Tuesday, February 21, 2012

သစ္စာစကား

မေဟာ အများအမြင်မှာတော့ လေလွင့်နေသူရယ်ပါမောင်။ မေ့ကို မောင်နားလည်ပေးပါလို့ မပြောလိုပါဘူး။ မေ့ကို မောင်မေ့မရတာလည်း မေသိပါတယ်။ ဒါပေမဲ့မောင် အရာရာ သူ့ဟာသူ လည်ပတ်နေတဲ့ လောကထဲမှာ များမကြာခင် မောင်လည်း ရောထွေးလိုက်ပါရင်း အသားကျသွားပါလိမ့်မယ်။ တခါတလေမှာ သတိရမိကောင်း ရမယ်ဆိုပေမဲ့ မေမရှိဘဲ မောင်နေတတ်သွားပါလိမ့်မယ်။ လူတစ်ယောက်က တခြားလူတစ်ယောက်အတွက် မရှိရင်မဖြစ်ဘူးဆိုတာမျိုးက ပုံပြင်ဆန်လွန်းလှပါတယ်။ မေမရှိတုန်းကလည်း မောင်ဒီတိုင်းနေနေခဲ့တာပဲ မဟုတ်လားကွယ်။ မေနဲ့မတွေ့ဖြစ်ခင်မှာ မောင့်ဘဝကို ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ မောင်ဖြတ်ကျော်ခဲ့ရတာပဲမဟုတ်လား။ ဘဝဆိုတာ အသက်ရှူမရပ်သရွေ့ လှုပ်ရှားနေမှာပဲလေ။

သူများတွေက မေ့ကိုအပြစ်တင်ကြလိမ့်မယ်။ မေ့အကြောင်း သိသိနဲ့ ဇွတ်ဝင်တိုးတဲ့ မောင့်ကို မှားတယ်လို့ပြောဆို ကဲ့ရဲ့ကြလိမ့်မယ်။ မေက လူတစ်ဦးတစ်ယောက်ကို မဆိုထားနဲ့ မိသားစု၊ လူမျိုးရေး၊ ဘာသာတရား စတဲ့ အများသူငါအတွက် ဘယ်လိုမှ ဖျောက်ဖျက်မရတဲ့ အတွယ်အတာတွေကိုတောင် မေစွန့်ထားတာပဲ။ မောင်နဲ့ စပတ်သက်တုန်းက တချိန်ကျရင် ခုလိုပဲထားခဲ့ရမှာကို မောင်လည်း တွေးမိမှာပါပဲ။ မေဟာ မောင့်ကိုဘယ်နေ့ ကျောခိုင်းထွက်သွားမလဲဆိုတာ အမြဲကြောက်နေရပါတယ်လို့ မောင်ခဏခဏပြောခဲ့တယ်။ မေကလည်း မေကိုယ်တိုင် မပိုင်တဲ့ အနာဂတ်အတွက် ဘာကတိကဝတ်မှ မပြုခဲ့ဘူး။ ဒီတော့ မောင်အသားကျနေလိမ့်မယ်လို့ပဲ မေယူဆလိုက်တော့မယ်။ အတွယ်အတာဆိုတာတွေက ကြောက်ဖို့ကောင်းလွန်းတယ်မောင်ရဲ့။ အဲဒီအရာတွေဟာ လူ့ဘဝတစ်ခုလုံးကို ကပြောင်းကပြန် စောက်ထိုးမိုးမျှော်ဖြစ်သွားစေတတ်တယ်။ ကောင်းတာဖြစ်ရင်ဖြစ်မယ် ဆိုးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ မေမပြောတတ်ဘူးမောင်။ မေဘာကိုမှ ကြိုတွေးပြီး မပြောရဲဘူး။

