သင်္ကြန်တစ်သင်္ကြန်ကျခါနီးပြီဆို ကျွန်မတို့အိမ်မှာ သိပ်လူစည်တယ်။ မိန်းမကြီးငယ်အိမ်ကိုလာကြတယ်လေ။
“မနန်း ကျွန်မဟာလေးဘုရားရေသပ္ပာယ်နေ့ပြီးအောင်လုပ်ပေးပါနော်”
“မနန်း အိမ်ကသမီးက ၁၁ ရက်နေ့မရလို့မဖြစ်လို့တဲ့ တစ်ချက်လောက် လုပ်ပေးလိုက်ပါအုံး အန်တီပိုပေးပါ့မယ်”
“မမနန်းရယ် နောက်ဆုံးနေ့လေးရရင် တော်ပါပြီ မ၀တ်လိုက်ရအောင်တော့မလုပ်ပါနဲ့နော်”
နန်းနန်းသည် ထိုသူများကို ကြားသလိုလို မကြားသလိုလို။ မထီမဲ့မြင် ပုံစံနဲ့။ တမင်လုပ်ထားတာတော့ မဟုတ် သူ့နဂိုပုံစံသည် ထိုအတိုင်းဖြစ်သည်။ ခေါင်းမဖော် ဘာမှလဲပြန်မပြောဘဲ သူ့ဘာသာ ညှပ်စရာရှိတာညှပ် ချုပ်စရာရှိတာချုပ်နေသည်။ သူ့ကြောင့် လူတကာကို အားနာရမျက်နှာပျက်ရပေါင်းလည်း များပြီ။ သူချုပ်တဲ့ အင်္ကျီမှ ၀တ်ချင်တဲ့လူတွေကတော့ သူ့ကိုသည်းညည်းခံပေါင်းပြီး တောင်းတောင်းပန်ပန် လာအပ်ရသည်။
“မနန်း အစ်မအင်္ကျီလေးကိုပြီးအောင်လုပ်ပေးပါအုံး သိပ်ကြာနေပြီ”
“အမအင်္ကျီမချုပ်ချင်ဘူး အစ်မကအပ်ရင်သာ မြန်မြန်လိုချင်တာ ပိုက်ဆံပေးရမယ်ဆို အကြွေးထားတာ”
တဖက်လူက အကြွေးထားတာတော့လည်း ထားတာပေါ့။ ချမ်းချမ်းသာသာထဲက ဆိုတော့ လူကြားထဲ အဲလိုအပြောခံရတာ ဘယ်ခံချင်ပါ့မလဲ။ ဒါပေမဲ့ သူ့ကိုပြန်ပြောလို့မရ။ ရယ်ပြီးပြန်ရုံကလွဲလို့ ပြောစရာစကားရှိပုံမပေါ်။ နန်းနန်းဆိုတာ အဲလိုအပေါ်စီးက စက်ခြုပ်သမားဖြစ်သည်။
“ဒါပြန်ယူသွား မနန်းမချုပ်နိုင်ဘူးအစ်မ”
“အန်ဘာလို့လဲ မနန်းရယ် အလျင်မလိုပါဘူး အေးဆေးချုပ်လို့ရတယ်”
“မဟုတ်ပါဘူး အဲဒီအစမကြိုက်ဘူး မချုပ်ချင်ဘူး”
အစ၀ယ်လာတဲ့ မိန်းမတော့မသိ ကြားရတဲ့လူကတော့တော်တော် စိတ်ပျက်အားနာဖြစ်ရသည်။ သူ့ဆီအပ်ချင်ရင် သူကြိုက်တဲ့ အစရွေးဝယ်ရမလိုဖြစ်နေပြီ။ တကယ်လဲ သူကြိုက်တဲ့ အစတွေလာအပ်လို့က ချက်ချင်းချုပ်ရင် ချုပ်ပစ်တာ။ ကျွန်မကတော့ သူ့ဘာသာ ချုပ်ချင်ချုပ်မချုပ်ချင်နေ ကြိုက်တဲ့အစတွေဆို ညှပ်ပြီး ယမင်းရုပ်လုပ်ပစ်လို့ အဆဲခံရတတ်တယ်။ တခါတလေ သူ့ဘာသာ အင်္ကျီအရင်မချုပ်ဘဲ ကျွန်မအတွက် ယမင်းရုပ်အရင်လုပ်ပေးတတ်တယ်။ စက်ချုပ်သည်ညီမဖြစ်ရတာ သိပ်တော့ သဘောကျစရာကောင်းတယ်။ ညှပ်စတွေလဲ ကြိုက်သလောက် ဆော့။ သင်္ကြန်လိုမျိုးအချိန်တွေဆို အစပုံတွေမှာ တက်အိပ်လို့တောင်ရရဲ့။
“ဗိုက်ဆာတယ်”
“ဆာရင်သွားစားလေ”
လမ်းထိပ်က လဘက်ရည်ဆိုင်သွားဖို့အရေး သူတဖင့်နှေးနှေးဖြစ်နေသည်။
“ဟိုမှာ ငါမကြိုက်တဲ့ အင်္ကျီအရောင်နဲ့ မိန်းမတစ်ယောက်ထိုင်နေတယ် သူပြန်မှသွားမယ်”
မြင်သားပဲ။ ဖက်ဖူးစိမ်းရောင်နဲ့ မိန်းမတစ်ယောက်ထိုင်နေတာ။ အဲလိုအရောင်တွေ အစင်းကျားတွေ ဇီးဘရားကွက်တွေ သူလက်မခံသော စာရင်းထဲပါသည်။ သူလက်မခံသော သို့မဟုတ် သူကြာတတ်သော နောက် အမျိုးအစားတစ်မျိုးကရုပ်ရည် ချို့တဲ့သူတွေ။ ရုပ်ဆိုးဆိုးနဲ့ သူချုပ်ပေးတာ ၀တ်နေမှာ စိတ်ညစ်တယ်တဲ့။ သူသဘောကျတဲ့ ကျော့ကျော့တို့လိုချောချောလေးတွေဆို သူသိပ်ချုပ်ပေးချင်သည်။ ကျော့ကျော့တို့သား အမိကလဲ တစ်ထည်ပြီးတစ်ထည် ချုပ်ပဲချုပ်နိုင်သည်။ သူကလဲ ဘယ်တော့မှ အကြာကြီးမထား။ တခါတလေတော့ အစတွေအပ်တာများလွန်းလို့ မေ့တောင်နေတတ်သည်။
သူများတွေလို အကူလေးဘာလေးထားပါလား လက်ချုပ်လေးဘာလေးဖြစ် စက်နင်းတာဖြစ်ဖြစ်လုပ်လို့ ရအောင်ဆိုတော့လည်း သူလက်မခံ။ သူများကို သင်ပေးနေရမဲ့ ကိစ္စလုံးဝစိတ်မရှည်တတ်။ သူ့တုန်းကလည်း သေချာ စနစ်တကျသင်ရတာမဟုတ်ဘဲ သူများချုပ်တာတွေလိုက်ကြည့် အိမ်မှာက စက်အဆင်သင့်ရှိနေ တော့သူလုပ်ရင်းလုပ်ရင်းနဲ့ ချုပ်တတ်သွားတာ။ တစ်ခါလား ဆွေလိုမျိုးလိုခင်နေတဲ့ အစ်မတစ်ယောက်က အကူညီတောင်းလို့ သင်တန်းသားတစ်ယောက် လက်ခံဖူးတယ် တစ်ပတ်မပြည့် စိတ်မရှည်လို့ မာမာက တောင်းပန်ပြီး ပြန်လွှတ်လိုက်ရသည်။ ပြီးတော့ သူများလုပ်ပေးတာလည်း တစ်စက်မှမကြိုက် သီတင်းကျွတ်လို သင်္ကြန်လိုမျိုး အရမ်း အလုပ်များပြီဆို မာမာက လက်ချုပ်တွေဘာတွေ ကူလုပ်ပေးချင်တယ်။ စိတ်တိုင်းမကျ။ မာမာလုပ်တာ မလှဘူးဘာဘူးနဲ့ပြော။ ကျွန်မလဲ တခါတလေ ကူလုပ်ပေးပါတယ်။ ကျွန်မကိုလည်း စိတ်တိုင်းမကျ။
ဒီတော့ သင်္ကြန်ဆို ညမအိပ်အားအောင် သူအလုပ်ရှုပ်ရသည်။ ပြီးတော့ ဘယ်လောက်ပဲ ရယ်ဒီမိတ်တွေ ခေတ်စားပါစေ သင်္ကြန်ကျရင်တော့ ၀မ်းဆက်လေးဝတ်လိုက်ရမှ နေပျော်ကြတာမလား။ မဏ္ဍပ်တွေကလည်း ၀မ်းဆက်ပဲဝတ်ကြတယ်လေ ရိုးရာ အကဘာညာ အကုန်လုံးကည်း ၀မ်းဆက်လေးလိုတာကိုး။ ဒီတော့ နန်းနန်းဆီမှာ ဝဋ်ကြွေးပါလာကြသလို တပူပူနဲ့ လာအသနားခံကြသည်။ သင်္ကြန်ကျမှ များနေပြီဆိုပြီး ချုပ်နေကျလူတွေကိုတော့ လက်မခံလို့မရ။ တခါတခါမှ လာတတ်သူတွေကိုတော့ သူအပြတ်အသတ်ငြင်းသည်။ တစ်ချို့တွေနဲ့ဆို ရန်တွေဖြစ်လိုဖြစ်။ ဒါကြောင့်မာမာက သင်္ကြန်နားနီးပြီဆို နေ့ခင်း ဘုရားမှာ ဖြစ်ဘုန်းကြီးကျောင်းမှာဖြစ်သွားနေတတ်သည်။ အသံတွေနဲ့စိတ်ညစ်လို့တဲ့။ နောက်ပြီး နန်းနန်းကို စိတ်တိုရတာလဲပါသည်။ တစ်ချို့တွေဆို မာမာနဲ့ တရိုတသေဆက်ဆံတဲ့လူတွေ။ ဒါတွေကိုလည်း သူက အမြင်ကတ်တယ်ဆိုပြီး ပြောချင်ရာပြောလွှတ်ရင် လွှတ်တာ။ ဒီတော့ အိမ်မှာ သားအမိရန်ဖြစ်ရသည်။
ကျွန်မငယ်ငယ်ကတော့ သူချုပ်ပေးတာတွေ ၀တ်ဖူးသည်။ အ၀တ်အစားကို သူတာဝန်ယူတယ် ဆိုပါတော့။ ကြီးလာတော့ သူ့ကိုခိုင်းရတာနဲ့မကာမိလို့ ဘယ်တော့မှ အင်္ကျီကိုချုပ်မ၀တ်တော့။ ပြီးရင် သူကသူချုပ်ချင်သလို ချုပ်ပေးတာ။ ကျွန်မကြိုက်တဲ့ပုံချုပ်ခိုင်းလဲ သူကချုပ်ပေးတာမဟုတ်။ ဒီတော့ကာ ရယ်ဒီမိတ်တွေနဲ့ သင်္ကြန်ချရတာများသည်။
အခုတော့ သူ့ဘ၀ကိုသနားတတ်လာသည်။ သူများတကာ မိန်းမပျိုလေးတွေ သင်္ကြန်မှာ လှတပတလေးဝတ်ပြီး ရေပက်တာတို့ ရေပက်ခံထွက်တာတို့ လုပ်နေတဲ့ အချိန်မှာ သူကချွေးတလုံးလုံး စက်တနင်းနင်းနဲ့။ အိမ်မှာ မာမာတစ်ယောက်တည်း သားသမီးတွေကို ကျွေးမွေးကျောင်းထားပေးနေတယ်ဆိုပေမဲ့ သူကတော့သူ့စရိတ်သူနိုင်အောင် ရှာနိုင်သည်။ သူ့ကျောင်းလခ၊ သူ့အသုံးစရိတ်အပြင် ကျွန်မ ကျူရှင်စရိတ်တို့ဘာတို့ကိုပါ သူတာဝန်ယူသည်။ သူ့ဘာသူ အတွက်သင်္ကြန်မှာ ကျွန်မသတိထားမိသလောက် ဘယ်တုန်းကမှ
အင်္ကျီအသစ်ချုပ်ဝတ်တာ မတွေ့ဖူး။ ပြီးတော့ သူများတွေလို သင်္ကြန်ချတာလဲ မတွေ့ဖူး။ သင်္ကြန်သည် သူ့အတွက် ငွေရှာဖို့သက်သက်သာ။
ခိုင်စိုးလင်း
05-04-2009 (01:10)
Saturday, April 04, 2009
Subscribe to:
Post Comments (Atom)
1 comments:
ဆီဘောက်စ်မှာ ရေးမရလို့ ဒီမှာပဲ လာလောင်းသွားပြီ.... ဗွမ်း..... ဗွမ်း.... ဗလွမ်း... ဖြန်း... ဗလွမ်း... ဗွမ်း.... ဗွမ်း.... ဗွမ်း.... ဗလွမ်း... ဖြန်း... ဗလွမ်း... ဗွမ်း.... ဗွမ်း.... ဗွမ်း.... ဗလွမ်း... ဖြန်း... ဗလွမ်း... ဗွမ်း.... ဗွမ်း.... ဗွမ်း.... ဗလွမ်း...
ံပြီးတော့ မုန့်လုံး ရေပေါ်တွေ လာပို့... ၀၀၀၀၀၀... ၀၀၀၀၀၀ .၀၀၀၀၀၀၀ ၀၀၀၀၀၀၀၀ စစစစစစစ စစစစစစ ဓဓဓဓဓဓဓ ၀၀၀၀၀၀၀၀၀၀ ဓဓဓဓ ဓဓဓဓဓဓဓ
Post a Comment