ်နေသော ကြယ်များကို တမေ့တမောကြည့်၏။ ထို့နောက် ကားကိုမှီရပ်ပြီး ဆေးလိပ်တစ်လိပ်ပြီး တစ်လိပ်သောက်နေလေသည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
ညအတော်နက်နေပြီဖြစ်သည်။ အော်ပရာဇာတ်လမ်းလည်း ပြီးဆုံးကာနီးနေပြီ၊ အေးအေးဦးကတော့ ပေါ်မလာသေး။ ချောစုနှင့် ထွန်းထွန်းဦးသည် အငယ်မရှေ့မှာထိုင်ပြီး အော်ပရာကိုသာ သဲသဲမဲမဲကြည့်နေကြသည်။ အငယ်မသည် ဇာတ်စင်ကိုပင် စိတ်မဝင်စားနိုင်အား။ အော်ပရာပြီးသည်အထိ အေးအေးဦး ပြန်မလာသေးလျှင် မည်သို့လုပ်ရမည်နည်း။ ထားခဲ့ပြီး ပြန်လို့ကလည်းမဖြစ်၊ ထွန်းထွန်းဦးကလည်း ရိပ်မိပေတော့မည်။ အငယ်မသည် ရှေ့နောက်ဘေးဘီကို တကြည့်ကြည့်ရှိလေသည်။

အငယ်မသည် ချောစုပုခုံးကို လက်ဖျားနှင့် လှမ်းတို့လိုက်တော့ ချောစုက လှည့်ကြည့်သည်။ အငယ်မက အေးအေးဦး မရှိသည့်အကြောင်း လက်ဟန်ခြေဟန်နှင့် ပြလိုက်သည်။ ချောစုသည် ထွန်းထွန်းဦးနှင့် ဘေးချင်းယှဉ်ထိုင်နေရာမှ အငယ်မရှိရာ ဖျာနောက်ဘက်သို့ အနည်းငယ်ဆုတ်လာ၏။ "ဘယ်လိုလုပ်ကြမလဲ လိုက်ရှာမလား" ဟု အငယ်မက ချောစုကို လေသံနှင့်မေးလိုက်သည်။ ချောစုသည် အော်ပရာကို ပြီးဆုံးအောင် ကြည့်လိုသေးသည်။ "နင်တစ်ယောက်တည်းသွားရှာပါလား ငါထွန်းထွန်းဦးနဲ့ နေခဲ့မယ်" ဟု ချောစုက လေသံနှင့် ပြန်ပြောပြီး ရှေ့ပြန်တိုးသွား၏။ "အေး ပြီးရော ပြန်ချင်ရင်လည်း ထွန်းထွန်းဦးနဲ့ တူတူပြန် ငါ အေးအေးဦးကိုရှာပြီးမှ လာခဲ့မယ်"  အငယ်မသည် ချောစုကိုမှာပြီး ပွဲကြည့်နေသူများကြားထဲမှ ခေါင်းငုံ့ကိုယ်ကိုင်းပြီး ထွက်လာသည်။ ပွဲခင်းဘေးလူသွားလမ်းမှာ လမ်းသလားနေသော ယောက်ျားလေးများရှိ၏။ အငယ်မကို မြင်သော် အုပ်စုလိုက် အနားတိုးလာပြီး "တစ်ယောက်တည်းလား ဘယ်သွားမလို့လဲ" ဟု မကြားတကြားမေးကြသည်။ အရက်နံ့က လှိုင်နေ၏။ မိမိရွာမှလူများဟုတ်ပုံမရ။ အနီးအနားရွာများမှ ကာလသားများဖြစ်ဟန်တူ၏။ အငယ်မသည် မိမိတစ်ယောက်တည်း ဖြစ်နေ၍ ထိုသူများကို သေချာလည်း မကြည့်ရဲ၊ ပြန်လည်း မပြောရဲဘဲ ခပ်သုတ်သုတ်လျှောက်၏။ ထိုသူများကလည်း ခပ်သုတ်သုတ်လိုက်လာကြ၏။