နေ့သေမလား ညသေမလား မသိနိုင်တဲ့ ဘဝမှာ ဘယ်အရာကို ယုံကြည်နှောင်ရစ်ထားလို့ရော လုံခြုံနိုင်ပါ့မလဲ။ မေ့အသက်ရှူရပ်ခါနီး ဆဲဆဲမှာ မေဟာ မောင့်အပေါ်စွဲလမ်းစိတ်နဲ့ ခဏတဖြုတ်တော့ သတိရကောင်းနိုင်တယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ မေဟာ ဘဝအပေါ်တပ်မက်တတ်တဲ့ သက်ရှိတွေရဲ့ သဘာဝအတိုင်း သွေးပျက်နေမှာမိမှာပါပဲ။ အဲဒီသွေးပျက်မှုကို အတတ်နိုင်ဆုံး ပေါ့လျော့စေချင်တယ်မောင်။ မေ့ဘက်က သိစိတ်ဆိုတာကလွဲလို့ တခြားဘာကိုမှ မဖက်တွယ်ထားချင်ဘူး။ မေသေဖို့ အဆင်သင့်မဖြစ်သေးဘူးမောင်။ မောင်မေ့ကို မုန်းပစ်ပါ။ မမုန်းနိုင်ရင်တောင် နာကျည်းပစ်ပါလှည့်။ မေလုပ်ရက်တယ်လို့ပဲ မောင်တွေးပြီးတော့ မေဆိုတဲ့ အသိစိတ်ကို ခါးသက်ပါလေတော့။ မောင့်အချစ်ကို နည်းနည်းမှ မစာနာပေးနိုင်ဘူးလားရယ်လို့ အပြစ်တင်ပါလေတော့။

ဒီကမ္ဘာ ဒီလောက ဒီသက်ရှိဖြစ်စဉ်ထဲကို မေ့ဆန္ဒမပါဘဲ မေရောက်လာခဲ့ပြီးပြီ မေ့အဆုံးသတ်ကိုတော့ မေကိုယ်တိုင် ဆုံးဖြတ်ချင်တယ်လို့ မေ အမြဲပြောခဲ့ပေမဲ့ တကယ်တမ်းတော့ မေအဲသလောက် မရဲဘူးမောင်။ ကိုယ့်ဘာသာ လေးစားစိတ်၊ နှမြောစိတ်များနေတယ်လို့ပဲ ပြောရမလား။ မေက လောကကြီးအတွက် ဘာကောင်းကျိုးမှ ဆောင်ရွက်နေတဲ့သူလည်း မဟုတ်ဘူးရယ်။ ဒါပေမဲ့ မောင်အထင်ကြီးသလိုပဲ ဘယ်သူ့မှာမှ မရှိတဲ့ အရည်အချင်းမျိုး မေ့မှာရှိတယ်ဆိုတာ မေသိတယ်။ မေကိုယ်တိုင် လက်မခံချင်ဘဲ လက်ခံနေရတော့ မေက ဘဝမြင့်တယ်လို့ပဲ ဆိုကြစို့ရဲ့။ မေ့လေသံမာသွားရင် မေစကားပြောတာ ခက်ထန်သွားရင် နင်က ငါချစ်နေတာ သိလို့ ဒီလိုမော်ကြွားနိုင်တာလို့ မောင်ကိုယ်တိုင်အပြစ်တင်သလိုလေသံနဲ့ ပြောဆိုပြီး မောင်ကိုယ်တိုင်ကပဲ မေအဲသည်လို မောင်ချစ်တာကို ယုံကြည်နေတဲ့အတွက် ကျေနပ်နေတာပဲမဟုတ်လား။

