ကျွန်မသည် ဒေါ်ကြည်ဖြူအောင်၏ အသက်မရှိတော့သော ရုပ်အလောင်းကို စိုက်ကြည့်နေတာ တစ်နာရီခန့်ရှိပြီ။ တစ်သက်လုံး မိတ်ကပ်မပျက် နေလာခဲ့သောထိုအမျိုးသမီး။ သူ့ဆံပင်မှာ စိုက်ထိုးပန်ဆင် ထားသော အ၀ါရောင်နှင်းဆီတစ်ပွင့်က နွမ်းလုနီးပြီ။ သေတာတောင်သူ့မှာ ကြော့ကြော့လေး။ အပူအပင် မရှိသလိုပါပဲ။ ကျွန်မ မနာလိုလိုက်တာ။ ယောက်ျားနဲ့၊ သားသမီးတွေရဲ့ ဂရုစိုက်မှု၊ အလိုလိုက်မှု တွေနဲ့ ပျော် ရွှင်သာယာခဲ့သော မိန်းမ။ သူ့ယောကျာ်းကသူ့ကို အောက်ခြေသိမ်းလုပ်ပေးတတ်တာကို ဂုဏ်ယူတတ် သလောက် သူ့သားက ကျွန်မကို ဂရုစိုက်မှာကို မလိုလားခဲ့သော မိန်းမ။ ကျွန်မအရမ်းမုန်းတာပဲ။
“မီး ကိုနန္ဒခေါ်နေတယ်”
ရောက်ကတည်းက ကျွန်မအဝေးကနေလှမ်းလှမ်းကြည့်နေတာ သူသိမှာပါ။
နန္ဒသည် မီးချောင်းတွေနဲ့ အလုပ်ရှုပ်နေသည်။ သူ့မျက်နှာက နွမ်းလျလျ။ ကျွန်မက အနားမှာထိုင်လိုက်တော့ ပြုံးပြသည်။ ခါတိုင်းလို အပြုံးမျိုးတော့မဟုတ်။ ၀မ်းမနည်းပါနဲ့နန္ဒရယ်။
“ကော်ဖီဖျော်ပေးပါလား မီး”
ရုတ်တရက် အရမ်းကြောင်သွားရသည်။ အရင်လိုပါပဲလားကွယ်။
“အိုကေ”
ကျွန်မက အသာတကြည် ပြန်ပြောတော့ သူက ကြောင်ကြည့်နေပြန်သည်။ မမျှော်လင့်ဘူး မလား ။ မီးဖိုချောင်ထဲ ၀င်ပြီး ကျွန်မကော်ဖီဖျော်တော့ မဇာဇာ အနားကပ်လာသည်။
“မီး မလာလောက်ဘူးလို့ နန္ဒကထင်နေတာ”
ကျွန်မ ဘာမှပြန်မပြောဘဲ ပြုံးလို့သာနေလိုက်သည်။ တကယ်တော့ နန္ဒနဲ့ ကျွန်မ နောက်ဆုံး တွေ့တဲ့ နေ့က သူ့အမေမျက်နှာကို သေရင်တောင် လာမကြည့်ဘူးလို့ပြောလိုက်တာ အားလုံးအသိ။ အဲဒီတုန်းက မဇာကလည်း သူ့ယောက္ခမကို ပြောရပါ့မလား ဆိုပြီး စိတ်ဆိုးတာ ကျွန်မသိသည်။ ဘယ်တတ်နိုင်မလဲ၊ သေသွားတဲ့လူနဲ့တော့ မာနမပြိုင်ချင်တော့ပါ။ ကျွန်မသာ အရင်သေခဲ့ရင်တော့ ဒေါ်ကြည်ဖြူအောင် သတင်းတောင် လှမ်းမေးမှာ မဟုတ်တာကိုလည်း ကျွန်မသိသည်။ အေးလေ အခြေအနေကမှ မတူတာ။ ကျွန်မက သူမွေးထားတဲ့ သူ့သားကိုမှ ချစ်မိတာကိုး။
“ကော်ဖီရပြီ”