ထိုစဉ် အော်ပရာပြီးဆုံးသွားသည်။ ပွဲကြည့်နေသူအများအပြားသည် နောက်ပိုင်းဇာတ်ထုပ်ကို ဆက်မကြည့်တော့ဘဲ ထပြန်ကြ၏။ လူက ပိုကျပ်လာသည်။ အငယ်မနောက်မှ လိုက်နေသူများသည် လူကျပ်လာသည်ကို အခွင့်ကောင်းယူပြီး အငယ်မကို လေးဘက်လေးတန် ဝန်းရံထားလိုက်ကြသည်။ ပွဲခင်း အပေါက်ဝနားကို ရောက်တော့မည်။ အငယ်မသည် အေးအေးဦး ဘယ်ဆီထွက်သွားမှန်းလည်း မသိရကား ဘယ်မှာသွားရှာရမည်ကိုလည်း မသိဖြစ်ရသည့်အထဲ မိမိအားဝိုင်းထားကြသူများကြောင့် အလွန်ပင် စိတ်ကျဉ်းကျပ်လျှက်ရှိကာ ဟိုသည် လှမ်းမျှော်ကြည့်မိသည်။ "ဘာရှာနေတာလဲ ကိုကိုက ဒီမှာလေ" ဟု ယောက်ျားလေးများထဲမှ တစ်ယောက်က အငယ်မနားနားကို ကပ်ပြီး ပြောလိုက်ရာ အားလုံးက ဝိုင်းရယ်ကြသည်။ အငယ်မသည် တစ်ယောက်တည်း ထွက်လာမိသည်ကို နောင်တရနေသည်။ တကယ်တမ်း ပွဲချိန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သည်လို ညအချိန်ကြီးမှာ မိန်းကလေး တစ်ယောက်တည်း လမ်းသွားဖို့ မသင့်၊ တကယ်ဆို ချောစုကို ရအောင်ခေါ်လာရမှာ။ အငယ်မ ထိုသို့တွေးနေစဉ်မှာပင် အငယ်မ၏ ရင်ဘတ်အား ကောင်လေး တယောက်က လက်သရမ်းလိုက်လေသည်။

အငယ်မသည် ရုတ်တရက် ကြောင်အသွားသည်။ မိမိတစ်သက်မှာ အရွယ်ရောက်ပြီးကတည်းက ကိုယ်ခန္ဓာသည်နေရာကို မည်သူမှ မထိဖူး။ အမြဲတစ်အိပ်ရာတည်း အတူအိပ်နေသော ချောစုသည်ပင် မတော်တဆ ထိမိခတ်မိသည်မှလွဲ၍ ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ မိမိရရ ဆုပ်ကိုင်ဖူးခြင်းမရှိ။ အငယ်မက သူတို့နှင့် ဝေးရာ ထွက်ပြေးဖို့ ခြေလှမ်းပြင်သော် ကောင်လေး တစ်ယောက်ကအငယ်မခါးကို လှမ်းဖက်လိုက်သည်။ ထိုသူ၏လက်သည် ခါးမှတဆင့် ကျောကိုသိုင်းဖက်ပြီး ဂျိုင်းကြားမှ အတွင်းခံဘော်လီပေါ်မှ အုပ်မိုး၍ အငယ်မ၏ သားမြတ်များကို ဆုပ်ကိုင်နေပြန်ရာ အငယ်မသည် ရင်တထိတ်ထိတ်ခုန်လာသည်။ ရှက်လည်း ရှက်လှသည်။ တဖက်မှာလည်း ဆန့်ကျင်ဖက်လိင်၏ အထိအတွေ့ကို မကြုံဖူးသောကြောင့် အထူးအဆန်းဖြစ်ကာ ကြောက်သလိုလိုရှိရင်းကပင် သာယာသလိုလိုလည်း ဖြစ်နေပြန်သည်။ အော်ဟစ်ပစ်လျှင် တယောက်မဟုတ် တယောက်ကတော့ ထိုကောင်လေးများကို ဟန့်တားမည်ပင်။ သို့သော် ထိုသို့အဖက်ခံနေရခြင်းကို လူသိမှာကလည်း ရှက်စရာကောင်းလှသည်မဟုတ်လား။ "အဲလိုမလုပ်ပါနဲ့" အငယ်မက မိမိရင်ဘတ်ပေါ်က လက်ကို လက်တစ်ဖက်နှင့် ဆွဲဖယ်ရင်း အသံအုပ်အုပ်နှင့် ပြောလိုက်သည်။

ကောင်လေးများသည် အငယ်မက အတင်းကြီး မရုန်းမဆန်ရှိသောကြောင့် ပိုအတင့်ရဲလာကာ အငယ်မကို ဝန်းရံပြီး ပွဲခင်းအဝင်လမ်းမှ ချိုးကွေ့၍ မှောင်ရိပ်ကျနေသော ဦးအောင်ကို၏ အရက်ဆိုင်နှင့် ကပ်လျက်ရှိ ပိတောက်ပင်ကြီးအောက်သို့ ဆွဲခေါ်လာကြသည်။ အုပ်ဆိုင်းနေသော ပိတောက်ပင်အောက်မှာ မှောင်လွန်းလှသည်။ အငယ်မသည် ရုန်းပြီး ထွက်ပြေးဖို့လည်း စဉ်းစားသည်၊ ထိုသူများ ဘာဆက်လုပ်မလဲလည်းသိချင်လှပြန်သည်။ ထိုစဉ် ဓာတ်မီးရောင်က ထွက်ပေါ်လာသည်။ "ဟင် အငယ်မ" အေးအေးဦး၏ အသံဖြစ်သည်။ အငယ်မ၏ ရင်သားကို ဆုပ်ကိုင်ထားသော ကောင်လေးက လက်ကို ကမန်းကတန်းဖယ်လိုက်သော်လည်း အေးအေးဦးက မြင်ဖြစ်အောင် မြင်လိုက်သည်။ "ဘာဖြစ်ကြတာလဲ" ဇော်ဇော်က မေးလိုက်သည်။ "ဟာ ကိုဇော်ကြီး" ကောင်လေးများသည် မြို့ငယ်သား ဇော်ဇော်နှင့် သိကျွမ်းသူများဖြစ်နေသည်။  အငယ်မသည် ကောင်လေးများလက်ထဲမှ ရုန်းထွက်ပြီး အေးအေးဦးထံပြေးသွားဖက်ပြီး ငိုချလိုက်သည်။ "နင်ပြန်မလာသေးလို့ လာရှာတာ သူတို့က လိုက်နှောင့်ယှက်နေလို့" ဟု အငယ်မက ပြောလိုက်သည်။ "တောင်းပန်ပါတယ်ဗျာ ကျွန်တော်တို့ မူးနေလို့ပါ" ဟု ကောင်လေးများက ဆို၏။ ဇော်ဇော်က ကောင်လေးများကို မာန်မဲပြီး ပြန်လွှတ်လိုက်၏။

"လာလာပြန်ကြမယ် အေးလည်း ပြန်တော့ နောက်မှ တွေ့မယ် ဟုတ်ပြီလား" ဇော်ဇော်က ပြောလေရာ အငယ်မက အေးအေးဦးအား ဖက်ထားရာမှ လွှတ်ပြီး ရှေ့မှ ဦးဆောင်ထွက်သွားသော ဇော်ဇော်နောက်ကို လိုက်ဖို့ပြင်သည်။ အေးအေးဦးက "ခဏလေး ဒီမှာ" ဟုဆိုလေရာ ဇော်ဇော်က အေးအေးဦးရှိရာသို့ ဓာတ်မီးထိုးပြီးကြည့်သည်။ အေးအေးဦးက ဘော်လီချိတ်ကို လက်နောက်ပြန်စမ်းပြီး တပ်နေလေ၏။ "အို မီးမထိုးနဲ့လေ ကို" ဟု အငယ်မက အော်လိုက်၏။ ထိုအခါမှ အငယ်မသည် အေးအေးဦး၏ အင်္ကျီကြယ်သီးများ ပြုတ်နေသည်ကိုလည်းကောင်း၊ လုံချည်ဖရိုဖရဲဖြစ်နေသည်ကိုလည်းကောင်း သတိထားမိလေသည်။ စောစောကပင် မိမိ၏ နို့အုံအား ဆုပ်ကိုင်ခံထားရရာ အေးအေးဦးနှင့် ဇော်ဇော် မည်သို့မည်ပုံ စခန်းသွားနေကြသည်ကို ပုံဖော်မိရင်း ရင်ထဲမှာ ရှိန်းမြမြဖြစ်သွားရလေ၏။ အေးအေးဦးက လုံချည်ကို သပ်သပ်ရပ်ရပ်ပြင်ဝတ်ပြီး အငယ်မ၏ လက်ကိုတွဲလိုက်သည်။ ထို့နောက် ဇော်ဇော်က ဦးဆောင်ပြီး ပွဲခင်းဘက်ကို လျှောက်သွားကြလေသည်။

ပွဲခင်းထဲမှာ ပွဲကြည့်သူ သုံးပုံနှစ်ပုံခန့်ရှင်းသွားပြီဖြစ်သည်။ ဇော်ဇော်က ပွဲခင်းထဲထိ လိုက်မလာဘဲ အပေါက်ဝမှာ ကျန်ရစ်သည်။ အငယ်မနှင့် အေးအေးဦးသည် ဖျာနားသို့ပြန်လာရာ၊ ဖျာနေရာလည်းမရှိ၊ ချောစုနှင့် ထွန်းထွန်းဦး မရှိတော့။ အများထပြန်တော့ သူတို့လည်း ထပြန်ကြပြီဖြစ်မည်။ ဇာတ်စင်ပေါ်မှာ နောက်ပိုင်း ဇာတ်ထုပ်အတွက် ပြင်ဆင်နေကြ၍ ကားလိပ်ခဏချထားသည်။ "ဘယ်လိုလုပ်ကြမလဲ ပြန်မလား" အေးအေးဦးက မေးလိုက်သည်။ "အေး ထွန်းထွန်းဦးပါတာပဲဆိုတော့ အိမ်ပြန်နှင့်ပြီဖြစ်မှာပါ" ဟု အငယ်မက ပြောလိုက်ပြီး နှစ်ယောက်သာ အိမ်ပြန်ဖို့ လျှောက်လာကြသည်။

"နင့်ကို ဟိုကောင်တွေဘာလုပ်လိုက်သေးလဲ"
"နင်နဲ့ ကိုဇော်ဇော်က ဘာလုပ်နေကြတာလဲ"
အငယ်မနှင့် အေးအေးဦးသည် တိတ်တဆိတ်လျှောက်လာရမှ လူရှင်းသည်နှင့် သိလိုသည်ကို ပြိုင်တူမေးမိကြပြီး ခိုးခိုးခစ်ခစ်ရယ်ကြသည်။
"ဘာမှမလုပ်ရသေးဘူးလေ ဆွဲခေါ်လာတာပဲ ငါလည်း ကြောက်လို့လိုက်လာတာ" အငယ်မက ညာပြောလိုက်သည်။
"ဟုတ်လို့လား ငါမြင်လိုက်တယ်နော် ဟီးဟီး" အေးအေးဦးက ပြောပြီးရယ်ရာ အငယ်မရှက်သွားသည်။
"နင် သူများတွေကို ပြန်မပြောနဲ့နော် ရှက်စရာကြီး"
"အေးပါဟ မပြောပါဘူး တကယ်တော့ အဲဒါက ဘာမှမဟုတ်သေးဘူး"
အငယ်မသည် မျက်နှာတစ်ခုလုံး ထူပူလာသည်။ ဘာကမှ ဟုတ်တာပါလိမ့်ဟု သိလိုလှသည်။ အေးအေးဦးကလည်း ပြောလိုလှသည်။ ထိုအကြောင်းများကို တခြားလူနှင့်လည်း စမြုံ့ပြန်လို့ မရစကောင်းမဟုတ်လား။ အေးအေးဦးသည် ဇော်ဇော်နှင့် မြို့ငယ်သို့ပါသွားပြီး ဇာတ်အဖွဲ့မရောက်သေးခင် ဇော်ဇော်က သူ့အား မြို့ငယ်ရှိတည်းခိုခန်းသေးသေးတစ်ခုသို့ ခေါ်သွားသည်မှ အစပြု၍ အသေးစိတ်ပြန်ပြောပြလေရာ အငယ်မသည် နားထောင်ရသည်ကိုရှက်လည်းရှက်၊ အရသာလည်းတွေ့ဖြစ်နေတော့သည်။

"ဟယ် ဒါဖြင့် ကလေးမွေးတယ်ဆိုတာ အပေါ်ကတက်ဖိရုံမဟုတ်ဘူးပေါ့ နင် ဗိုက်ကြီးနေရင် ဘယ်လိုလုပ်မလဲ" အေးအေးဦး ပြောပြသည်များကို နားထောင်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။ "ဆေးသောက်ထားပါတယ်ဟ ခေတ်က အရင်လိုမှမဟုတ်တော့တာ၊ မြို့ငယ်မှာဆို အဲလိုမလုပ်ဖူးတဲ့ သမီးရည်းစားမရှိဘူးတဲ့၊ ဆေးတွေက လုပ်ပြီးလည်း သောက်လို့ရတယ်တဲ့၊ နေ့တိုင်းသောက်ရတာ မဟုတ်တော့ အိမ်ကသိမှာလည်း မပူရဘူးတဲ့ ကိုဇော်က အဲဒါတွေ နားလည်တယ်ဟ"
"နင့်ကိုဇော်က လူပျိုမှဟုတ်ရဲ့လားဟယ်"
"အဲဒါ အရေးမကြီးဘူးလေဟာ ယောက်ျားနဲ့မိန်းမဟာ ဒီလိုပဲ လုပ်ကြတာပဲ လူတိုင်းလုပ်ကြတာပဲလေ ငါတို့သာ မသိတာ"
အေးအေးဦးက ဇော်ဇော်ပြောထားသော စကားများကို တုပပြီး ပြောလိုက်သည်။ အေးအေးဦးအတွက်က နယ်တကာရောက်ဖူး၊ အတွေ့အကြုံစုံသော ဇော်ဇော်သည် ဆရာပင်။

"အဲဒါဆို စောစောကလည်း အမှောင်ထဲမှာ အဲဒါလုပ်နေကြတာလား"
"အေးပေါ့ဟေ့ သမီးရည်းစားပါဆိုမှ"
"ဖုံတွေသဲတွေနဲ့ ယားမှာပေါ့ဟ"
"သြော် ဒီမှာတော့ အကုန် ဘယ်ချွတ်မလဲ မြို့ငယ်ရောက်မှပဲ ဟဲဟဲ"
"မြေကြီးပေါ်မှာ မြွေတွေကင်းတွေ ကိုက်နေပါဦးမယ်ဟယ်"
"အဲဒီချိန်မှာ ဘာမှမသိဘူး မြွေတောင်လန့်ပြီး ထွက်ပြေးမယ် ဟိဟိ"

အေးအေးဦးသည် အငယ်မကို ပြန်ပြောပြနေရင်းက ဇော်ဇော်၏ အထိအတွေ့များကို ပြန်ပြောင်း သတိရပြီး နှုတ်ဆိတ်ကာ စိတ်ကူးယဉ်လျက် ရှိ၏။ အငယ်မကတော့ အေးအေးဦးကို အားကျလာသည်။ စောစောက ကောင်လေးများနှင့် လိုက်သွားလျှင်တော့ အေးအေးဦးပြောပြသည်များကို ကိုယ်တိုင်ခံစားရမည်၊ အခုတော့ သိသလိုလို မသိသလိုလို တိုးလို့တန်းလန်းနှင့် မစို့မပို့ရှိလှသည်မဟုတ်ပါလား။ အငယ်မကလည်း ဇော်ဇော်တစ်ယောက်တည်းနှင့်ပင် အေးအေးဦးက ထိုသို့သော အတွေ့ထူးများရလေလျှင် ခြောက်ယောက် ခုနစ်ယောက်ခန့်သော ကောင်လေးများနှင့်ဆို မည်သို့ရှိမည်နည်း။ အငယ်မသည် စိတ်ကူးကြည့်ရုံနှင့်ပင် ရင်တထိတ်ထိတ်ခုန်လာ၏။ နှစ်ယောက်သား စကားဆက်မပြောတော့ဘဲ လျှောက်လာကြရာ အေးအေးဦးတို့ အိမ်နားသို့ရောက်လာသည်။ အေးအေးဦးက သူ့အိမ်သူ ဝင်ကျန်ခဲ့ပြီး အငယ်မက လေးငါးအိမ်အကျော်ရှိ မိမိအိမ်သို့ တစ်ယောက်တည်း လျှောက်လာချိန်မှာ ဇာတ်ပွဲ၌ နောက်ပိုင်းဇာတ်ထုပ် စကသံကို ကြားရလေသည်။

အငယ် အိမ်ပြန်ရောက်တော့ အိမ်အောက် ပက်လက်ကုလားထိုင်မှာ ချောစုက အိပ်မောကျနေသည်။ မြေပြင်မှာ အအေးဘူး တစ်ဘူးပေါ် တင်ထွန်းထားသော ဖယောင်းတိုင်သည်ပင် လက်တစ်ဆစ်ခန့်သာရှိတော့သည်။ ချောစု၏ ပါးနှင့် လက်မောင်းများမှာ ခြင်ဆယ်ကောင်ခန့် ကိုက်လျှက်ရှိသည်။ အငယ်မသည် ဖယောင်းတိုင်ကို ကောက်ကိုင်ပြီး ချောစုနားကပ်ကာ ခြင်များကို ရိုက်လိုက်ရာ ချောစုက လန့်နိုးသွားသည်။
"ပြန်လာပြီလား ကြာလိုက်တာဟာ ငါ နင့်ရှာမရလို့ ထွန်းထွန်းဦးနဲ့ ပြန်လာလိုက်တယ်" ဟု ချောစုက အိမ်ပေါ်မှာ အိပ်နေသော အမေတို့နိုးသွားမည်စိုး၍ လေသံတိုးတိုးနှင့် ပြော၏။
"အေး အေးအေးဦးကို ရှာနေရလို့" အငယ်မကလည်း တိုးတိုးပြန်ဖြေ၏။
"တွေ့လား အေးအေးဦးက ဘယ်နားသွားနေတာလဲ"
"ဦးအောင်ကို အိမ်နောက်က ပိတောက်ပင်အောက်မှာ"
"ဟယ် ဟုတ်လား ချိန်းတွေ့နေကြတာလား"
"အေး"
"ဘာတွေလုပ်ကြတာလဲဟင် နင်မြင်ခဲ့လား" ချောစုက စိတ်ဝင်တစားနှင့် မေးသော်အသံအနည်းငယ် ကျယ်သွားသည်။ အငယ်မက ချောစုပါးစပ်ကို လက်နှင့် လှမ်းပိတ်ပြီး "တိုးတိုးနေ သိပ်တော့ မမြင်ဘူး နည်းနည်းတော့ မြင်ခဲ့တာပေါ့ အိပ်ရာထဲရောက်မှ ပြောပြမယ်" ဟု ပြန်ပြော၏။ အငယ်မသည် မိမိကိုယ်တိုင် ကြုံခဲ့ရသည့် ကိစ္စကိုတော့ ချောစုအား ပြန်မပြောဘဲနေဖို့ ဆုံးဖြတ်ထားသည်။ ချောစုသည် အမှတ်မရှိ၊ မေ့တတ်လွန်းသော်လည်း တခါတလေ စိတ်ကူးပေါက်က အဖေအမေရှေ့မရှောင်ဘဲ ပြောမိမှာကို စိုးလှသည်။ ထို့ကြောင့် အေးအေးဦးကိစ္စကိုသာ ရွေးပြောမည် စိတ်ကူး၏။ အငယ်မသည် အိမ်ပေါ်သို့မတက်ခင် အပေါ့သွားရင်း အေးအေးဦး ပြောပြသည်များကို ပြန်စဉ်းစားရင်း မိမိ၏မိန်းမကိုယ်ကို လက်နှင့်စမ်းကြည့်ရာ ထူးဆန်းသော အရည်ကြည်များ စိုရွှဲလျက်ရှိသည်ကို တွေ့လိုက်ရလေသည်။

ချောစုနှင့် အငယ်မ အိမ်ပေါ်ထပ်သို့ တက်ကြတော့ အဖေနှင့် အမေသည် သူတို့အိပ်ရာ ဘုရားစင်ရှေ့မှာ အိပ်ပျော်နှင့်ကြပြီ။ ညီအစ်မနှစ်ယောက်သည် ခြေဖွနင်းပြီး အိပ်ခန်းထဲဝင်လာကြသည်။ ချောစုက ဖယောင်းတိုင်ကို မှန်ခုံပေါ်တင်လိုက်သည်။ အငယ်မက ခြင်ထောင်ချနေစဉ် ချောစုက ပွဲသွားအဝတ်များကို အိမ်နေရင်း အဝတ်နှင့်လဲသည်။ ချောစုက အတွင်းခံများကို ချွတ်ချလိုက်ပြီး ထဘီကို ရင်လျှားလိုက်စဉ် အငယ်မက ခြင်ထောင်ထောင်ပြီး၍ ချောစုနားကပ်ရပ်လိုက်သည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် ချောစု၏ အဝတ်မပါသော ပုခုံးသားများက ဝင်းဝင်းညက်ညက်ရှိလေသည်။ အငယ်မသည် ချောစုကို အနောက်မှ သိုင်းဖက်ပြီး မှန်ထဲမှာ မှောင်မည်းမည်းပေါ်နေသော နှစ်ယောက်တွဲပုံကို ကြည့်နေသည်။ ချောစုက လက်နှစ်ဘက်ကို မြှောက်၊ ခါးကြောကိုဆန့်ကာ ဝါးခနဲ့ သမ်းဝေပြီး "အိပ်ရအောင်" ဟု ဆို၏။

နှစ်ယောက်စလုံး ညဝတ်အိတ် အဝတ်များလဲပြီး၍ အိပ်ရာထဲမှာ ဝင်လှဲကြသည်။ ဇာတ်ပွဲမှ နောက်ပိုင်း နှစ်ပါးသွားဇာတ်ထုပ် ကနေသံကို အိပ်ရာထဲမှ ကြားနေရသည်။ "အေးအေးဦးကလေ သိလား ချောစုမ" အငယ်မက အေးအေးဦးပြောပြသည်များကို ချောစုအား ပြောပြဖို့ စကားစသည်။ ချောစုက အိပ်ပျော်နှင့်လေပြီ။ အငယ်မသည် ချောစုထံမှ အသက်ရှူသံပြင်းပြင်းထွက်လာတော့ ဖယောင်းတိုင်မီးကို ခြင်ထောင်ထဲမှနေ၍ လှမ်းမှုတ်လိုက်သည်။ အပြင်မှာ အရုဏ်ဦးအလင်းရောင်ပင် သန်းစပြုနေပြီ။ အငယ်မက မိမိကို ကျောခိုင်းပြီး အိပ်နေသော ချောစု၏ချိုင်းအောက်မှနေ၍ လက်ကိုလျှိုသွင်းကာ မိမိကိုယ်ကို ချောစုကိုယ်နှင့် ပူးကပ်ပြီး ဖက်ထားလိုက်လေသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>> 
                                                                              




















1 comment:

ငြိမ်းမိန်းကလေး said...

မုန်းစရာကြီး... ခုထိ ဆက်မရေးဘူး...