မေအတ္တကြီးတယ်မောင်။ မေ့ဘဝကို ဘာနဲ့မှ အတွယ်အတာမခံနိုင်တာတော့ မေ့စိတ်ရင်းမှန်ပဲ။ မေဟာ ကိုယ့်ဘာသာ ဘယ်တော့မှ မညာဘူး။ ကိုယ့်ဘာသာ သစ္စာရှိလွန်းတယ်။ မေသူများကို လိမ်ပြောချင်ရင် လိမ်လိုက်တယ်။ လှည့်စားချင်ရင်လှည့်စားလိုက်တယ်။ လိမ်လည်လှည့်စားတာ မကောင်းဘူး၊ ဒါကြောင့် မလိမ်သင့်ဘူး စတဲ့ ကိစ္စမျိုးတွေ မေ့မှာမရှိဘူး။ မေလုပ်ချင်တဲ့ စိတ်ထဲကအရှိတိုင်း မေ့ကိုယ်မေ ရိုသေလေးစားလွန်းစွာ အလိုလိုက်မိတာပါပဲ။ မေလိုချင်တာရဖို့ အရာရာကို လုပ်ရဲတယ်။ မေမောင့်ကို လိုချင်နေတုန်းကလည်း မောင့်ကို မေ့ဆီကမခွာနိုင်အောင် လုပ်နိုင်ခဲ့တာပဲမဟုတ်လား။ တကယ်တော့ မောင်။ မောင်မေ့ကိုချစ်တယ်ဆိုတာ မေ့ဘက်ကမောင့်ကို သိပ်ချစ်တယ်ဆိုတဲ့ အသိစိတ်ကိုမောင်ကျေနပ်နေတာပါ။ မေကတော့ မေမောင့်ကို ချစ်တယ်ဆိုတာ မေ့ကိုယ်မေ ချစ်တာပါမောင်။ မောင်က မေ့ကို ဂရုတစိုက်ရှိလွန်းတာကို ခံချင်လို့ မေမောင့်ကိုချစ်တာ။ အရာရာ မေ့သဘောအတိုင်း ဖြစ်စေခဲ့လို့ မောင့်ကိုချစ်တာ။ မေ့အပေါ်မှာ မောင်က ၁၀၀ ရာခိုင်နှုန်း ပေးဆပ်နိုင်လို့ မောင့်ကိုချစ်တာ။ တခြားလူတွေလည်း အလားတူပဲလို့ ထင်ပါတယ်မောင်။

ဒါကြောင့်လည်း တစ်ယောက်က တစ်ယောက်ကို မချစ်တော့ရင်၊ စိတ်ဝင်စားမှု ကုန်သွားရင် အသည်းကွဲတယ် ဘာညာဆိုတာ ဖြစ်တတ်ကြတာ မဟုတ်လား။ လော်ဂျီကယ်လီ စဉ်းစားရင် အသည်းကွဲတယ်ဆိုတာ ပါရာဒေါက်စ်ပါပဲမောင်။ လူတစ်ယောက်ကို ချစ်နေရင် အဲဒီလူက ပြန်မချစ်လို့ အသည်းကွဲစရာ ဘာအကြောင်းမှမရှိသင့်ဘူး မဟုတ်လား။ ဒါကြောင့် လူတစ်ယောက်က တခြားတစ်ယောက်အပေါ်ချစ်တယ်ဆိုတဲ့ အချစ်ဆိုတာ တကယ်တမ်း ဆန်းစစ်လိုက်ရင် အလွန်မှ လုံခြုံမှု ကင်းမဲ့လှပါတယ်။ လူတိုင်းဟာ ကိုယ့်အတ္တကိုပဲ ကိုယ်ချစ်နေကြတာ မဟုတ်လား။ ကိုယ့်ကို ပစ်ခွာသွားမှာစိုးလို့ ရမိရရာနဲ့ ဆွဲနှောင်ထားတတ်တဲ့ လူတွေရဲ့ သဘောသဘာဝကိုက အလွန်ကြောက်စရာကောင်းလှပါတယ်။ သမီးရည်းစားတွေဟာ အရင်က ချစ်ခဲ့ဖူးတာတွေကို ပြန်တွေးစာနာဖို့ပြောမယ်။ အိမ်ထောင်ရှင်တွေဟာ ကလေးတွေနဲ့ အကြောင်းပြမယ်။ မိသားစု စတာတွေနဲ့ စိတ်ပိုင်းဆိုင်ရာကို အနားမပေးရအောင်လုပ်မယ်။ ကိုယ့်ကိုယ်ကိုယ် လူကောင်းဖြစ်ချင်လွန်းကြတာက လူတွေရဲ့ အကြီးမားဆုံး ပျော့ကွက်ပါပဲမောင်။

