ချစ်ခြင်းမှလွဲ၍ဘာမှမကျန်ရစ်ခဲ့
မချန်ရစ်ခဲ့ မကြွင်းရစ်ခဲ့ ရစ်ခဲ့ ချစ်ခဲ့ ပစ်ခဲ့
အနှစ်မဲ့ အစစ်မဲ့ အပြစ်လည်းမဲ့
ထိုအကြောင်းခြင်းရာကို ထိုးထွင်းသိမြင်ဖို့တော့ မလိုပေဘူးလား
လိုအပ်လေသလား
ဝေဝါးမှုမရှိသော တိကျပြတ်သားသော ခိုင်မာလေးနက်သော
အရာရာသည် ရှိခဲ့သည် ဖြစ်ခဲ့သည်
ရှိနေသည် ဖြစ်နေသည်
အချိန်ကာလ၏ ရွေ့လျားတတ်သော သဘောတို့ဖြင့်
တတိတိနှင့် ကျောက်ဆောင်တို့ကို တိုက်စားသွားသော ကျောက်စက်ရေတို့သည်
ကျကွဲသွားပြီ…
အလန့်တကြားအော်ဟစ်သံ
ထို့နောက် တည်ကြည်ငြိမ်သက်သော အသက်ရှူသံ
ထို့နောက် အသက်ရှူသံ
ထို့နောက် …
အားလုံးပြီးဆုံးသွားမှာပါ
အားလုံး ပြီးဆုံး သွားမည်လား
အားလုံးပြီးဆုံးသွားပါသည်
အားလုံးပြီးဆုံးသွားခြင်းမရှိ
ကာရံတွေပါပဲ
ကာရံရှာရုံပါပဲ
ခံစားချက်တွေရောင်းတယ် ဝယ်တယ်
အဟောင်းနဲ့အသစ်လဲတယ်
အပျက်အစီးတွေပြင်တယ်
ကာရံရှာရုံလေးပါပဲ
ကာရံရှာဖို့ ခံစားချက်ကိုခဏငှားသုံးခဲ့တာပဲ
ကဗျာတွေစာတွေအတွက် အထောက်အပံ့ဖြစ်စေတော့ရယ်လို့
နှလုံးသားခပ်ရွယ်ရွယ်အနေတော် တစ်ခုကို ဘဝနဲ့အလဲထပ်လိုက်တယ်
အသည်း(သဲ) အသက်နှင်း အချစ်စစ်စစ်ဆိုတဲ့ စကားလုံးကို
ဒီနေရာမှာ ထပ်သုံးမယ်ဆို သိပ်အပေါစားဆန်သွားမလား
အနုပညာ ကဗျာစတာတွေကို ထည့်ပြောရင် နည်းနည်းလေးနက်သွားမလား
ချစ်ခြင်းဆိုသော ဝေါဟာရမှလွဲ၍ တကယ်ကို ဘာမှမကျန်ရစ်ခဲ့။
ခိုင်စိုးလင်း (03-03-2012 - 00:05 GMT +6.5)
1 comments:
3 Mar 12, 09:25 PM
မောင်ရေခဲ: http://khinesoelung.blogspot.com/2012/03/blog-post.html
3 Mar 12, 09:24 PM
မောင်ရေခဲ: ခုတော့ ဘာသာစကားကို တံခါးလာခေါက်ပီပေါ့
3 Mar 12, 09:24 PM
မောင်ရေခဲ: အော် ဒေါ်ခိုင်စိုးလန်း ဒေါ်ခိုင်စိုးလန်း
http://khinoomay77.cbox.ws/
Post a Comment