နန္ဒက ကော်ဖီကိုလှမ်းယူပေမဲ့ ချက်ချင်းမသောက်ဘဲ ကျွန်မကို ကြည့်နေသည်။ မငိုနဲ့နော်။ နန္ဒ မငို ပါနဲ့။ ကျွန်မရှေ့မှာတော့ ကျွန်မမျက်နှာကို သေချာကြည့်ပြီးတော့တော့ ကျေးဇူးပြုပြီး မငိုလိုက်ပါနဲ့။
“မီးပိန်သွားတယ်”
သြော် ဒါတော့သူ သတိထားမိသေးသည်။ သူနဲ့မတွေ့တဲ့(၃)နှစ်အတွင်းမှာ ကျွန်မ ဘယ်လောက် တောင် လွမ်းခဲ့ရသလဲ၊ ပြန်မပြောချင်တော့ပါဘူး နန္ဒရယ်။ နန္ဒလည်း ပိန်သွားလိုက်တာ။ ကျွန်မကိုလွမ်းလို့လား။ သူ့အမေ ဆေးရုံတက်ရကတည်းက ပင်ပန်းလို့လားဆိုပြီး ယှဉ်မတွေးကောင်းပေမဲ့ ကျွန်မတွေးမိသည်။
“ဟယ် မီးမီး မတွေ့တာကြာပြီ။ နေကောင်းရဲ့လား”
နန္ဒတို့ ဘေးအိမ်က ဒေါ်သီတာ ။ မတွေ့တာကြာမှာပေါ့။ ဘာကြောင့်ဆိုတာလည်း သူသိမှာပေါ့။ အရင် ကဆို နန္ဒအိမ်နဲ့သူ့ပတ်ဝန်းကျင်ဆိုတာ ကျွန်မအတွက်အရင်းနှီးဆုံးတွေ ဖြစ်ခဲ့ဖူးသည်လေ။ ရုံးကပြန်လာတိုင်း ညနေဆိုဝင်ပြီး ကိုယ်တိုင်ချက်ပြုတ်စားနေကျ။ တော်တော်လေးမှောင်မှ နန္ဒက အဆောင်ကိုပြန်လိုက်ပို့နေကျ။ စနေတနင်္ဂနွေဆို တစ်ပတ်စာ အ၀တ်တွေ ယူလာပြီး လျှော်နေကျ။ ဒီအိမ် ဒီပတ်ဝန်းကျင်။ အိမ်ရှေ့ခန်းမှာ ဒါမှ မဟုတ် ပန်းခြံထဲမှာ ကြော့ကြော့လေး ထိုင်ပြီး လူတကာကို သြဇာပေးတတ်သော အိမ်ရှင်မ၏ အသက်မှတပါး ငါးနှစ်အတွင်း ဘာမှထွေထွေ ထူးထူး ပြောင်းလဲသွား တာမရှိ။
သူကြိုက်တတ်သော ကျွန်မလက်ရာ ကော်ဖီတစ်ခွက် ဖျော်ပေးလိုက်ရင်ပဲ အကျေနပ်ကြီး ကျေနပ်နေ တတ်သော နန္ဒကို ဒေါ်ကြည်ဖြူအောင် ကြည့်မရဖြစ်လာတာ ကျွန်မနဲ့ ပွင့်ပွင့်လင်းလင်း ချစ်သူ ဖြစ်ကြ တည်းကပါ။ ကျွန်မက အိမ်ရှေ့ခန်းမှာ သူ့ကွန်ပြူတာနဲ့ အလုပ်ရှုပ်နေချိန်မှာ နန္ဒက ကျွန်မ ကြိုက်တာလေးတွေ ချက်ပြုတ်ပေးတာကို မျက်စိစပါးမွှေးစူးတတ် လာသည်။ ကျွန်မက လုံချည်တွေကို လက်နဲ့ လျှော်နေတုန်း မြန်မြန်ပြီးအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ကျီတွေကို နန္ဒက စက်နဲ့လျှော်ပေးချိန်မှာတော့ အထေ့အငေါ့ လေးတွေပါ ထွက်လာတတ်သည်။
“အေးဟဲ့ လုပ်လုပ် ကိုယ့်အ၀တ်တောင်ကိုယ်မလျှော်တဲ့ကောင်”
တကယ်တော့ ကျွန်မကလည်း နန္ဒကို တားခဲ့ပါသည်။ ဒါပေမဲ့ သူကကျွန်မနဲ့ အေးအေးဆေးဆေး အချိန်ပိုရချင်လာတာ။ ချစ်သူရယ်လို့ ဖြစ်လာကြပြီမလား။ ကျွန်မက အဆောင်မှာ ရေချိုးခန်းကျဉ်းလို့ လျှော်ဖို့အဆင်မပြေတာရော၊ ရေမကောင်းတာရော၊ စာရေးချိန်ကလည်း ညဖက်မှရတာကြောင့်ရော ရုံးက ပြန်လာလို့ နန္ဒတို့အိမ်မှာ ညစာစားပြီးပြန်ရင် စာပဲကြိုးစားရေးတာလေ။ သူတို့အိမ်က ဒေါ်ထွေးတို့ကို ကျတော့လည်း ဘယ်လိုလုပ် အ၀တ်လျှော်ခိုင်းမလဲ။ ဘယ်လောက်ရင်းနှီးနှီး အိမ်သားမှမဟုတ်တာ။
နန္ဒကတော့ ကျွန်မကိုစာရေးဖို့ အမြဲအားပေးသည်။ ကျွန်မသာ စာရေးနေမယ်ဆို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆိုပြီး ခါတိုင်းလိုတောင် အနားမှာကပ်ပြီး တနမ်းတည်းနမ်းမနေ။ တတ်နိုင်သမျှ ကျွန်မနဲ့ ခပ်လှမ်းလှမ်းမှာ ငြိမ်ငြိမ်လေး နေပေးရှာသည်။
ကျွန်မက ကျွန်မ၀တ္တုတွေကို မဂ္ဂဇင်းထဲမှာပါအောင် အသည်းအသန် ကြိုးစားနေချိန်မှာ နန္ဒနဲ့ သူ့အမေက ပြဿနာ အကြီးအကျယ် ဖြစ်နေတာသတိမထားမိခဲ့။ ကျွန်မ သိလိုက်ချိန်မှာတော့ နန္ဒ အိမ်ကဆင်းလာပြီး ကျွန်မတို့နှစ်ယောက် အခန်းလိုက်ငှားရတဲ့အထိ ဖြစ်နေပြီ။ ရုတ်တရက် အခန်းရှာမရလို့ တည်းခိုခန်းမှာ ငါးညလောက် အိပ်လိုက်ရသေးသည်။
ကျွန်မမှာရှိတဲ့ တစ်ခုတည်းသော ရွှေထည်ပစ္စည်းကို ရောင်းပြီးငှားလိုက်ရတဲ့ အခန်းလေးမှာ ကျွန်မတို့နှစ်ယောက် စအိပ်တဲ့ နေ့ဟာ ကျွန်မဘ၀မှာတော့ အပျော်ဆုံးပါပဲ။ တည်းခိုခန်းမှာ အိပ်ရတာ နဲ့လည်းမတူ၊ နန္ဒအခန်းထဲမှာ တစ်ခါတလေ အိပ်တာနဲ့လည်းမတူ။ အိမ်ထောင်ကျသွားသလိုမျိုး ခံစားခဲ့ရသည်။ မိုးလင်းလို့ နန္ဒကရုံးကိုလိုက်ပို့တော့ အားလုံးက ၀ိုင်းစကြသည်။ အဖွားကြီးဖြစ်သွားပြီတဲ့။
တစ်လခွဲလောက် ပျော်ပျော်နေကြပြီးတော့ နန္ဒအဖေနဲ့ ကိုသူရကလိုက်လာသည်။ ပထမဆုံး တွေ့တွေ့ချင်း မေးတာက “အဆင်ပြေကြရဲ့လား” မဟုတ်ဘူး။ “မင်းတို့ တရားဝင် လက်ထက်ပြီးကြပြီလား ” တဲ့။ တကယ်ဆို နန္ဒကလည်း အလုပ်မရှိ ၊ ကျွန်မလခကလည်း ဘယ်လောက်မှမများတော့ အဆင်ပြေကြရဲ့လားလို့ မေးသင့်တယ် မဟုတ်လား။ တရားရုံးမှာ လက်မှတ်ထိုးတာက အရမ်းအရေးကြီးနေလား။
“ကျွန်မတို့လက်မထပ်ဘူး”
နန္ဒကတော့ နှုတ်ဆိတ်နေခဲ့သည်။ သူ့အဖေနဲ့ အစ်ကိုကိုအားနာတဲ့ပုံစံမျိုး။ အဲဒီမှာ သူနဲ့ပတ်သက်တဲ့ ပထမဆုံး ဒေါသ ထွက်ခဲ့ရသည်။ ကျွန်မက နန္ဒချစ်တာတစ်ခုတည်းကိုပဲ လိုချင်ခဲ့တာပါ။ နန္ဒပျော်နေမယ် ထင်လို့ မိန်းကလေး တန်မဲ့ လက်ထပ်ဖို့အကြောင်း တွေးတောင် မတွေးခဲ့တာပါ။
“ရမလားကွ၊ မင်းတို့ လူကြီးတွေကို ဘယ်လိုထင်နေလဲ၊ လက်ထပ်ပြီးတော့ လာကန်တော့တာ လောက်တော့ လုပ်သင့်တာပေါ့”
“ကျွန်တော် လက်ထပ်ဖို့ စီစဉ်လိုက်ပါ့မယ် ၊အိမ်ကိုလည်းလာခဲ့ပါ့မယ်”
နန္ဒကို ကျွန်မစိတ်ကုန်လိုက်တာ ပြောစရာမရှိ။ အဲဒီညက ကျွန်မတို့နှစ်ယောက် ပထမဆုံး ရန်ဖြစ် ကြသည်။
“မီး လက်မထပ်ဘူးနန္ဒ”
“မရဘူး၊မနက်ဖြန် ရုံးကခွင့်ယူပြီး လက်ထပ်ကြမယ်”
“လက်ထပ်ပြီးတော့ ဘာလုပ်ရမှာလဲ”
“မီးအတွက် ပြောနေတာနော်မီး ”
“မီး အတွက်လို့ပြောရအောင် မီးကအဲဒီစာချုပ်ကိုင်ပြီး ဘာလုပ်ရမှာလဲ ”
“မီးက မိန်းကလေးနော် ”
“မိန်းခလေးက ဘာဖြစ်လဲ ၊ ဘာကိုစောက်ဂရုစိုက်ရမှာလဲ ”
“မရိုင်းနဲ့နော်မီး ၊ နန္ဒစိတ်တိုအောင် မလုပ်နဲ့နော် ”
“ဆောရီးပဲ ၊ ဒါပေမဲ့မီးရိုင်းတယ် ၊ အရမ်းရိုင်းတယ် အဲဒါမသိဘူးလား ”
“မသိဘူး၊ သိစရာလည်းမလိုဘူး ၊ နန္ဒမိန်းမက မရိုင်းရဘူး ”
“မီးကိုအကျပ်မကိုင်နဲ့ မီးတစ်သက်လုံး ကိုယ့်သဘောနဲ့ကိုယ်နေလာတာ နန္ဒလည်း ဘယ်တုန်းကမှ မချုပ်ချယ်ဘဲ အခုမှ လာမပြောနဲ့”
အဲဒီညက ကျွန်မတို့နှစ်ယောက် မနမ်းဘဲ အိပ်ယာဝင်ကြသည်။ ကျွန်မလိုချင်တာ နန္ဒ။ ကျန်တာဘာ မှမရှိဘူး ဆိုတာ နန္ဒ မသိခဲ့ပါ။ သူကျွန်မနားမှာရှိနေရင်ပဲ ကျွန်မအတွက် အားလုံးပြည့်စုံတာ နန္ဒနား မလည်ခဲ့ပါ။ ကျွန်မတို့ကတော့ လက်မထပ်ဖြစ်ခဲ့ ။ အဲဒီအချိန်ထိ ဒေါ်ကြည်ဖြူအောင် နဲ့ ကျွန်မ ထိပ်တိုက် မတွေ့သေးပါ။
မှတ်မှတ်ရရ ကျွန်မတို့နှစ်ယောက်အတူတူနေခဲ့တာ အဲဒီနေ့က နှစ်နှစ်နဲ့ဆယ်ရက် ။ ဒီကြားထဲ နန္ဒ သူ့အိမ်သွားတတ်တာ မသိချင်ယောင်ဆောင် ပေးခဲ့ပေမဲ့ ကျွန်မကတော့ လုံးဝလိုက်မသွားခဲ့ပါ။ နန္ဒကစနေနေ့ အလုပ်နားတော့ အိမ်မှာအ၀တ်လျှော် မီးပူတိုက် လုပ်နေတုန်း ဒေါ်ကြည်ဖြူအောင် လိုက်လာခဲ့သည်တဲ့။ ညနေကျွန်မရုံးက ပြန်လာတော့ ဆီးကြိုရန်တွေ့တော့သည်။
“ညည်းကဘာလဲ ဟင် နင်ကတော့ ကြော့ကြော့လေး အလုပ်သွားနေပြီး ငါ့သားတော့ အိမ်အလုပ် တွေ ခိုင်းထားလိုက်တာ ဟင်”
“မီးခိုင်းတာမဟုတ်ဘူး မီးမအားလို့ သူလုပ်ပေးတာ ဒေါ်လေး ”
“သူုလုပ်ပေးရပြီပေါ့ နင်ကစနေနေ့တောင်မှ အိမ်မှာမနေတာ”
“မီးရုံးသွားရတာပါ”
“စနေနေ့ ဘယ်ရုံးကတက်ရတာလဲ၊ ဘယ်သူမှမတက်ဘူး နင်နန္ဒကို အိမ်အလုပ်လုပ်စေချင်လို့ လျှောက်သွား နေတာဖြစ်မှာ ၊ ၃၃ လမ်းထဲမှာ ယောကျာ်းလေးတွေ တရုန်းရုန်းနဲ့သွားထိုင်နေတာဖြစ်မှာပေါ့”
“မီးကို မစော်ကားပါနဲ့ ၊ မီးအခုရုံးက စနေနေ့ပါတက်ရတယ် ဒေါ်လေး ”
“ဘယ်သူက ဘယ်သူ့ကို စော်ကားတာလဲ၊ ညည်းသာ ငါတို့တစ်မိသားစုလုံးကို စော်ကားနေတာ။ ငါ့သားကိုလည်း ဘာမဟုတ်တဲ့ ရုံးမှာ အလုပ်လုပ်ခိုင်းသေးတယ်။ အိမ်မှာလည်းခိုင်းသေးတယ်။ ငါ့တို့သိက္ခာကိုမှ မထောက်”
“အိမ်မှာ အဆင်မပြေလို့ ရရာအလုပ်ဝင်လုပ်ရတာ အဲလိုတော့မပြောပါနဲ့ ၊ ဒေါ်လေးတို့သိက္ခာတွေကလည်း ထမင်းစားလို့မရဘူး။ မီးဘာမှထောက်စရာမလိုဘူး၊ ဂရုလည်းမစိုက်ဘူး”
မခံချင်လို့သာ ပြန်ပြောနေရတာ နှုတ်ဆိတ်နိုင်လွန်းသော နန္ဒကို ကြည့်ပြီး ကျွန်မအရမ်းငိုချင် နေခဲ့သည်။ တကယ်ဆို သူတစ်ခုခု ၀င်မပြောသင့်ဘူးလား ။ ဒေါ်ကြည်ဖြူအောင်က အားရအောင် ပြောဆို ပြီး ပြန်သွားတော့မှ ကျွန်မငိုခဲ့ရသည်။ နန္ဒက ထွေးပွေ့ပြီး မချော့ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်နေလို့ နေမှာပါဆိုပြီးတော့ ဖြေတွေးမပေးနိုင်ခဲ့။ ကျွန်မဘ၀မှာ ၀မ်းအနည်းဆုံး နေ့ရက်တွေက အဲဒီနေ့ကစခဲ့တာ ဖြစ်သည်။
တစ်ပတ်လောက်နေတော့ သူတို့တစ်အိမ်သားလုံးလိုက်လာပြီး နန္ဒကိုပြန်ခေါ်သွား ကြသည်လေ။ ကျွန်မ အိမ်ပေါ်မှာ ကျွန်မအထင် သတိလစ်ချင်ယောင် ဆောင်သော ဒေါ်ကြည်ဖြူအောင်ကို ပွေ့ပြီး နန္ဒ ကျွန်မကို ထားသွားခဲ့သည်လေ။
ကျွန်မ သူတို့ အိမ်ကို နောက်ဆုံးသွားခဲ့သည့်နေ့က (နန္ဒမျက်နှာကို နောက်ဆုံးမြင်ခဲ့ သည့်နေ့) ဆေးရုံမှ ဆင်းခါစ ဒေါ်ကြည်ဖြူအောင် ကျွန်မကို မြင်တာနဲ့ ကိုယ့်ဘာသာကိုယ် သတ်သေပါ့မယ်လုပ်နေလို့ ကျွန်မကို တစ်လှည့်သူ့အမေကို တစ်လှည့် တောင်းပန်ပြီး ငိုသော နန္ဒကို ထားပြီး ကျွန်မပြန်လာခဲ့ရသည်။
နန္ဒရက်စက်တယ်လို့ ကျွန်မ မပြောရက်ပါ။ ကျွန်မရုံးကို ဖုန်းဆက်တဲ့နေ့ကဆို သူ့အသံလေးကို ဘာစကားမှမပြောဘဲ နားထောင်နေရင်းက ဒေါ်ကြည်ဖြူအောင့်အသံ နောက်ကနေ ပေါ်လာတော့ လန့်ဖြတ် ဖုန်းချခဲ့ရသည်။ နောက်ဆို နန္ဒဆီက ဖုန်းကို ကျွန်မမကိုင်တော့။ ဂျပန်ကို မသွားခင်နေ့က ဖုန်းဆက်ပြီး ခဏလေးဖြစ်ဖြစ်တွေ့ဖို့ message ထားခဲ့တာကိုလည်း စိတ်ထဲကနေ မေ့ဖျောက်ပစ်ရသည်။ သူဘယ်တုန်းက ပြန်ရောက်တာလဲ ဆိုတာတောင် ကျွန်မမသိခဲ့ပါ။
အခုတော့ ကျွန်မကို အရှင်လတ်လတ် ငရဲပို့ခဲ့သော ဒေါ်ကြည်ဖြူအောင် မရှိတော့ဘူး ။ ကျွန်မနဲ့နန္ဒ အတူတူ ထိုင်နေတာကို ရန်မတွေ့နိုင်တော့ဘူး ။ သေသွားပြီ။
နန္ဒက ကျွန်မဖျော်ပေးထားသော ကော်ဖီကို သောက်နေသည်။ အားလုံးကိုမေ့ပစ်ပြီး ပုံမှန်ပြန်ဖြစ် ချင်တဲ့သဘော။ မသိဘဲ နေမလား နန္ဒရယ်။ ကျွန်မခရီး သွားနေလို့ပြန်ရောက်တိုင်း ပထမဆုံး သူတောင်း တတ်တာ ကော်ဖီခွက်တစ်ခွက်ပဲလေ။ သူ့စိတ်ကို နားလည်လို့လည်း ကျွန်မ အရမ်းမုန်းတီး ခဲ့ရတဲ့ အိမ်မှာ မီးဖိုထဲ ကိုယ်တိုင်ဝင်ပြီး ကော်ဖီဖျော်ပေးခဲ့တာပဲလေ။
“နန္ဒ မနက်ကမှပြန်ရောက်တာမီး”
ကျွန်မ မမျှော်လင့်သော စကားကို နန္ဒကပြောသည်။ ကျွန်မက ပြန်ရောက်တာကြာပြီ မှတ်နေတာ။ ကျွန်မဆီလာ မတွေ့ချင်တော့လို့လိုထင်နေတာ။ ဒါမှမဟုတ် သူ့အမေ ပေးမသွားလို့လို့ ထင်နေတာ ။
“မီး ဆီကို ညနေကျရင် ထွက်လာမလို့၊ မီး ဒီကိုလာပေးတာ ကျေးဇူးပါပဲ”
နန္ဒသည် ကျွန်မမျက်နှာကို မကြည့်ဘဲ ပြောနေသည်။ ကျွန်မဆီကို ဘာလို့လာမှာတဲ့လဲ။ တားမဲ့လူ မရှိတော့လို့လား နန္ဒရယ်။ သတ္တိမရှိဘူးလို့ နန္ဒကို ကျွန်မ ဝေဖန်ချင်ပါ။ အမေတစ်ယောက်လုံးက အသက်နဲ့ ခြိမ်းခြောက်လာတော့ ဘယ်သားက နေနိုင်မှာတဲ့လဲ။ ကျွန်မမုန်းတာ သေသွားတဲ့ မိန်းမကိုပါ။ နန္ဒကို မဟုတ်ပါဘူး။ မုန်းဖို့လည်း မကြိုးစားခဲ့ပါဘူး။ ကြိုးစားလို့လည်း ရမှာ မဟုတ်ပါဘူး ။
“မီး နန္ဒလေ အလုပ်လုပ်လို့ ရတဲ့ ပိုက်ဆံတွေ စုထားတယ်၊ ကိုယ်တို့ တိုက်ခန်းတစ်ခန်း ၀ယ်ပြီး နေလို့ ရအောင်လေ”
ကျွန်မ မငိုမိအောင် ထိန်းလိုက်ရသည်။ အရမ်းလွမ်းတာပဲ နန္ဒရယ်။ ပြောမပြတတ်အောင်ပါပဲ။ ကျွန်မသူ့ကို မကြည့်ရဲ။ နန္ဒကိုမကြည့်ရဲ။ မကြည့်ရက်။
“မီးကို အရမ်းသတိရတာပဲ ၊သတိရတိုင်း အလုပ်ကိုကြိုးစားလုပ်ရတယ်”
ကျွန်မလက်ခုံပေါ် မျက်ရည်တစ်စက် ကျလာသည်။ ပြီးတော့ ကျွန်မ ရင်ခွင်ပေါ် သူ့မျက်နှာ မှောက် ကျလာသည်။ ကျွန်မ ဖက်ထားချင်လိုက်တာ။ သူ့ဆံပင်ရှည်ရှည်ကို ပွတ်သပ်ပြီး ချော့ချင်လိုက်တာ။ လွတ် နေသော လက်တစ်ဖက်ဖြင့် မျက်လုံးကို ပွတ်လိုက်ရသည်။
“မီးပြန်တော့မယ်”
နန္ဒသည် ကျွန်မကို အလန့်တကြား မော့ကြည့်လာသည်။ လှမ်းဖက်လိုက်သော သူ့လက်ကို ဖယ်ပြီး ကျွန်မပြေးထွက်လာခဲ့သည်။
16.09.07 (16:09)

5 comments:
ဟင်း... ဆန့်တငင်ငင်ကြီး..
ခံစားရတယ်.. ဒါပေမယ့် သတ္တိမရှိတဲ့ မပြတ်သားရဲတဲ့ ယောက်ျားတစ်ယောက်အတွက် ဖြစ်သင့်ပါတယ်.. ဒါပေမယ့်လည်း အမေတွေရဲ့ ခံစားချက်ကိုလည်း ကိုယ်ချင်းစာတယ်.. ဟိ.. ဘာပြောရမလဲ မသိတော့ဘူး...း)
သူသိတ်ရက်စက်တယ်။
စာဖတ်သူတွေ ဆက်စပ်တွေးဖို့ ချန်ထားခဲ့တယ်။
ကြိုက်သလို တွေးယူပေါ့နော်..ဘာလို့လဲဆိုတာ...
ကောင်းတယ်။ သူများရေးတာကို ဇိမ်လေးနဲ့ ထိုင်ဖတ်ချင်တဲ့ မယ်ဟန ခုတော့ တွေးစမ်း..တွေးစမ်း...ဟဟ
ပြန်လည်သင့်မြတ်လိုက်ပါ...။
ရေးတုန်းက ဘာရယ်မဟုတ်ရေးလိုက်တာ ခုပြန်စဉ်းစားကြည့်တော့ အမေအားလုံးဟာ ဒီလိုပဲဖြစ်ကြမှာပါ ချွေးမတွေအားလုံးဟာလည်း ဒီလိုပဲ ခံစားရမှာပါ တစ်ခုပဲ ဘာကိုမှ အလွန်အကျွံ မဖြစ်ကြအောင် ဟန်ဆောင်သင့်တာကို ဟန်ဆောင်တတ်ဖို့ လျှော့သင့်တာကို လျှော့ဖို့ ပါပဲ အမေကို လုံးဝမသိတတ်ဘဲ မိန်းမနောက် ပါသွားတဲ့ ယောက်ျားတစ်ယောက်ကိုရော ဘယ်သူက တော်တယ်ပြတ်သားတယ်ပြောမလဲ
Post a Comment