အဲဒီပျော့ကွက် မေ့မှာလည်း ရှိခဲ့ဖူးတယ်။ မေက မရှိတော့အောင် နှစ်ပေါင်းများစွာ အလေ့ကျင့်လုပ်လာခဲ့ရသူပါ။ မေလူကောင်းဖြစ်ခြင်း လူဆိုးဖြစ်ခြင်းအပေါ်မှာရော ပတ်ဝန်းကျင်က မေ့ကိုမြင်တဲ့ အမြင်အပေါ်မှာရော ဘာခံစားချက်မှ မရှိနေဘူးမောင်။ ဒီတော့ မေ့ကိုလူဆိုးလို့ပဲ သတ်မှတ်ချင်သတ်မှတ်လိုက်ပါ။ မောင့်အတွက် မေ့ကိုမုန်းပစ်တဲ့ခါ ဂီလ်တီမဖြစ်ရလေအောင်ပေါ့မောင်။ မေကတော့ မေလုပ်ခဲ့သမျှ အပြုအမူတိုင်း၊ တွေးမိတဲ့ အတွေးအကြံတိုင်းအတွက် ဘယ်တုန်းကမှ ဂီလ်တီ မဖြစ်တတ်ဘူးမောင်။ မေလူသတ်ဖူးတာတောင် မေ့စိတ်ထဲ နည်းနည်းမှ စိတ်မကောင်း မဖြစ်ရဘူးရယ်။ မေ့ရှေ့မှာ မေ့ကိုစိုက်ကြည့်ပြီး မေလုပ်ချင်ရာလုပ်ပါတော့လို့ လည်စင်းပေးလာသူကို အစာအဆိပ်ခတ်သတ်တုန်းက မေရက်စက်တယ် ဒါပေမဲ့ အဲဒီရက်စက်မှုကို ကျေကျေနပ်နပ်ခံယူပါ့မယ်လို့ သေငယ်ဇောနဲ့ မျောနေတုန်းမှာပြောခဲ့တာကိုတောင် မေတစ်ချက်ကလေးမှ ဝမ်းနည်းစိတ်မဝင်တတ်ခဲ့ဘူး။ မေဟာ သူတပါးနာကျင်မှုကို ကြည့်ပြီး သာယာတတ်တဲ့လူစားမျိုးပဲမောင်။ မေ့ကိုယ်မေ အသေးစိတ်လေ့လာပြီးသွားပါပြီ။ မေဟာ မောင်မျက်ရည်ကျနေတာ မြင်ရင် ကျေနပ်တယ်။ မှန်သော သစ္စာစကားပါမောင်။

အဲဒီလို သစ္စာစကားဆိုတဲ့အတွက် အဲဒီသစ္စာစူးမယ်ဆိုရင် မေဘဝမှာ မေစိတ်ချမ်းသာမှုနောက်ကို အနှောင်အဖွဲ့ကင်းကင်းနဲ့ အမြဲလိုက်နာနိုင်တဲ့သူ ဖြစ်ရပါစေဆိုတဲ့ ဆုကိုမေတောင်းမယ်။ ပြီးတော့ မေမောင့်ကို နှုတ်ဆက်ပါရစေ။ မောင်မေ့ကို ယုံကြည်နေတာ၊ နားလည်ထားတာတွေဟာ အလဟသပဲလို့ မေလှောင်ရယ်နေကျအတိုင်း ရယ်ပါရစေ။ မေလှည့်စားတယ်ဆိုတာ လှည့်စားလို့ရသူမို့ လှည့်စားတာ မဟုတ်ဘူးမောင်။ မေလှည့်စားချင်တဲ့လူကိုပဲ လှည့်စားတာပါ။ မောင်ဟာ မေ့ရွေးချယ်ခြင်းခံရတာအတွက် မောင်ကျေနပ်တယ်ဆိုတော့ မေက အားနာလှပါတယ်။ မောင့်လက်ရှိဘဝလေးကိုပဲ ဟန်လုပ်ပြီးတော့ဖြစ်ဖြစ် မောင်တွယ်ကပ်ထားပါလေ။ မေ့အတွက် စွန့်လွှတ်စွန့်စားရတာ မတန်ဘူးပဲပြောပါရစေ။ မေကတော့ တန်လို့ မောင်နဲ့ ပတ်သက်ခဲ့တာပါပဲ။ နောက်ပြီးတော့ မေလွင့်ချင်ရာကို ဆက်လွင့်ပါရစေ။

ခိုင်စိုးလင်း (21-02-2012 09:16)

0 comments: